သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲအတွက် စိုးရိမ်မှု


ကချင်ပြည်နယ် တနိုင်းဒေသက တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာမှာ ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်များ
ကချင်ပြည်နယ် တနိုင်းဒေသက တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာမှာ ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်များ

ကချင်ပြည်နယ် တနိုင်းဒေသက တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာမှာ စစ်ကြောင့်ထွက်ပြေးတိမ်းရှောင်နေသူတွေကို နေရပ်ပြန်လာဖို့ မြန်မာစစ်တပ်က အတင်းအဓမ္မ ပြန်ခေါ်တဲ့ လုပ်ရပ်ဟာ လူသားဒိုင်းသဖွယ်အသုံးပြုတာမျိုးဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်မိကြောင်းအမေရိကန်ပြည်ထောင်စု အခြေစိုက် ကချင်မဟာမိတ်အဖွဲ့က ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အခြေအနေတွေကို ဟန့်တားနိုင်ဖို့ နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားတွေ ဘာတွေဆောင်ရွက်နေကြသလဲဆိုတာကိုမအင်ကြင်းနိုင်က တင်ပြမှာပါ။

အောင်လော့ဒ် ရွာက စစ်ဘေးရှောင်တွေ ပြန်လာကြဖို့ တနိုင်းမြို့မှာ မြန်မာစစ်တပ်က လော်စပီကာနဲ့ လှည့်လည်ကြေညာနေစဉ်
အောင်လော့ဒ် ရွာက စစ်ဘေးရှောင်တွေ ပြန်လာကြဖို့ တနိုင်းမြို့မှာ မြန်မာစစ်တပ်က လော်စပီကာနဲ့ လှည့်လည်ကြေညာနေစဉ်

တနိုင်းမြို့နယ် အောင်လော့ဒ်ရွာအနီးမှာ ရှိနေတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မဟာ (၂) စခန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က မြန်မာတပ်မတော်ကနေ အလုံးအရင်းနဲ့ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီးနောက် ဘေးလွတ်ရာဒေသတွေဘက် စစ်ဘေးရှောင်နေတဲ့ အောင်လော့ဒ်ရွာကလူ တွေ ပြန်လာကြဖို့ မြန်မာစစ်တပ်က တနိုင်းမြို့မှာ စနေနေ့က လော်စပီကာနဲ့ အခုလို ကြေညာခဲ့ပါတယ်။

“ယခုအချိန်တွင် အောင်လော့ဒ် ဒေသရှိ KIA အကြမ်းဖက်သောင်းကျန်သူများအား ဖယ်ရှား ရှင်းလင်းပြီး ဖြစ်သဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည့် KIA နှင့် ဆက်စပ် ပတ်သက်မှုမရှိသော အပြစ်မဲ့ ရွာသူရွာသားများအား မိမိတို့ နေအိမ်များသို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးအတွက် တပ်မတော်နှင့် တနိုင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။”

တိုက်ပွဲတွေ ထပ်ပြီးဖြစ်နိုင်သေးတဲ့နေရာတွေမှာ လူတွေပြန်ပြီးနေထိုင်ဖို့ အခုလို မြန်မာစစ်တပ်ရဲ့ ဖိအားပေးမှုဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လူသားဒိုင်းသဖွယ် အသုံးချဖို့ ဖြစ်လာနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Sang က ဗွီအိုအေကို ပြောပါတယ်။

“သမရိုးကျပဲ စဉ်းစားကြည့်လိုက်ရင် တကယ့်ကို သဘောထားကြီးတဲ့ ပုံစံဖြစ်တာပေါ့နော်… စစ်တပ်ကနေပြီးတော့။ ဒါပေမယ့် နောက်တမျိုးကနေ ကြည့်လိုက်တော့ ဒီလိုတိုက်ခိုက်တဲ့နေရာတွေ၊ စစ်ပွဲဖြစ်နိုင်တဲ့ နေရာတွေမှာ ရွာသူရွာသားတွေ အတင်းအဓမ္မခေါ်ထားပြီး မှ အတူတူနေတယ်ဆိုတာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဂျီနီဗာ ကွန်ဗန်ရှင်းအရရော မလုပ်သင့်တဲ့အရာပါ။ လက်နက်မဲ့ပြည်သူတွေကို လူသားဒိုင်းသဖွယ် အသုံးပြုသလိုမျိုး ဖြစ်လာနိုင်တာပါ။”

ဒါကြောင့် အခုလို တိုင်းရင်းသားဒေသတွင်း မြန်မာစစ်တပ်ရဲ့ အင်အားသုံးတိုက်ခိုက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပိုမိုသိရှိအောင် သူတို့ ဆောင်ရွက်နေတဲ့အပြင် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတင်နိုင်ဖို့အထိ ကြိုးပမ်းနေကြောင်း Gum Sang ကဆိုပါတယ်။

“ကုလသမဂ္ဂကိုရော၊ အမေရိကန်အစိုးရကိုရော အချိန်နဲ့ တပြေးညီ ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို တင်ပြနေပါတယ်။ ဌာနေကိုယ်စားလှယ်လည်း အထူးစိုးရိမ်ကြောင်း ကြေညာချက်ထုတ်တာ ကျနော်တို့ တွေ့ရပါတယ်။ တကယ်ဖြစ်ပေါ်နေတဲ့ အကြောင်းအရင်းထဲမှာ စစ်ရာဇဝတ်မှုမြောက်တဲ့ဟာ အများကြီးရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ နိုင်ငံတကာစစ်ခုံရုံးကို တင်သွင်းဖို့ ကျနော်တို့ အစီအစဉ်ရှိပါတယ်။ လုပ်နေဆဲပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတာ နိုင်ငံကိုအုပ်ချုပ်နေတဲ့လူတန်းစားတွေအထိ၊ စစ်တပ်ပါအပါအဝင် တရားဥပဒေစိုးမိုးမှုရှိရမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ စစ်တပ်ကို တရားဥပဒေစိုးမိုးမှု မလုပ်ပေးနိုင်ဘူးဆိုမှတော့ ဒီစစ်တပ်ကို ကျနော်တို့ နိုင်ငံတကာစစ်ခုံရုံးအထိ အရေးယူဖို့ လုပ်သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

ကချင်စစ်ဘေးဒုက္ခသည်များကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေစဉ်
ကချင်စစ်ဘေးဒုက္ခသည်များကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေစဉ်

ဒီအတောအတွင်း နမ္မတီးမြို့နယ် ကဆုန့်ဒေသမှာရှိတဲ့KIA တပ်စခန်းတခုကို သောကြာနေ့က မြန်မာစစ်တပ်က လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်တိုက်ပွဲတွေဖြစ်ခဲ့သလို KIA ဌာနချုပ် လိုင်ဇာဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

အခုလို မြန်မာစစ်တပ်က အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြောင်းအရင်းဟာ တရုတ်နိုင်ငံဘက်မှာ KIA နဲ့ မြန်မာတပ်မတော် နှစ်ဘက်ကိုယ်စားလှယ်တွေ နောက်ဆုံးတွေ့ဆုံချိန် ကချင်တပ်တွေ ဆုပ်ခွာဖို့ မြန်မာတပ်မတော်ဘက်က ပြောခဲ့ပေမယ့် KIA ဘက်ကလည်း သူတို့ရဲ့ တပ်ရင်းတွေနဲ့ ဌာနချုပ်ကို ဖယ်ရှားပေးခဲ့ခြင်းမရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ Gum Sang ကပြောပါတယ်။

ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာတဲ့အခြေအနေကို အထူးပဲ စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို လိုက်နာကြဖို့ ကုလသမဂ္ဂကပြီးခဲ့တဲ့ သောကြာနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

ကချင်တိုက်ပွဲအတွက် စိုးရိမ်မှု
please wait

No media source currently available

0:00 0:03:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG