သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်အစိုးရ ဖွဲ့နိုင်ရေး ကချင်ပါတီတွေ ရည်မှန်း


ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ၊ ကချင် အမျိုးသားရေးဒီမိုကရေစီကွန်ဂရက် (KNCD) နဲ့ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) အမှတ်တံဆိပ် အလံများ။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ၊ ကချင် အမျိုးသားရေးဒီမိုကရေစီကွန်ဂရက် (KNCD) နဲ့ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) အမှတ်တံဆိပ် အလံများ။

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အစိုးရဖွဲ့နိုင်ရေးအတွက် ကချင်နိုင်ငံရေးပါတီတွေက ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင်လည်း သူတို့အနေနဲ့ ယုံကြည်ချက်ရှိကြောင်း ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို နန်လဖိုင်က စုံစမ်းတင်ပြပေးထားပါတယ်။

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကချင်ပြည်နယ်လူထုနဲ့ ကချင်ပြည်နယ်ကို ကိုယ်စားပြုယှဉ်ပြိုင်မယ့် ပါတီကြီးသုံးခုဖြစ်တဲ့ ကချင် အမျိုးသားရေး ဒီမိုကရေစီကွန်ဂရက် (KNCD)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP) နဲ့ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) တွေဟာ ကချင်ပြည်နယ်အတွင်းမှာ အမတ်နေရာရဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ၅၀ ကျော်လောက်မှာ ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုတွေဆောင်ရွက်နေပြီလို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြောပါတယ်။

“ကျနော်တို့က ….ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မိမိ မဲဆန္ဒနယ်မှာ စတင်လှုပ်ရှားနေပါပြီနော၊ ကျနော်တို့က ပါတီက လှုပ်ရှားပေးတာတွေ ရှိပါတယ်ဗျ။ အခုအချိန်ခါမှာတော့ ရွေးကောက်ပွဲအတွက် အားလုံးပဲ လှုပ်ရှားနေကြတယ်။”

နိုင်ငံရေးပါတီကြီး နှစ်ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင်လည်း သူတို့အနေနဲ့ ယုံကြည်ချက် ရှိကြောင်း ပြောပါတယ်။

“ကျနော်က ပါတီစုံအနေနဲ့ရော၊ ဒီမိုကရေစီစနစ်အရလည်း ….ရပြီဆိုတဲ့အခါကျတော့ ယှဉ်ပြိုင်ဘက်တွေကတော့ ရှိကြတာပဲ။ အဲဒီမှာ အထူးသဖြင့်ကတော့ ပါတီကြီး ၂ ရပ်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ NLD ပါတီကတော့ ကျနော်တို့ပါတီအတွက် အဓိက ယှဉ်ပြိုင်ဘက်တွေပါ။ ဘယ်မှာပဲဖြစ်ဖြစ် ကျနော်တို့က ကိုယ့်ရဲ့အလုပ်ကိုလုပ်မယ်လေ။ ပြီးရင် ကိုယ့်ပြည်သူတွေကို ကိုယ်က အတတ်နိုင်ဆုံး ကိုယ့်ရဲ့ပါတီကို ထောက်ခံမှုပေးအောင် ကျနော်တို့ စည်းရုံးလှုပ်ရှားသွားမယ်။ သိပ်ပြီး စိုးရိမ်စိတ်တော့ မရှိပါဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုသော်ငြားလည်းပေါ့- ဒေသခံပြည်သူတွေရဲ့ထောက်ခံအားပေးမှုအရ ဆိုလို့ရှိရင် သိပ်အားမငယ်ရပါဘူး။ အလားအလာ အများကြီးကောင်းတယ်လို့ပဲ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုလည်း ရှိပါတယ်ခင်ဗျ။”

ကချင်အမျိုးသားပါတီလည်းဖြစ် ဒေသခံပါတီလည်းဖြစ်တာကြောင့် သူတို့အနေနဲ့ အနိုင်ရရှိဖို့သေချာတယ်လို့ ကချင်ဒီမိုဂရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌ ဦးဂွမ်ဂရောင် အောင်ခမ်းက အခုလို ပြောပါတယ်။

“ကချင်ပြည်မှာရှိတာ ကျနော်တို့ကချင်အမျိုးသား ပါတီတခုအနေနဲ့ဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့ ကျန်တဲ့လူတွေကို နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့လူတွေက ပြည်မကပါတီတွေ ဖြစ်ပါတယ်။ အဓိကကတော့ ပြည်မပါတီဖြစ်တာကြောင့်မို့လို့ ကျနော့်အနေနဲ့ local ပါတီလည်းဖြစ်တယ်။ အမျိုးသားပါတီလည်းဖြစ်တယ်ဆိုတော့- ဒီဟာတော့ ရင်ဆိုင်ဖို့ အသင့်လည်းဖြစ်တယ်၊ နိုင်လည်းနိုင်မှာပါ။”

အရင်တုန်းက ကချင်ပြည်နယ်အစိုးရဖြစ်ခဲ့တဲ့ သမိုင်းကြောင်းရှိတာနဲ့ NLD ကိုလည်း မဟာမိတ်အနေနဲ့သက်မှတ်လို့ရတာကြောင့် လူထု ထောက်ခံမှုတွေရလာမယ်လို့ယုံကြည်ကြောင်း ကချင်အမျိုးသားရေးဒီမိုကရေစီကွန်ဂရက် (KNCD) ပါတီရဲ့ ဗဟိုအတွင်းရေးမှူး ဦးနော်ဂျာက ပြောပါတယ်။

“အဓိကပြိုင်ဘက်အစစ်ကတော့ ကြံ့ခိုင်ရေးလို့ မှတ်ယူလို့ရတယ်။ NLD ကျတော့ ၁၉၈၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး မြစ်ကြီးနား ပထမဆုံးခရီးစဉ်မှာ ကျနော်တို့ မဟာမိတ်လုပ်ထားခဲ့တဲ့အတွက်ကြောင့် မဟာမိတ်ပါတီရယ်လို့တော့ သတ်မှတ်လို့ရတယ်။ မိတ်ဘက်ပါတီရယ်လို့ပေါ့။ ..ဆိုတော့ ကျနော်တို့ရဲ့ အဓိကပြိုင်ဘက်ပါတီကတော့ ကြံ့ခိုင်ရေးပေါ့။ ကြံ့ခိုင်ရေးပါတီကိုကျတော့ ကျနော်တို့မှာလည်း confidence အပြည့်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က (၁) အချက် ကျနော်တို့ရဲ့မူဝါဒကို လူထုထဲမှာ ချပြတယ်။ (၂) အချက်က ကျနော်တို့ရဲ့သမိုင်းကြောင်း ၁၉၄၉ ခုကတည်းကနေ ယနေ့တိုင် နှစ်ပေါင်း (၆၀) ကျော်ကြာ မယိုင်မလဲ၊ မပြိုမကွဲဘဲ ကျနော်တို့ ထိန်းသိမ်းပြီးတော့ စောင့်ရှောက်လာတဲ့ သမိုင်းကောင်းရှိတဲ့အတွက်ကြောင့် ကျနော်တို့ကို ထောက်ခံတဲ့သူပေါ့။ အဲဒါတော့ ရှိပါတယ်။ နောက်တချက်က ၁၉၅၂-၅၃ မှာရော ကျနော်တို့ကချင် ပြည်နယ်အစိုးရဖြစ်ခဲ့တယ်။ ၁၉၅၇-၅၈ မှာလည်း ကျနော်တို့ နိုင်ပြီးတော့ အစိုးရဖြစ်ခဲ့တဲ့အတွက်ကြောင့် အဲဒီသမိုင်းကြောင်းတွေနဲ့ချပြတဲ့အခါ လူထုက တော်တော်များများ ကျနော်တို့ကို ထောက်ခံမှုတွေ ပေးတယ်ခင်ဗျ။ လူထုက ဘာပဲဖြစ်ဖြစ် ပြည်နယ်ကိုအခြေစိုက်တဲ့ပါတီကို ပိုပြီးတော့ အလေးပေးရမယ်၊ ပိုပြီးတော့ ကျနော်တို့ကို ပိုထောက်ခံမှုပေးရမယ်ဆိုတာကို နားလည် သုံးသပ်လာတယ်ခင်ဗျ။”

ကချင်ပါတီတွေရဲ့ အဓိကရည်ရွယ်ချက်နဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကိုတည်ထောင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ နောက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ၊ ကချင်ပြည်နယ်မှာ အဓိက ပြဿနာတခုဖြစ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်ကို တိုက်ဖျက်ဖို့ အတွက် အဓိကရည်ရွယ်တာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG