သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို ICC တင်ဖို့ ကချင်လူမှုအဖွဲ့များ တောင်းဆို


ကချင်ပြည်နယ်မှာ မြန်မာတပ်ရင်းတရင်း
ကချင်ပြည်နယ်မှာ မြန်မာတပ်ရင်းတရင်း

ကချင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIAတို့အကြားဖြစ်ပွါးနေတဲ့ စစ်ရေးတင်း မာမှုအတွင်း တပ်မတော်ကနေ လူ့အခွင့်အရေးချိုးဖေါက်နေမှုနဲ့ပက်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးတင်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေတဆင့် ကချင်လူမှုအဖွဲ့အစည်း(၃၂)ဖွဲ့ကနေ တိုင်ကြားစာ ပေးပို့ ခဲ့တာပါ။ လက်ရှိကချင်ပြည်နယ်အတွင်း သတ်ဖြတ်ခံရမှု နေရာရွှေ့ပြောင်းခံရမှု ဖမ်းဆီးထိန်းသိမ်းခံရမှုတွေ ရှိနေတယ်လို့လဲ ကချင်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေကပြောပါတယ်။

အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန် ကပြောပြ ပေးမှာပါ။

ကချင်ပြည်နယ်ဒေသအတွင်း မြန်မာ့တပ်မတော်ဘက်ကနေ လူ့အခွင့်အရေးချိုးဖေါက်မှု လုပ်ဆောင်နေတာနဲ့ ပက် သက်လို့ ICCအပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကချင်လူမှု့အဖွဲ့အစည်းတွေ ကနေ တိုင်ကြားစာပေးပို့ထားတယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူဒေါ်ခွန်ဂျာကပြောပါတယ်။

“ကျွန်မတို့ကတော့ ဒီ UN Security Council ကိုစာပို့ထားတဲ့အဆင့်ဘဲရှိပါသေးတယ်ရှင့်။ Actionကတော့ ဘယ် လောက် လာမယ်မပြောတတ်ဘူးရှင့်။ အဓိကကတော့ ကျွန်မတို့လောလောဆယ်ဖြစ်နေတဲ့ Violationsတွေဟာတော့ ကျူးလွန်မှုတွေဟာ International Executions Law အဲဒီမှာပါတဲ့အချက်တွေနဲ့တိုက်ရိုက်တိုက်ဆိုင်နေတယ်ပေါ့။ ဥပမာဆိုလို့ရှိရင် ဒီသတ်ဖြတ်မှုမျိုး ပြီးလို့ရှိရင် ပြောင်းအောင်ထွက်ပြေးအောင်လုပ်တာမျိုး ပြီးလို့ရှိရင် Forced Labour ပြီးရင်Rapeပေါ့။ ဒီဟာတွေဟာကျွန်မတို့လုံလောက်နေပြီး။ စည်းကမ်းဥပဒေအရဆိုရင် ICC မှာတင်ဖို့ အတွက် UN Security Councilမှာတင်ဖို့အတွက် လုံလောက်တဲ့အခြေအနေမျိုးမှာဖြစ်နေပြီးပေါ့။ ဒီ ICC မှာကျွန်မတို့ တင်ပြပြီးတော့မှ ဒီဟာကိုကျူးလွန်ဖို့အတွက် အခွင့်ပေးတဲ့လူကိုအရေးယူပေးပါလို့တောင်းဆိုတာပါရှင့်။”

လက်ရှိကချင်ပြည်နယ်ဒေသအတွင်းမှာ KIAနဲ့တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုအတွင်း တပ်မတော်ဖက် ကနေကချင်လူမျိုးတွေကို ညှင်းပန်းနှိပ်စက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ၊ အတင်းအကျပ်နေရပ် ရွှေ့ ပြောင်းစေမှု ၊ သတ်ဖြတ်ခံရမှု ၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေး အစီအစဉ်တွေ ငြင်းပယ်ခံ ရမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဧပြီလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ကချင်လူမှုအဖွဲ့အစည်း ၃၂ ဖွဲ့ စုပေါင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီကို စာရေးသားပေးပို့ထားတာပါ။

လက်ရှိကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုခံနေရတဲ့နောက်ဆုံးအခြေအနေကိုတော့ ဒေါ်ခွန်ဂျာက အခုလို ဆက်ပြောပါတယ်။

“ဧပြီလ(၁၁)ရက်နေ့မှာဆိုလို့ရှိရင် အောင်လော့ကျေးရွာမှာအမြောက်ဆံကျတဲ့အတွက် (၂၂)အရွယ် သားဖြစ်သူသေ သွားတယ်။ အဖေဖြစ်တဲ့သူက ဒဏ်ရာရသွားတာပေါ့။ (၁၁)ရက်နေ့မှာဘဲ ဒီလိုင်ဇာနားမှာ ငှက်ပျောစိုက်ခင်းမှာအလုပ် လုပ်နေတဲ့လူတွေကိုလှမ်းပြီးပစ်တဲ့အခါမှာ တယောက်ကတော့ချက်ချင်းဘဲပွဲချင်းပြီးသေသွားတယ်။နောက်တယောက် ကတော့ဒဏ်ရာရတယ်ပေါ့။ ပြီးလို့ရှိရင်လောလောဆယ်အနေနဲ့ပြေးနေရတာ အောင်လော့ဒ်ကျေးရွာတနိုင်းက ဆို လို့ ရှိရင် လူပေါင်း(၁၂၀၀)လောက် တောထဲမှာအခုရှိနေသေးတယ်။ ကားမိုင်းမြို့နယ်က လိုင်နောင်ခူးက ရွာကဆို လို့ရှိရင် တကယ်တော့မလွှတ်ပေးသေးဘူး။ ကြက်ခြေနီလက်ထဲကိုလဲမထည့်ပေးဘဲနဲ့ တပ်မတော်ကပြန်ခေါ် ဆောင် သွားပြီးတော့မှ KIO စစ်တပ်အဟောင်းမှာထည့်ထားပြီး အခုချိန်မှာရိက္ခာပြတ်နေပြီး။ မနေ့ကမှပြန်ပြီးသိရတယ်ပေါ့။ ဒီနေ့တော့လွှတ်တော် အမတ်တွေ သွားဖို့ကြိုးစားနေတယ်။ ဖါးကန့်ကလွှတ်တော်အမတ်ပေါ့။ ဒီတပါတ်အတွင်းမှာ ကျွန်မတို့သေဆုံး သူက ကျွန်မတို့သေဆုံးသူက(၅)ယောက်ရှိနေပြီးပေါ့။ တောထဲမှာက လူ(၁၀၀၀)ကျော်ရှိနေတယ်။ လက်ထဲမှာထိမ်းထားတာကလူ(၅၉)ယောက်ပေါ့။ ရှိနေတယ်။ ပြီးရင်ကန့်မှာ နမ္မတီးမှာရောက်တာက လဲ(၁၀၀၀) ကျော်နေပြီ၊”

ပြီးခဲ့တဲ့ဧပြီလ(၁၁)ရက်နေ့မှာတနိုင်းမြို့နယ် အောင်လော့ကျေးရွာအနီးတိုက်ပွဲကြောင့် ရွာ သား(၁၀၀၀)ကျော် တောတောင်ထဲမှာ ပိတ်မိနေသလိုKIAနဲ့မြန်မာအစိုးရ တပ်တို့ကြား တိုက်ပွဲ ကြောင့် ကားမိုင်းမြို့နယ်ခွဲ အင်းတော်ကြီး (ခေါ်)လိုင်နောင်းခူးကျေး ရွာသား(၅၀)ကျော် ကိုမြန်မာ့ တပ်မတော်ထိန်းသိမ်းထားပါတယ်။

အလားတူမိုးကောင်းမြို့နယ်ကဆုန့်ကျေးရွာ အတွင်းတိုက်ပွဲကြောင့် ရွာသား(၁၂၀၀)ခန့်နမ္မတီး ဘာသာရေး အဖွဲ့ ဆီမှာစစ်ဘေး တိမ်းရှောင်နေရတယ် လို့ကဆုန့်ရွာအုပ်ချုပ်ရေးမှူးက အခုလို ပြောပါတယ်။

“လူဦးရေကနှစ်ခြင်းဘုရားကျောင်းမှာက(၆၀၀)လောက်ရှိပါတယ်။ RCလမ်းခွကက်သလစ်ဘရားကျောင်းမှာတော့ (၃၀၀)ကျော်လောက်ရှိပါတယ်။ မြို့ဘုရားကျောင်းမှာလဲ (၃၀၀)ကျော်လောက်ရှိပါတယ်။ ခုလောလောဆယ်က နိုင်ငံတော်အစိုးရက ကြက်ခြေနီကပေးလာတဲ့အထောက်ပံ့ဟာတွေ အဲတာတွေစားနေကြပါတယ်။ အခုလဲရွာမှာ တိုက်ပွဲတွေဖြစ်နေတုန်းဘဲ။ ဒီမနက်လဲရွာမှာတိုက်ပွဲဖြစ်တယ်။ မနေ့ကလဲရွာမှာတိုက်ပွဲဖြစ်တယ်။ အဲဒီလိုကြား ပါတယ်။”

ကချင်ဒေသအတွင်းတပ်မတော်ကနေ လူ့အခွင့်အရေးချိုးဖေါက်နေမှုနဲ့ပက်သက်လို့ ICC အပြည် ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတင်ဖို့ကိစ္စမှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကနေတဆင့်တင်ပြသွားမှာ ဖြစ်တဲ့အတွက် အခက်ခဲရှိနိုင် ပေမဲ့ လုပ်သင့် လုပ်ထိုက်တာကိုလုပ်ဆောင် တယ်လို့လဲ ကချင်လူမှု အဖွဲ့တွေရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“UN Security Councilမှာ ဆုံးဖြတ်ချက်ကျနိုင်ဖို့ဆိုတာကတော့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့(၅)နိုင်ငံက အားလုံး သဘောတူမှဘဲရမယ်ဆိုတာနားလည်သဘောပေါက်ထားကြပါတယ်။ အဲဒီမှာ တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံပါတယ်ဆိုတာ ကိုသိပါတယ်။ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံက ထွက်ပြီး ကာကွယ်ပေးနေသေးသရွေ့ကတော့ ကျွန်မတို့အနေနဲ့အကျိုး ရှိမှာမဟုတ်ဘူးလို့ယူဆတာပေါ့။ သို့သော်လဲဘဲ ဒါ ကျွန်မတို့ရဲ့ကြိုးစားမှုဖြစ်တယ်။ လုပ်သင့်လုပ်ထိုက်တာက်ု ပြည်သူ တဖွဲ့အနေနဲ့ဒီနိုင်ငံသားတွေအနေနဲ့လုပ်ဆောင်ကြတာဖြစ်ပါတယ်ရှင့်။”

မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းလုံခြုံတဲ့ ဒီမိုကရေစီတိုင်းပြည်အဖြစ် တွေ့မြင်လိုတယ်ဆိုရင် တပ်မတော်ရဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို ဒဏ်ခတ်အရေးယူမှုတွေလုပ်ဖို့လိုအပ်သလို စစ်တပ်ကိုပြစ်ဒဏ်က ကင်းလွတ်နေမှု တွေကိုရပ်တန့်လိုက်မှသာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ခြင်းလျှော့ချနိုင်မှာဖြစ်တယ်လို့လည်း ကချင်လူမှု့ အဖွဲ့ အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေဟာ လာမဲ့အပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတဲ့အချိန်နဲ့တိုက်ဆိုင်ပြီးကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် ကချင်လူမှုအဖွဲ့အစည်းတွေအနေနဲ့ကချင်ပြည်နယ်တနိုင်းဒေသ စစ်ရေး ပဋိပက္ခကြား ပိတ်မိပြည်သူတွေ လုံခြုံမှုရှိတဲ့နေရာကို လွတ်မြောက်နိုင်ဖို့နှင့် လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့မှုတွေကို ရရှိဖို့ အတွက် နိုၤင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို သွားမှာဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၁ခုနှစ်ကစပြီး တပ်မတော်နဲ့ KIOတို့ အကြားတကျော့ပြန်စစ် ပွဲပြန်လည်ဖြစ်ပွါးလာခဲ့ တာဒီကနေ့အထိကြာမြင့်လာပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG