သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်သယံဇာတ ထိန်းသိမ်းရေး လူမှုအဖွဲ့များ ဆွေးနွေး


ကချင်ပြည်နယ်ထွက် ကျောက်စိမ်းတုံးတစ်တုံးကို ဖားကန့် ဒေသခံတစ်ဦးက အရည်အသွေး စစ်ဆေးနေသည်ကို စက်တင်ဘာလ ၁၈ရက်နေ့က တွေကရစဉ်။ ဓါတ်ပုံ- (AP Photo/Esther Htsusan)
ကချင်ပြည်နယ်ထွက် ကျောက်စိမ်းတုံးတစ်တုံးကို ဖားကန့် ဒေသခံတစ်ဦးက အရည်အသွေး စစ်ဆေးနေသည်ကို စက်တင်ဘာလ ၁၈ရက်နေ့က တွေကရစဉ်။ ဓါတ်ပုံ- (AP Photo/Esther Htsusan)

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ ကချင်ပြည်နယ် ဖားကန့်ဒေသတွင်း ကျောက်စိမ်း သယံဇာတတွေကို အလွန်အကျွံ တူးဖော်ထုတ်လုပ်နေတာရဲ့ နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေနဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝ ဆုံးရှုံးနစ်နာနေရတာတွေကို အလေးပေးပြီး အရေးတကြီးဖြေရှင်းပေးဖို့ ဖားကန့် မြို့မိဖြို့ဖတွေနဲ့ ဒေသခံ ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ အစိုးရသစ်ကို လိုအပ်တဲ့ ဒေသတွင်းက အချက်အလက်တွေနဲ့ ကူညီအကြံပေး ဆောင်ရွက်နိုင်ဖို့ကိုလည်း ပြည်နယ်တိုင်း အသီးသီးက အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ဖားကန့်မှာ အခုတွေ့ဆုံနေကြပြီး ဝိုင်းဝန်း ဆွေးနွေး အဖြေရှာနေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

ကမ္ဘာ့ အရည်အသွေးအဆင့်မီ ကျောက်မျက်ရတနာဖြစ်တဲ့ ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက အရပ်ဖက် လူမှုအဖွဲ့တွေ၊ ကချင်ပြည်နယ်တွင်းက အရပ်ဖက်အဖွဲ့အစည်း၊ ရပ်မိရပ်ဖတွေ နဲ့ ဒေသခံပြည်သူတွေ စုဝေးပြီး ဖားကန့် ဒေသတွင်း ကျောက်စိမ်းသယံဇာတ တူးဖော်ထုတ်လုပ်မှု ဆိုင်ရာ မူဝါဒ အထောက်အကူပြုဆွေးနွေးပွဲကို ဖားကန့်နှစ်ခြင်းအသင်းတော် မရှီကထောင် ဘုရားကျောင်းမှာ တွေ့ဆုံဆွေးနွေးနေကြတာပါ။

အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ လာမယ့် အစိုးရသစ်လက်ထက် ကချင်ပြည်နယ် ဖားကန့်ဒေသအရေး အလေးပေး ဆောင်ရွက်ပေးဖို့ ကချင်ပြည်သူတွေက လိုလားကြောင်း ဖားကန့်မြို့မိဖြို့ဖဖြစ်တဲ့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦး La Tawng က အခုလိုပြောပါတယ်။

”ကျွန်တော်တို့ ဒီမှာရှိနေတဲ့ ဒေသခံ လူထုတွေရဲ့ ဘဝကို သိရှိ နားလည်းပြီးတော့ စာနာပြီးတော့၊ ကျွန်တော်တို့အတွက်လည်း ကုမ္ပဏီအတွက်တင် မဟုတ်ပဲနဲ့ ကျွန်တေ်ာတို့ ဒီမှာ ဖြစ်နေတဲ့ လူထုတွေအတွက် ထည့်စဉ်းစားပေးပါ။ ပြီးတော့ ကျွန်တော်တို့ အတွက်လည်း အခွင့်အရေးတွေ ဖန်တီးပေးပါလို့ အဲဒီလို ပြောချင်ပါတယ်။ ကျွန်တော်တို့ ဖားကန့် ဒေသမှာပေါ့လေ စနစ်မကျပဲနဲ့ ထုတ်ယူသုံးစွဲသွားတဲ့ ဒီ ကျောက်မျက်ရတနာ ထုတ်ယူ သုံးစွဲမှုရဲ့ နောက်ဆက်တွဲ ပြဿနာကို အခု လာမယ့် အစိုးရသစ်မှာ ဘယ်လို ဖြေရှင်းနိုင်ဖို့ နည်းလမ်းသစ်ကို ဘယ်လို အထောက်အကူ ပေးနိုင်မလဲဆိုတာကို ဝိုင်းပြီး ဆွေးနွေးတာပါ။ ”

ကချင်ပြည်နယ်တွင်းက ကျောက်စိမ်းသယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ အရေးကိစ္စ နောက်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး ကိစ္စတွေဟာ NLD ပါတီအစိုးရလက်ထက် အလေးထား ဖြေရှင်းပေးမယ့် အရေးကိစ္စတွေဖြစ်တယ်ဆိုတာကို ဖားကန့်ဒေသက အမျိုးသားလွှတ်တော်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကလည်း ပြောဆိုပါတယ်။

ဖားကန့်ဒေသအရေးနဲ့ ပတ်သက်ပြီး ဒေသတွင်း တွေ့ကြုံနေရတဲ့ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ လွှတ်တော်တွင်း တင်ပြနိုင်အောင် ဆောင်ရွက်နေတဲ့ အကြောင်း သဘာဝ ပတ်ဝန်းကျင်နဲ့ သယံဇာတရေးရာ ကော်မတီဝင်လည်းဖြစ်တဲ့ ဖားကန့် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အခုလိုရှင်းပြပါတယ်။

“တိုင်းရင်းသားတွေ ဇောင်းပေးဖို့ လုပ်ဖို့ အဓိကထားတယ်။ နောက်ပြီးတော့ ပိုပြီးတော့မှ သတိပြုရမှာကတော့ သဘာ၀ ပတ်ဝန်းကျင်ပေါ့ဗျာ။ ဥရုချောင်းဆိုရင် ဖားကန့်မှာ သုံးမရဘူး ဖြစ်သွားပြီ။ မြစ်တွေ၊ ချောင်းတွေ၊ မြောင်းတွေ ဘာမှ သုံးမရဘူး ဖြစ်သွားပြီ။ နောက်ပြီးတော့မှ အဲဒီမှာရှိတဲ့ တောတောင်တွေ အားလုံး ပြောင်သွားပြီ။ တောင်နေရာ ပြိုသွားပြီဆိုတော့ ဒါတွေဟာ ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံက ဒါလောက်ကြီး တူးစရာ မလိုပဲနဲ့ အေးအေးဆေးဆေးလေးနဲ့ လုပ်စားကိုင်စားလို့ ရတယ်။ ဒီဥစ္စာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြောမယ်ဆိုလို့ ရှိရင် သယံဇာတကို သိပ်ပြီးတော့ အလေးမထားဘူးဗျ။ အလေးထားတာက လူအရင်းအမြစ်ပဲလေ။ လူအရင်းအမြစ်တွေ တိုးတက်လာမှ နိုင်ငံတိုးတက်မယ်လေ။ ဆိုတော့ အိမ်တွင်း ပစ္စည်းတွေ ထုတ်ရောင်းစား နေလို့တော့ ရေရှည်မရပ်တည်နိုင်ဘူးလို့ ကျွန်တော် မြင်တယ်လေ။ ကျွန်တော်တို့လည်း ဒေသခံအတွက်တော့ အဆင်ပြေအောင်တော့ ညှိမှာပေါ့ဗျာ။ ဘယ်လို လုပ်မလဲ ဆိုတော့ သူတို့ တင်လာတဲ့ဟာကို ကျွန်တော်တို့က စီစစ်ပြီးတော့ အားလုံးနဲ့တိုင်ပင်ပြီးတော့ သဘာ၀ ပတ်ဝန်းကျင်လည်း မထိအောင်ပေါ့ဗျာ အားလုံးအနေနဲ့ ဘယ်လို လုပ်ကြမယ်ဆိုတာကို သူတို့ဆွဲလာတဲ့ဟာကို ကျွန်တော်တို့က ဒီမှာ လွှတ်တော် မရောက်ခင်မှာ အပြင်မှာ ညှိနှိုင်းဦးမှာပေါ့ဗျာ။ ညှိနှိုင်းပြီးတော့ လွှတ်တော် ဥပဒေ တစ်ရပ်အနေနဲ့ တင်ဖြစ်အောင်တော့ လုပ်ဖို့ ကြိုးစားနေပါတယ်။”

ဖားကန့်ဒေသခံတွေ အနေနဲ့ ဒေသတွင်းက သဘာဝသယံဇာတအကျိုးစီးပွားကို ခံစားခွင့်ရရှိရေး၊ ဒေသခံတွေရဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ လုံခြံမှုမရှိပဲ အန္တရာယ် ဖြစ်ရတဲ့အထိ နစ်နာဆုံးရှုံးခဲ့ရတဲ့ လူနေမှုဘဝတွေ နစ်နာချက်တွေ မြေစာပုံပြိုကျမှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အသက်တွေ၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားပြဿနာတွေ၊ နောက် မြစ်ချောင်းရေအရင်းအမြစ်တွေ ပြောင်းလဲရတဲ့အထိ နစ်နာခဲ့ရတဲ့ သဘာဝသယံဇာတ ထိခိုက်ခဲ့ရတာတွေအတွက် အစိုးရသစ် အနေနဲ့ စနစ်တကျ ဖြေရှင်းဆောင်ရွက်ပေးဖို့ ဒေသခံပြည်သူတွေက လိုလားနေကြတယ် လို့လည်း ဖားကန့်မြို့ခံ ဦးLa Tawng က ပြောပါတယ်။

“ကျွန်တော်တို့ ဖားကန့်ဒေသ ဒေသခံတွေပေါ့ဗျာ။ ဒီတောင်ယာတွေ ဥယျာဉ်တွေ အားလုံး အသိမ်းပိုက်ခံရတယ်ဗျာ။ ဒီအသိမ်းပိုက်ခံရုံတင် မကဘူး ဆိုးကျိုးက ဘာလဲဆိုတော့ အခု ကျွန်တော်တို့ နှစ်ပိုင်းလိုလိုခံစားနေရတယ်ဗျာ။ ကျန်းမာရေးအရ၊ ပညာရေးအရ အစသဖြင့် နစ်နာမှု တွေ အကြိမ်ကြိမ် ခံစားလာရတဲ့အခါကျတော့ ဒါကို ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ၊ ကျွန်တော်တို့ ဒေသခံတွေ ဘာလုပ်စားရတော့မလဲ။ မျှမျှတတ ဖြစ်ဖို့အတွက်ပေါ့လေ အဲဒါဆွေးနွေးခဲ့ပါတယ်။ ”

ပြီးခဲ့တဲ့လ ဇန်နဝါရီလကုန်ပိုင်းက သတ္တုတွင်းဝန်ကြီးဌာနဘက်က သဘာဝသယံဇာတ တူးဖော်ရေးနဲ့ဆိုင်တဲ့ ထုတ်ပြန်ကြေညာချက် ထွက်လာပြီးတဲ့ နောက်ပိုင်း ဖားကန့်ဒေသအပါအဝင် မြန်မာနိုင်ငံတဝှမ်းက သဘာဝသံယံဇာတ တူးဖော်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး လူထုအကျိုးခံစားခွင့် ရစေရေး သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး ဒေသခံတွေရဲ့ လူနေမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံတွေနဲ့အရပ်ဖက် အဖွဲ့စည်းတွေဘက်က စုဝေးဆွေးနွေးမှုတွေ ပြုလုပ်ကြပြီး လက်ရှိအစိုးရကိုရော နောင်တက်လာမယ့် အစိုးရသစ်ကိုရော တောင်းဆိုချက်တွေ၊ အကြံပြုချက်တွေ တင်ပြနိုင်ရေး ဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG