သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မဲဆွယ်စည်းရုံးမှု ကချင် အထူးဒေသ(၁) ပိတ်ပင်


ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်။ (ဖေဖော်ဝါရီ-၂၀၁၂)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်။ (ဖေဖော်ဝါရီ-၂၀၁၂)

ကချင်ပြည်နယ် ဝိုင်းမော်၊ ချီဗွေနဲ့ ဆော့လော်မြို့နယ်တွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်တွေ မဲဆွယ် စည်းရုံးတာ မပြုလုပ်ဖို့အတွက် ကချင်အထူးဒေသ (၁) ခေါင်းဆောင် ဦးစခုန်တိန်ယိန်းက တားမြစ်ထားပါတယ်။ NLD ပါတီက ကိုယ်စားလှယ်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် ကို တင်ပြထားပြီး ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က မကြာခင် ခေါ်ယူ အသိပေးဖို့ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို တားမြစ်တာကတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ပန်ဝါမြို့ကို သွားရောက်ပြီး မဲဆွယ်စည်းရုံးစဉ်မှာ ကချင်ပြည်နယ် အထူးဒေသ၁ က စာပေးပို့ပြီး တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဒီလို တားမြစ်ခဲ့တဲ့အကြောင်းကို NLD ပါတီ ကိုယ်စားပြုပြီး အဲဒီဒေသက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အရွေးချယ်ခံမယ့် ဦးကျော်ကျော်ဦးက အခုလို ပြောပါတယ်။

"သူက ဘယ်လိုလဲ ဆိုတော့ အာဏာ လွှဲပြောင်းဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သဘောမျိုးတွေဗျာ။ အာဏာ အပ်နှင်းပေးရန် မျှော်လင့်ယုံကြည်ရသည့် ပါတီများ၊ လူပုဂ္ဂိုလ်များ များပြားစွာ လှုပ်ရှားကြသော်လည်း မိမိတို့ လက်ခံရန် အဆင်သင့် မရှိသေးသဖြင့် စည်းရုံးလှုပ်ရှားမှုများကို တားမြစ်ပါသည်။ ဒီနယ်မြေဒေသသည် အစိုးရ အပြောင်းအလဲပြုလုပ်ရေး ရည်ရွယ် လုပ်ဆောင်နေခြင်း မရှိသေးသည့် ဒေသ ဖြစ်သဖြင့် နောက်ဆုတ်သွားပါရန် အကြောင်းကြားပါသည်။ -စခုန်တိန်ယိန်း-ကချင်ပြည်နယ် အထူးဒေသ(၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ်။

တခြားပါတီတွေ မပါဘူးဗျ။ ကျန်တဲ့ ပြည်ခိုင်ဖြိုးတို့ ကျန်တဲ့ပါတီတွေ ဝင်လို့ရတယ်။ NLD ကိုပဲ လက်မခံတာဗျ။"

သတ်မှတ်ထားတဲ့ဒေသတွေက ဝိုင်းမော်မြို့နယ်က ဆဒုံး၊ ကန်ပိုက်တီး၊ ပန်ဝါ၊ မာန်နောင် ခဝါနဲ့ ရှငေါ်ချောင်းရိုးဒေသက ကျေးရွာတွေ၊ ချီဖွေမြို့နယ် အတွင်းက ကျေးရွာတွေ နဲ့ ဆော့လော်မြို့နယ်အတွင်းက ကျေးရွာတွေပါဝင်ပါတယ်။

ပန်ဝါမြို့ျမှာ NLD ပါတီရဲ့ စည်းရုံးရေး ပိုစတာတွေကို ဖျက်ဆီးတာရှိသလို စည်းရုံးရေး သွားတဲ့ သူတွေကိုလည်း ခြိမ်းခြောက်တာတွေလည်း ရှိခဲ့တယ်လို့ ဦးကျော်ကျော်ဦး က ပြောပါတယ်။

"စက်တင်ဘာလ ၂၂ရက်ေျန့ ည ၈နာရီမှာ သူတို့ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို လာတွေ့တာဗျ။ အဲ့ဒီ့မှာ ကျနော်က ပန်ဝါမှာ ရောက်နေတာဗျ။ နောက်ပြီးတော့ သူတို့က ကျနော်တို့ ထောင်ထားတဲ့ ဗီနိုင်းတွေ ဘာတွေ ဖျက်ဆီးတာတွေ ဘာတွေ လုပ်တယ်။ အဲ့တာတွေ လုပ်လာတယ်။ ဒေသတွေပေါ့။ နောက်ပြီးတော့ အဲ့ဒီ့နေ့ညမှာပဲ ကျနော်တို့ကို သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်တဲ့ပုံစံမျိုး လက်နက်အဖွဲ့တွေ ကျနော်တို့နားကနေ ဖြတ်သွားဖြတ်လာလုပ်၊ ဗွီဒီယိုရိုက် ဓာတ်ပုံရိုက် အဲ့လိုမျိုးတွေ သူတို့ လုပ်နေတာမျိုးတွေရှိတယ်။ "

ဒီလို တားမြစ်တဲ့အတွက် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် (၁၀ )ဦးအတွက် နစ်နာမှုရှိနေပြီး တားမြစ်တာကို ရွေးကောက်ပွဲကော်မရှင်ဆီကို တင်ပြထားတယ်လို့ ဦးကျော်ကျော်ဦးက ပြောပါတယ်။

ကချင်အထူးဒေသ (၁) ခေါင်းဆောင် ဦးစခုန်တိန်ယိန်းကတော့ ဘာကြောင့် တားမြစ်ရသလဲ ဆိုတာကို အခုလို ရှင်းပြပါတယ်။

"ဒီမှာကျတော့ အရင်တုန်းကဆိုရင်တော့ တစည ပါတီပဲရှိတယ်။ နောက်ပိုင်း မှာဆိုကျတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရှိလာတယ်။ အဲ့ဒီ့တော့ ကျနော်တို့လည်း ငြိမ်းချမ်းရေး ယူတဲ့အခါမှာ အဲ့ဒီ့ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၊ တပ်မတော်အစိုးရ နဲ့ ငြိမ်းချမ်းရေးယူလာတာဖြစ်တဲ့အခါကျတော့ အခုထက်ထိ ကျနော်တို့မှာကျတော့ အဲ့ဒီ့ဟာနဲ့ပတ်သက်ပြီး ဆက်သွယ်ဆက်ဆံနေသေး တာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ကြံ့ခိုင်ရေးပါတီကိုပဲ ထောက်ခံ အားပေးဖို့ဆိုပြီးမှ ဝိုင်းပြီးတော့ ဒေသခံတွေ ဆုံးဖြတ်ထားတာရှိတယ်လေ။ ဆိုတော့ကာ ကျန်တဲ့ပါတီတွေ ပါတီတွေ ဆိုတာကလည်း ဒီလောက် စိတ်မဝင်စားကြပါဘူး။ "

ဦးစခုန်တိန်ယိန်းဟာ အရင်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး NDA-K ခေါ် ကချင် ဒီမိုကရေစီသစ်တပ်မတော်ကို တည်ထောင်ပြီး အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့သူဖြစ်ပါတယ်။ ၂၀၀၉ နိုဝင်ဘာလမှာတော့NDA-Kအဖွဲ့ဟာ အမှတ်(၁၀၀၁)၊ ၁၀၀၂ နဲ့ ၁၀၀၃ဆိုပြီး နယ်ခြားစောင့်တပ် ရင်း ၃ရင်း ပြောင်းလဲ ဖွဲ့စည်းခဲ့သလို ဦးစခုန်တိန်ယိန်းဟာလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်၄က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးခြယ်ခံခဲ့ရပါတယ်။

အခုလို တားမြစ်ရတဲ့ အခြားအချက်ကတော့ ဒီဒေသမှာ ရွေးခြယ်ခံမယ့် လွှတ်တော် ကိုယ်စားလှယ်တချို့ဟာ ငြိမ်းချမ်းရေးယူစဉ်ကာလက ပြသနာဖြစ် ထားတဲ့သူတို့ ပါဝင် လာတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူ အသိပေး ဆောင်ရွက်ဖို့ ရှိနေကြောင်း ပြောပါတယ်။

"အခုက ကျနော်တို့ကတော့ လာမယ့် ၂၉ရက်နေ့ကို ခေါ်ယူပြီးတော့ ညှိနှိုင်းဖို့ ရှိပါတယ်။ ဒါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ညွှန်ကြား ထားပါတယ်။ ခေါ်ယူညှိနှိုင်းပေးပါဆိုပြီး။ ညှိနှိုင်းတာ မဟုတ်ဘူး။ ခေါ်ယူ အသိပေးပါဆိုပြီး။ ကျနော်တို့ကတော့ code of conduct နဲ့ ၂/၂၀၁၄ ညွှန်ကြားချက် ၊ စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်ကိုပဲ အသိပေးဖို့ရှိပါတယ်။ အဲ့တာကို ခေါ်ပြီး အသိပေးမယ့် သဘောရှိပါတယ်။ ကျနော် ဦးစခုန်တိန်ယိန်းကို ခေါ်ထားပါတယ်။"

NLD ပါတီကိုယ်စားလှယ် ဦးကျော်ကျော်ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးစခုန်တိန်ယိန်းတို့ဟာ လာမယ့် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမှတ်၅ မဲဆန္ဒနယ်ကနေပြီး အခြား ပါတီတွေက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ဦးနဲ့အတူယှဉ်ပြိုင် အရွေးချယ်ခံကြမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG