သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ အစိုးရတပ် ဆက်လက်တိုက်ခိုက်


မြန်မာအစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ စစ်အရှိန်လျော့ချဖို့ သဘောတူညီချက် ရရှိထားတဲ့ ကေအိုင်အိုခေါ် ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က တပ်စခန်းတွေကို အစိုးရစစ်တပ်ကနေ တိုက်ခိုက်နေဆဲလို့ ကေအိုင်အိုဘက် က ပြောပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဒေသခံကျေးရွာသားတွေ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့လည်းဆိုပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်တွေ ခံခဲ့ရသလို အခုလိုတွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းနေဆဲကာလမှာ စစ်အရှိန် တိုးမြင့်အောင်လုပ်ဆောင်နေတဲ့အပေါ် စိုးရိမ်စရာအနေအထားရှိနေတယ်လို့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့တွေကလည်း ပြောကြပါတယ်။ ဒီအခြေအနေတွေကို ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ် ချီဖွေနဲ့ လောခေါင်ဇုံနယ်မြေမှာရှိတဲ့ ကေအိုင်အိုခေါ် ကချင်လွတ်လပ်ရေးအဖွဲ့ တပ်စခန်းကို မြန်မာစစ်တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေလို့ တိုက်ပွဲဖြစ်ပွားနေဆဲအခြေအနေမှာ ရှိနေပါတယ်။

ဒီတိုက်ပွဲမှာ ကေအိုင်အိုဘက်က မျှော်ဂျော်စခန်းနှစ်ခုကို လက်လွှတ်လိုက်ရတယ်လို့လည်း သတင်းတွေ ပေါ်ထွက်နေပါတယ်။ ဒီအခြေအနေကို ကေအိုင်အိုရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဂျိမ်း(စ်)လွန်ဒေါင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခုဖြစ်ပျက်နေဆဲပဲ။ သူတို့လူ ၁၀၀ ကျော်နဲ့ ဝိုင်းပြီးတော့မှ၊ သွားပြီးတော့ အတင်းဝင်တိုက်တယ်ဆိုတာ ကြားတယ်လေ၊ မနက်ပိုင်းက။ သူတို့သိမ်းယူပြီ မသိမ်းယူဘူးဆိုတာ အတိအကျသတင်း မရသေးပါဘူး။ သူတို့အလုံးအရင်းနဲ့ လက်နက်ကြီးနဲ့ သူတို့ ဗြုန်းကနဲဗြုန်းကနဲ အဲဒီလိုပေါ့။ သူတို့တိုက်သွားတယ်။ အဲဒီမှာ ကျနော်တို့ ဒီ…သူ့နေရာအလိုက်တော့ တပ်စခန်းရှိပါတယ်။ ဒါပေမဲ့ သူတို့သွားတိုက်တာက ကျနော်တို့ နည်းနည်း အခြေတကျစိုက်ထားတဲ့နေရာတွေ ဖြစ်တယ်။”

ချီဖွေဒေသ၊ လောခေါင်ဇုံနယ်မှာရှိတဲ့ ကေအိုင်အို တပ်စခန်းဖြစ်တဲ့ လောခေါင်စခန်း၊ စုစည်းစခန်း၊ ဘတ်မျှော်စခန်းနဲ့ မျှော်ဂျော်စခန်း ၄ ခုကို အစိုးရစစ်တပ်နဲ့ နယ်ခြားစောင့်တပ်ရင်း ပူးပေါင်းအင်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ အခုလိုဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် လောခေါင် နဲ့ မျှော်ဂျော်ကျေးရွာက ဒေသခံ ၁၀၀ အနေနဲ့ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ် လို့လည်း ကေအိုင်အို နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဂျိမ်း(စ်)လွန်ဒေါင်ကပြောပါတယ်။

“ဒေသခံလူတွေက ထွက်ပြေးတာပေါ့ဗျာ။ တမြန်မနက်က ၁၀၀ ကျော်။ ရွာသူရွာသားတွေကတော့ ကြုံရာကို ထွက်ပြေးသွားတာပေါ့။ အိမ်ကနေ ဘာမှဖြစ်မယ်ဆိုတာ မသိတဲ့ဥစ္စာ ဗြုန်းကနဲထွက်ပြေးရတယ် ဆိုတာတော့ ဒါ ကိုယ်ဝတ်တဲ့ အဝတ်တထည်၊ အဲဒါကလွဲလို့ တခြားဘာမှကောက်နိုင်ဖို့ ယူသွားဖို့ အခြေအနေကလည်း မပေးဘူးပေါ့။”

မြန်မာစစ်တပ်အနေနဲ့ ဖားကန့် ဒေသနဲ့ လိုင်ဇာဌာနချုပ်အနီး လဂျားယန်ဘက်မှာသာ ထိုးစစ်ရပ်ထားပြီး ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အိုတပ်မဟာ (၄)၊ တပ်မဟာ (၁) နဲ့ ပန်ဝါဒေသတလျှောက်မှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲလို့လည်း ဂျိမ်း(စ်)လွန်ဒေါင်က ပြောပါတယ်။
မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီနဲ့ ကေအိုင်အိုတို့အကြား တိုက်ပွဲအရှိန်လျော့ချရေး အတွက် နှစ်ဘက်သဘောတူညီချက် ရရှိထားပေမဲ့လည်း အခုချိန်အထိ တိုက်ပွဲတွေဖြစ်ပွားနေသေးတဲ့အပေါ် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီဝင်တဦးဖြစ်သူ ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။

“တိုက်ပွဲအသေးစိတ်ကိုတော့ ကျနော်မသိပါဘူး။ ဒါပေမဲ့ ဝန်ကြီးဦးအောင်မင်း အနေနဲ့တော့ ကေအိုင်အဖွဲ့အစည်းနဲ့ တိုက်ရိုက် ဆက်သွယ်နေပါတယ်။ သိပ်မကြာခင်မှာ ဆွေးနွေးပွဲတွေ ရှိမယ်လို့ပြောပါတယ်။ နိုင်ငံတကာဖြစ်စဉ်မှာလည်း ဒီလိုမျိုးပစ်ခတ်မှု ဆိုတာကတော့ ကျနော်တို့ အပစ်ခတ်လက်မှတ်ရေးပြီးတဲ့အခါမှာလည်း ရှိနိုင်လောက်တယ်။ ဒါပေမဲ့ ဒါတွေလျော့သထက်လျော့သွားအောင်ပဲ လုပ်ရမှာပဲ။ ကျနော်တို့ကတော့ အဲဒီလိုပဲ နားလည်ပါတယ်။”

ကေအိုင်အိုနဲ့ မြန်မာစစ်တပ်အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ၂ နှစ်နီးပါး ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ဖြစ်စဉ်တွေ လည်း ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေကိုတော့ စစ်တမ်း ကောက်ယူထားတဲ့ ကချင်အမျိုးသမီးအဖွဲ့ (KWAT) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မမွန်းနေလီက အခုလိုပြောပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်မှု ပေါင်းစုံပေါ့နော်။ ပေါ်တာတွေပါတယ်။ ပြီးလို့ရှိရင် အသတ်ခံရတာတွေ ပါတယ်။ ပြီးလို့ရှိရင် ဖမ်းဆီးနှိပ်စက်တာတွေ၊ ပြီးလို့ရှိရင် အဓမ္မပြုကျင့်တာတွေ၊ ပြီးတော့ အဲဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှု ပေါင်းစုံပေါ့နော်။ ကျမတို့ အဲဒီလို ကောက်ခံထားတာရှိပါတယ်။ အကြိမ်ပေါင်းဆိုလို့ရှိရင် အဖြစ်အပျက်က အနည်းဆုံး ၅၀၀ အထက်မှာ ကျမတို့ ကောက်ခံထားတာ ရှိပါတယ်။”

ကေအိုင်အို ခေါ် ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဆွေးနွေးခဲ့ပြီးတော့ ငြိမ်းချမ်းရေးကိုရှေ့ရှုပြီး ဆက်လက်တွေ့ဆုံသွားကြဖို့ သဘောတူညီ ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိကချင်ဒေသအတွင်းမှာ စစ်အခင်းအကျင်း အခြေအနေတွေကြောင့် စိုးရိမ်စရာအနေအထားမှာ ရှိနေတယ်လို့လည်း မမွန်းနေလီက ပြောပါတယ်။

“သူတို့က အကြိမ်ကြိမ်ဆွေးနွေးနေတယ်။ သို့ပေမဲ့ ဘာတွေဆက်လုပ်မယ်ဆိုတဲ့ ဘာတခုမှ အခုချိန်အထိ ကျမတို့အတွက် မျှော်လင့်ချက် ဘာမှမရှိသေးဘူး။ တဘက်မှာဆွေးနွေးမယ်လို့ ပြောပြီးတော့ တဘက်မှာဆိုလို့ရှိရင် စစ်အရှိန်အဝါ ပိုပြီးတော့မြင့်လာနိုင်တဲ့ အခြေအနေတွေကို ဖန်တီးနေတယ်။ ပြီးတော့ ရပ်နားတာမဟုတ်ဘဲနဲ့ တစုံတရာဒီလိုမျိုး စစ်အခင်းအကျင်းတွေကို ဖန်တီးနေတယ် ဆိုတဲ့ကိစ္စက ကျမတို့တော်တော်လေး စိုးရိမ်တယ်ပေါ့နော်။”

ကေအိုင်အိုနဲ့ မြန်မာအစိုးရတို့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်ဆဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ပြီးတော့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
၂၀၁၃ ခုနှစ ်ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကချင်ဒေသတိုက်ပွဲ ရပ်စဲရေးနဲ့ပက်သက်ပြီး မြန်မာအစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပေမဲ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။

ကေအိုင်အို ခေါ် ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီတို့ ဒီနှစ်ဆန်းပိုင်းက တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ စစ်အရှိန်လျော့ချဖို့ သဘောတူညီမှု ရရှိခဲ့ပေမဲ့လည်း ဖားကန့်နဲ့ လိုင်ဇာဝန်းကျင်ဒေသကလွဲလို့ ကျန်တဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အခုလိုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးဖို့ နှောင့်နှေးစေတယ်လို့လည်း ကေအိုင်အိုဘက်က ပြောပါတယ်။
XS
SM
MD
LG