တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခက်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းနေပေမဲ့ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာဟာ အကျိုးစီးပွားဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်တယ်လို့ ကချင်ဒေသခံတွေရော တာဝန်ရှိသူတွေပါ ယူဆကြပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီး နန်လဖိုင် က တင်ပြထားပါတယ်။
တနိုင်ငံလုံး အပစ်အခက်ရပ်စဲရေး ဆွေးနွေးပွဲတွေ နေပြည်တော်မှာ ကျင်းပနေချိန်မှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ အောက်ခြေမှာ အခုလိုတိုက်ပွဲတွေ ဖြစ်နေချိန်မှာပဲ အထက်မှာတော့ ဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်နေတာဟာ အစိုးရရဲ့သဘောထားနဲ့ စစ်တပ်ရဲ့သဘောထား ကွာဟချက်ကြောင့် ဖြစ်တယ်လို့ ဦးဒေါင်ခါးက သူ့အမြင်ကို ပြောပါတယ်။
“စစ်တပ်ရဲ့ interest နဲ့ အစိုးရရဲ့ interest က မတူဘူးလို့ ကျနော်တော့ အဲ့လိုမြင်တာပေါ့နော်။ နိုင်ငံတကာရဲ့ မျက်နှာစာရှေ့မှာ ပြည်တွင်းမျက်နှာစာမှာ အစိုးရပိုင်းဆိုင်ရာ လှုပ်ရှားမှုက ငြိမ်းချမ်းရေးလို့ ပြောပေမဲ့လည်း စစ်တပ်ရဲ့ လှုပ်ရှားမှုက ငြိမ်းချမ်းရေးကို လုံးဝဥဿုံ ဖျက်ဆီးနေတဲ့ လမ်းကြောင်းဘက်ကနေ ပြန်သွားနေတယ်လို့ အဲ့လို မြင်ရတာပေါ့။ ဆိုတော့ ပြောမယ်ဆိုလို့ရှိရင် black and white လမ်းကြောင်းနှစ်ခုကနေ သွားနေတယ်လို့ အဲ့လို သုံးသပ်လို့ရပါတယ်။ အခုချိန်မှာ ကျနော်တို့ NCA ဆွေးနွေးနေပေမဲ့လည်း အောက်ခြေ စစ်တပ်ရဲ့လှုပ်ရှားမှုတွေ တအားများနေတော့ အမြဲတမ်းလိုလို ပစ်ခတ်တိုက်ခိုက်မှုတွေက ရှိနေပါတယ်။”
နိုင်ငံတကာမှာလည်း အပစ်အခပ်ရပ်စဲရေးတွေ မလုပ်ခင်မှာ နယ်မြေစည်းသက်မှတ်မှုအတွက် တိုက်ပွဲတွေ ပြင်းထန်လေ့ရှိတယ်လို့ ပဋိပက္ခလေ့လာရေးသမားတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း အခု ကချင်ကိစ္စဟာ စီးပွားရေး အကျိုးအမြတ်နဲ့ နွယ်နိုင်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က မခွန်ဂျာက ပြောပါတယ်။
“တိုက်ခိုက်ပြီးတော့မှ နေရာယူတဲ့ နေရာတွေကို ကြည့်မယ်ဆိုရင် စီးပွားရေးအရသော်လည်းကောင်း၊ သယံဇာတအရသော်လည်းကောင်း ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရသော်လည်းကောင်း တိုက်ရိုက် ပတ်သက်နေတဲ့နေရာတွေ ရှိနေတာကို တွေ့ရပါတယ်ရှင့်။ ဥပမာဆိုရင် ဖားကန့်ဒေသမှာ ကာမိုင်းဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ အဲဒီနေရာဟာ ကျောက်စိမ်း အများဆုံး ရှိတဲ့နေရာ ဖြစ်နေတယ်။ ကျောက်စိမ်းဟာ မြန်မာ့တပ်မတော်အတွက် အမြင့်မားဆုံးဝင်ငွေကို ပေးတဲ့ကဏ္ဍလည်း ဖြစ်နေတာကို ကျမတို့ တွေ့ရတယ်ရှင့်။ အဲတော့ ဒီလိုဖားကန့်နေရာမျိုးကို နယ်မြေစိုးမိုးအောင် ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲခင်မှာ အများဆုံးနေရာယူဖို့ ကြိုးစားတာကို ကျမတို့ တွေ့ရပါတယ်။ နောက်တခုကတော့ စွန်ပရာဘွမ်ဒေသလိုမျိုးပေါ့ အဲဒီနေရာကို ကြည့်လိုက်မယ်ဆိုရင်လည်းပဲ မလိခမြစ်ပေါ်မှာ ရေကာတာဆောက်လုပ်ဖို့ပေါ့ ရေအားလျှပ်စစ်အတွက် ရေကာတာ ဆောက်လုပ်ဖို့ အစီအစဉ်ကို ကျမတို့ မြေပုံထဲမှာ မြင်နေရပါတယ်။ အဲတော့ ဒီနေရာတွေဟာလည်းပဲ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အရေးကြီးတဲ့နေရာ ဖြစ်နေတယ်။ နောက်တခုကတော့ အိန္ဒိယနယ်စပ်ကနေပြီးတော့မှ ပူတာအိုအထိ လမ်းဖောက်မယ်၊ ပူတာအိုကနေလည်းပဲ တရုတ်ထိ လမ်းဖောက်မယ်ဆိုတဲ့ အစီအစဉ် ရှိကြောင်းလည်း သိရပါတယ်။ အဲဒီအစီအစဉ်တွေ ရှိတဲ့အခါမှာ ဒီနေရာတွေကို နယ်မြေစိုးမိုးဖို့အတွက် မြန်မာ့တပ်မတော်က ကြိုတင်ပြီး ကြိုးစားထားတာလို့လည်း ကျမတို့ ခန့်မှန်းလို့ ရပါတယ်ရှင့်။”
ဒါ့အပြင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေကြောင့်မို့လို့ နှစ်ဘက်အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေတယ်လို့ မခွန်ဂျာက ယူဆပါတယ်။
“လွန်ခဲ့တဲ့တပတ်တုန်းက ကြာသပတေး၊ သောကြာ၊ စနေ ၃ ရက် ကျမ မြစ်ကြီးနားဘက်မှာ သင်တန်းလုပ်နေပါတယ်။ အဲဒီနေရာမှာ မိုးညှင်းမြို့နယ်က သင်တန်းသားတွေလည်း ပါဝင်ပါတယ်။ သူတို့တွေ ကျမတို့ သင်တန်းမှာ ရောက်နေတဲ့အချိန် မိုးညှင်းမြို့နယ်ထဲက သူတို့ရဲ့ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတာကိုလည်း သိရပါတယ်ပေါ့။ ထိုနည်းတူစွာ တနင်္လာနေ့တုန်းကလည်း ကျမတို့ ဒီ Novotel ဟိုတယ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်ကြီးများအတွက် ဆုတောင်းပေးတဲ့ အခမ်းအနား လုပ်ပါတယ်။ အဲဒီအချိန်မှာပဲ ဒီ မန်စီမြို့နယ်မှာ KIA ရဲ့ တပ်ရင်းတရင်း ဒီ နေရာတခုကို မြန်မာ့တပ်မတော်ကနေ မော်တာနဲ့လေ ပစ်လိုက်တယ်ဆိုတဲ့ သတင်းက ထွက်နေပါတယ်။ ဒါက တကယ်ပဲ ဆွေးနွေးပွဲအတွက် ပြင်ဆင်နေတဲ့ ခေါင်းဆောင်တွေအပေါ်မှာ အများကြီး စိတ်ဓာတ်ရေးရာအရသော်လည်းကောင်း လက်တွေ့ဘဝရေးရာမှာ သော်လည်းကောင်း အင်မတန်မှ ဆုံးဖြတ်ချက် ချတဲ့အခါမှာ တွေဝေမှုတွေ ဖြစ်ပွားစေတာကို တွေ့ရပါတယ်ရှင့်။”
KIA နဲ့ မြန်မာအစိုးရကြားမှာ ၁၉၉၄ တုန်းက အပစ်အခက်ရပ်စဲရေး သဘောတူညီမှုတွေ ရှိခဲ့ပြီးတော့ နယ်ခြားစောင့်တပ်ခွဲတဲ့ကိစ္စမှာ ပဋိပက္ခတွေဖြစ်ပြီး တင်းမာမှုတွေ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ကချင်ပြည်နယ် စစ်ပွဲဟာ အခုဆိုရင် ၄ နှစ်မြောက် ရှိပါပြီ။ အခုလို နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စာချုပ် ညှိနှိုင်းနေတဲ့ပွဲမှာ ကချင်ဘက်က KIO ဒုဥက္ကဋ္ဌ ဦးအင်ဘန်လ ဦးဆောင်တဲ့ တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်တွေလည်း တက်ရောက်တာ ဖြစ်ပါတယ်။