သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ရှောင်ဒုက္ခသည် ထောင်ကျော်ထပ်ထွက်


ကချင်စစ်ရှောင်ဒုက္ခသည်များ
ကချင်စစ်ရှောင်ဒုက္ခသည်များ

ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကို လူသူနေထိုင်တဲ့ အရပ်တွေနဲ့ ဝေးရာမှာပဲ ပြုလုပ်ကြဖို့လိုတယ်လို့ စစ်ပွဲဒေသ ဒုက္ခသည်အရေး လုပ်ဆောင်နေသူတွေက တိုက်တွန်းလိုက်ပါတယ်။ စစ်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဆိုးရွားတဲ့ရာသီဥတု အခြေအနေကြား အိုးအိမ်စွန့်ခွာ ပြေးနေကြရပြီး၊ ဒီကနေ့ပဲ မိုးကောင်းမြို့နယ်ထဲက ရွာသူရွာသား (၁,၀၀၀)ကျော်ဟာ စစ်ဘေးလွတ်ရာ နမ္မတီးလမ်းခွ နှစ်ခြင်းဘုရားကျောင်းကို ရောက်ရှိနေပါတယ်။ အပြည်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ ဒေသမှာ မြန်မာ့တပ်မတော်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် ကဆုန့်ကျေးရွာနဲ့ အနီးဝန်း ကျင်ကရွာသား(၁၀၀၀)ခန့် ရွာကိုစွန့်ခွါပြီး နမ္မတီးလမ်းခွနှစ်ခြင်းဘုရားကျောင်းကို ဒီကနေ့မှာတိမ်းရှောင်ရောက်ရှိ နေပြီး ဖြစ်ပါတယ်။

စစ်ဘေးရှောင် ကဆုန့်ရွာသားတွေရဲ့အခြေအနေကိုတော့ ကဆုန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂွမ်လက အခုလိုပြောပါတယ်။

“ အခု ဒီနမ္မတီးလမ်းခွ နှစ်ခြင်းဘုရားကျောင်းရောက်နေပြီး။ နမ္မတီးလမ်းခွက အသင်းတော်တွေ လူမှုကူညီရေးအဖွဲ့တွေ ကားနဲ့ လာကြိုတယ်။ အခု ရောက်လာတာ (၁၀၀၀)ဝန်းကျင်လောက် ရောက်နေပြီး ဒီမှာ။ နှစ်ရာ သုံးရာလောက်က သူတို့တောထဲ အရင်ရှောင်ရှားပြီးမှ မြစ်ကြီးနားဘက် ထွက်သွားတယ်လို့ သတင်းတော့ရပါတယ်။ ကဆုန့်ပြည်သူတွေက ရွာမှာတယောက်မှ မရှိတော့ဘူး။ အားလုံးက ခုက နမ္မတီးဘက်ကို ထွက်ပြေးကြတယ်။ အားလုံးခြေကျင်နဲ့ လမ်းလျှောက်နေတာ။ အခုက အဖွါးအိုတွေ ခြေထောက်ပြဲတာတွေ ဘာတွေ။ မျက်မမြင်တာ တော်တော်ဒုက္ခ ရောက်နေတာ။”

နမ္မတီးကိုအလာမှာ လမ်းခုလတ်မှာ တပ်မတော်ကနေ ဟန့်တားတာကို ခံရတယ်လို့ ဦးဂွမ်လက ပြောပါတယ်။

“စစ်ကြောင်းတွေက ဟန့်တားနေတာ။ (၃)နာရီ (၄)နာရီလောက် ကြာသွားတယ်။ စစ်ကြောင်းတွေက တားတာလမ်းမှာ ရွာသားတွေက မနက်စာ မစားဘဲနဲ့ အားလုံး ထမင်းဆာရေငတ်ပြီးမှ နေလဲတော်တော်ပူတယ်၊ တော်တော် ဒုက္ခရောက်ကြတယ်။”

စစ်ဘေးရှောင် ကဆုန့်ရွာသားတွေကို နမ္မတီးလမ်းခွ နှစ်ခြင်းဘုရားကျောင်းမှာ နေရာချထားသလို ခရစ်ယာန်အသင်းတော်က တာဝန်ရှိသူတွေ မြို့နယ် အာဏာပိုင်တွေကနေ လာရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့တယ်လို့လည်း သူကဆိုပါတယ်။ ဧပြီလ(၂၀)ရက်နေ့မှာ မြန်မာ့ တပ်မတော်ကနေ KIA တပ်ရင်း(၁၁)ဘက်ကို လေယာဉ်နဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှု ရှိနေခဲ့တာကြောင့် တပ်ရင်း(၁၁)နဲ့ (၂)မိုင်ခန့်အကွာမှာရှိတဲ့ ကဆုန့်ကျေးရွာသားတွေ ရွာကနေ တိမ်းရှောင်လာခဲ့တာပါ။ လက်ရှိဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကိုတော့ ကဆုန့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂွမ်လက ခုလို ဆက်ပြောပါတယ်။

“တပ်မတော်ဘက်က သူတို့က ရင်း(၁၁)ဘက်ကို ရောက်နေတယ်ဆိုတော့ နော့ … နေ့ရောညရော ဟို မိုင်းတွေ ဗုံးတွေ သေနတ်တွေ ပစ်ပြီးမှ မနေ့က လေယာဉ်ပျံနဲ့လာတိုက်တယ်လေ။ လေယာဉ်ပျံ(၂)စင်းနဲ့။ ညနေပိုင်းအထိ တိုက်ကြတာပေါ့။ ကျွန်တော်တို့ ကဆုန့်ရွာနဲ့ ၂ မိုင်လောက်ပဲ ဝေးတယ်ဆိုတော့ တအားကြောက်တာပေါ့။ အခုက တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ ရွာကိုထိမှာပါ။ ဒါကြောင့် ပြည်သူတွေ မနေရဲတော့ဘူး။”

မနေ့က ညနေပိုင်းအထိ တပ်မတော်ဘက်ကနေ စစ်လေယာဉ်နဲ့ (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဦးဂွမ်လကဆိုပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ တုန်းကလဲ မြန်မာ့တပ်မတော်နဲ့ ဒေသတွင်းအခြေပြုတဲ့ KIO ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲကြောင့် ကဆုန့် ရွာသားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့သလို ရွာသားတထောင်ခန့်ဟာလဲ နမ္မတီးမြို့ထဲကို စစ်ဘေး တိမ်းရှောင်ခဲ့ရပါတယ်။ အခုလို လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒေသခံပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာအတွင်းမှာ ထိုးစစ်ဆင်တာဟာ မသင့်တော်တဲ့ လုပ်ဆောင်မှုတခုလို့ မြင်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဦးဇော်ဂျတ်က ပြောပါတယ်။

“ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် ဖြစ်ပြီဆိုတာနဲ့ အမြဲတမ်း ပြည်သူလူထုတွေ ပိတ်မိတာချည်းဘဲ ဖြစ်နေတယ်။ အင်မတန်မှ ဒုက္ခရောက် ပါတယ်။ ဟိုပြေးဒီပြေး လက်နက်ကြီးကကျ။ မိုးရွာတဲ့ကြားထဲက ပြည်သူလူထုတွေက ဒုက္ခအလီလီကျရောက်တဲ့ အနေအထားမှာ အမြဲတမ်းဘဲ ကြုံနေရတယ်။ အဲဒါကြောင့် ဒီဘက်က ထိုးစစ်ဆင်လာတဲ့အတွက် ပြည်သူလူထုနဲ့ ဝေးတဲ့နေရာမှာဘဲ ထိုးစစ်ဆင်ခြင်း တိုက်ခိုက်ခြင်း လုပ်ရင် ပိုကောင်းပါလိမ့်မယ်။ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ရှိတဲ့ နေရာဘက်ကို ဗရမ်းပတာ လက်နက်ကြီးပစ်တာတို့၊ ဒီလိုမျိုးကျတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ မသင့်တော်တဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ကျနော်တို့ မြင်တယ်။”

ဒီရက်ပိုင်းမှာ KIO အခြေပြုရာဒေသအတွင်း တပ်မတော်ဘက်ကနေ ထိုးစစ်ဆင်တာတွေ ယခင်ကထက် ကျယ်ပြန့်လာတဲ့ အခြေအနေ တွေကြောင့် တိုက်ပွဲ ပြင်းထန်လာမယ့် အခြေအနေရှိတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ ရင်း(၁၁)ဘက်မှာ တိုက်ပွဲတွေ မနေ့က တပ်မတော်ဘက်က လက်နက်ကြီးနဲ့ပစ်တယ်။ နောက်ပြီးတော့ ညနေပိုင်းမှာ လေယာဉ်ပျံနဲ့ ပြန်ပစ်တယ်လို့ ကြားတယ်။ နောက်.. မြေပြင်အနေနဲ့လည်း ခြေလျင်တပ်နဲ့ ပြန်တက်လာတယ်လို့ ကြားတယ်။ တိုက်ပွဲတော့ ဖြစ်နေတုန်း ထင်တယ်။ ဒါပေမဲ့ အသေးစိပ် သတင်းတွေ မရသေးဘူး။ ဖါးကန့်ဘက် တပ်ရင်း(၆) နယ်မြေဘက်မှာလဲ ထိတွေ့ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်လို့ ကြားတယ်။ နောက် တပ်မဟာ(၂) နေရာဘက်မှာလဲ မနေ့က တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ နောက်ပြီးတော့ လိုင်ဇာဌာနချုပ် အနားမှာလည်း လက်နက်ကြီးနဲ့ပစ်တာ ရှိတယ် မနေ့က။ တပ် ဟာ(၃) နယ်မြေ မိုင်ဂျာယန်ဘက်မှာလဲ လက်နက်ကြီးနဲ့ လှမ်းပစ်ကြတယ်။ တပ်မတော် စစ်ကြောင်းတွေက ပိုပိုပြီးမှ တက်လာတယ်။ ဆိုတော့ ကချင်ပြည်နယ်ဘက်မှာ.. တိုက်ပွဲပေါ့ ၊ ပိုပြီးတော့ စိပ်လာမယ်။ ပိုပြီးမှ ပြင်းထန်လာမယ်လို့ ကျနော်တို့ အဲဒီလိုပဲ သုံးသပ်ပါတယ်။”

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက ရွှေမှော် ပယင်းမှော်ဒေသတွေမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA ကနေ ပျောက်ကျားစစ်ဆင်ရေးနဲ့ မိုင်းစစ်ဆင်ရေး ပြုလုပ်မယ်လို့ ထုတ်ပြန်ပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွါးလာနေ ခဲ့ပါတယ်။ ဒီလိုတိုက်ပွဲ ဖြစ်ပွါးနေမှုနဲ့ ပက်သက်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်တာမျိုး မတွေ့ရ သေးပါဘူး။

ဒီလိုဖြစ်ပွါးတဲ့ တိုက်ပွဲကြောင့် တနိုင်းမြို့နယ်ဘက်မှာ တပ်မတော်နဲ့ KIA တို့ရဲ့တိုက်ပွဲတွေအတွင်း အောင်လော့ဒ်ရွာနဲ့ ပတ်ဝန်းကျင် ကျေးရွာသား (၂၀၀၀)ခန့်ဟာ စစ်ဘေးလွတ်ရာ တောတောင်ထဲ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ စစ်ဘေးရှောင်တွေ အနေနဲ့ ဒေသတွင်း တိုက်ပွဲဖြစ်ပွါးနေဆဲ အခြေအနေကြောင့် နေရပ်ရင်းကိုပြန်ဖို့ အခြေအနေ မပေးသေးပါဘူး။

လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သလို တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်အရေအတွက် တသိန်းကျော ်ရှိနေတယ်လို့ ကချင်ဒုက္ခသည် ကော်မီတီတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG