သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်မူးယစ် တိုက်ဖျက်ရေးနေ့ လူထောင်ချီ ဆင်နွှဲ


ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲ မနောကွင်း၌ ကျင်းပ (Photo- MOI)
ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲ မနောကွင်း၌ ကျင်းပ (Photo- MOI)

ကချင်ပြည်နယ်အတွင်းမှာ လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက် အကောင်အထည်ဖော်ပြီး ၂နှစ်အကြာမှာ မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းဝယ်သူတွေ သိသိသာသာလျော့ကျလာသလို ဧက ထောင်နဲ့ချီတဲ့ ဘိန်းခင်းတွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသဆိုင်ရာမူးယစ်ဆေးတိုက်ချက်ရေးအဖွဲ့ခေါင်းဆောင်တွေက ဒီကနေ့ ကျနေရာက်တဲ့ ကချင်မူးယစ်ဆေးဝါးဆန့်ကျင်နေ့ မှာ ပြောဆိုလိုက်ပါတယ်။ စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တဲ့ ကာလအတွင်းမှာ အခက်အခဲတွေရှိခဲ့ပေမဲ့ အစိုးရသစ်လက်ထက်မှာ အာဏာပိုင်တွေ ဖက်က ပိုမိုပူးပေါင်းလာမယ်လို့လည်း မျှော်လင့်နေကြပါတယ်။

ဒီနေ့ကျရောက်တဲ့ ကချင်မူးယစ်ဆေးဝါးဆန့်ကျင်နေ့အခမ်းအနားကို ကချင်ပြည်နယ်က မြစ်ကြီးနား၊ တနိုင်းနဲ့ ရှမ်းပြည်နယ်ကွတ်ခိုင်၊လားရှိုးမြို့ စတဲ့မြို့တွေမှာ ကျင်းပခဲ့ပြီး မြစ်ကြီးနားမြို့မှာတော့ လူအင်အား ၅ ထောင်နီးပါးလောက်ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

မြစ်ကြီးနားမြို့အခမ်းအနားကို မနောကွင်းမှာ မနက် ၈ နာရီကနေ ၁၀ နာရီအထိ ကျင်းပခဲ့ပြီး မှုးယစ်တိုက်ဖျက်ရေးစီမံချက် ၂နှစ်တာ ကာလအတွင်း အောင်မြင်မှု၊ ကျရှုံးမှုနဲ့ အနာဂတ်မှာ ဆက်လက် ဆောင်ရွက်မယ့် နည်းလမ်းတွေကို တင်ပြဆွေးနွေးခဲ့ကြသလို ခရစ်ယာန်သမ္မာကျမ်းစာပါ ဆုံးမသြဝါဒတွေကိုလည်း မျှေ၀ ဟောပြောခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ရဲ့ ဝိုင်းမော်မြို့နယ် တာဝန်ခံ ဦးလွန်းခေါင်က ၂ နှစ်အတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အခုလို ပြောပါတယ်။

“ဒီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ရွာတိုင်းအသင်းတော်အတိုင်းမှာ ကျနော်တို့ ခရစ်ယာန် ဘာသာရေးအလိုက် ရွာထဲမှာ အသင်းတော်တွေရှိတယ်ပေါ့။ အသင်းတော်တိုင်းမှာ ကျနော်တို့ လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ ကျနော်တို့ဖွဲ့လာနိုင်တယ်။ ဖွဲ့ပြီးတော့ လှုပ်ရှားမှု သူ့နေရာသူလုပ်သွားတော့ အခုနေရာတိုင်းမှာအရင်တုန်းကလောက် မူးယစ်ဆေးဝါးပြဿနာ ပေါ့ ရွာထဲမှာ ဘိန်းစားတွေ၊ ဘိန်းဝယ်၊ ဘိန်းရှုနေတဲ့ဟာ ဘိန်းထိုးနေတဲ့ဟာ ကျနော်တို့လမ်းဘေးမှာတွေ့နေရတယ်။ ဒီကြားထဲမှာ ၂ နှစ်လုပ်လိုက်တဲ့အခါမှာ ဘိန်းစားတွေ ပျောက်သွားတယ်။ ပြီးတော့ရွာထဲမှာ ခိုးလုယက်မှုတွေ၊ ပစ္စည်းပျောက်တဲ့ဟာတွေ တော်တော်လေးကျသွားတယ်။ ဒီ ဘိန်းသုံးတဲ့လူတွေ တော်တော်လေးကျနော်တို့ဖမ်းဆီးပြီးတော့ ရှင်းလင်းနိုင်တယ်ပေါ့။”

မူးယစ်ဆေး စွဲသူတွေကို ပထမအဆင့် အသိပညာပေးတာ၊ ဒုတိယအဆင့်ဆေးဖျတ်စခန်းမှာ ကုသပေးတာနဲ့ တတိယအဆင့်အနေနဲ့ ဥပဒေအရ အရေးယူတာတွေ အဆင့်လိုက်ဆောင်ရွက်ပေးနေကြောင်းလည်း ပြောပါ တယ်။

မူုးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ကြုံရတဲ့အခက်အခဲတွေကိုတော့ အခုလို ပြောပါတယ်။

“မအောင်မြင်ခဲ့တဲ့ဟာဆိုရင်တော့ ဥပမာတခုပြောရရင် ဌာနဆိုင်ရာတွေက အားမပေးတဲ့ဟာမျိုးတွေကြောင့်မို့လို့ တခါတလေတော့လုပ်ရကိုင်ရတဲ့ အခါမှာ အခက်အခဲလေးတွေတော့ရှိတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီ ၊ ဖေဖဝါရီမှာ ကျနော်တို့ဘိန်းခင်းစစ်ဆင်ရေး ဒီတနိုင်းဘက်တို့ တခြားနေရာတို့ ကျနော်တို့အေးအေးဆေးဆေးအဆင်ပြေပြေသွားနိုင်ပေမယ့် ကျနော်တို့ ဝိုင်းမော်၊ ဆဒုံး၊ ကန်ပိုက်တီးဘက်မှာတော့ အစိုးရ တပ်သားပါဝင်ပေးမှုမရှိလို့ လူူစုပြီးဘယ်လောက်ကြိုးစားကြိုးစား အောင်မြင်မှုမရှိခဲ့ဘူး။ ဒီလက်ရှိအစိုးရသစ်ကတော့ ဒီမှုးယစ်ဆေးဝါပြဿနာကို ထဲထဲဝင်ဝင်လုပ်လာမယ်လို့ ကျနော်တို့မျှော်လင့်တယ်။”

တနိုင်းမြို့နယ်က မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဥက္ကဌ ဦးနော်တောင်က သူတို့မြို့မှာတော့ လူတထောင် လောက်ပါဝင်ပြီး မြို့အနှံချီတက်ဆန္ဒ ထုတ်ဖော်ခဲ့သလို ပညာပေးဟောပြောပွဲနဲ့ ဆုတောင်းပွဲတွေကို ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

တနိုင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ကာလက ဆောင်ရွက်ခဲ့တဲ့အခြေအနေကို ဦးနော်တောင်က အခုလို ပြောပါတယ်။

“အခုတော့ ကျနော်တို့ပြည်သူလူထုတွေလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းမှာပါဝင်လာတာ ကျနော်တို့ တွေ့ရပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီဘိန်းခင်းကိုလည်း ဒီနှစ် ၂၀၁၆ မှာ ဧက ၁၀၀၀ ကျော် ကျနော်တို့ ခုတ်ရှင်းလင်းနိုင်ခဲ့တယ်။ နောက်ပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့လူတွေကိုလည်း ကျနော်တို့တော်တော်များများ စားသုံးသူဘဝကနေ ကျနော်တို့လူကောင်းဖြစ်အောင်ပြန်လည်ပြုပြင်နိုင်ခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့ဒီဟောပြောခြင်း အသိပညာပေးခြင်းအားဖြင့်လေ နောင်တရပြီးတော့ မိမိဆန္ဒနဲ့ မူးယစ်ဆေးဝါးစားသုံးတဲ့ဟာကို သူတို့ဟာသူတို့ ဆေးဝါးတွေနဲ့ ဖြတ်ယူတာတွေလည်းတွေ့ပါတယ် ကျနော်တို့ ဒီမှာ။”

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နဲ့ကွတ်ခိုင်မြို့ တွေမှာလည်း ကချင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့အခမ်းအနားကို ခရစ်ယာန်အသင်းတော်တွေက ဦးဆောင်ကျင်းပခဲ့ပါတယ်။

လားရှိုးမြို့မှာ ကျင်းပတဲ့ ကချင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ အခမ်းအနားကို လူထုအင်အား ၁၄၀၀လောက် တက်ရောက်ခဲ့ သလို ကွတ်ခိုင်မြို့မှာတော့လူ ၆၀၀နီးပါးပါဝင်တက်ရောက်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဒေါ်ဘောက်ခွန်က ပြောပါတယ်။ ဒီလို အခမ်းအနားကျင်းပတဲ့အတွက် လူထုက ပိုမိုအမြင်ပွင့်လင်းလာသလို အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အစပျိုးလာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်ဘောက်ခွန်က ပြောပါတယ်။

“ကျမတို့ပြည်သူလူထူလည်း ဒီနေ့လိုမျိုး လုပ်လိုက်တဲ့အခါမှာ အမြင်ပွင့်လာမယ်လို့ မျှော်လင့်တယ်။ ပြီးတော့ အစိုးရနဲ့ရော လက်တွဲနိုင်တဖို့ အစပျိုးတဲ့အချိန်လို့ အမတို့ ယုံကြည်ပါတယ်။”

ကချင်ပြည်နယ်မှ မူးယစ်ဆေးဝါး သုံးစွဲတာတွေမြင့်တက်လာခဲ့တာကြောင့် ကချင်အမျိုးသား ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေ ဆွေးနွေးတိုင်ပင်ပြီး ကချင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ ကျင်းပဖို့ကို ၂၀၁၃ခုနှစ် ဇွန်လ ၂၆ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှုဆန့်ကျင်ရေးနေ့မှာ ဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG