သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား-ပူတာအိုလမ်း ပြန်ဖွင့်၊ ကုန်ဈေးနှုန်းပြန်ကျ


မြစ်ကြီးနား ကားလမ်းတခု
မြစ်ကြီးနား ကားလမ်းတခု

ကချင်ပြည်နယ် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်းမှာ ကုန်တင်ယာဉ်တန်းတွေ စတင် သွားလာနိုင်ပြီ ဖြစ်တာကြောင့် ပူတာအိုမြို့မှာ အဓိက ရှားပါးနေတဲ့ စက်သုံးဆီဈေးနှုန်းတွေ ပြန်လည် ကျဆင်းလာပြီ ဖြစ်ပါတယ်။ လောလောဆည် ယာဉ်တန်းတွေ သွားလာနေပေမဲ့ ဆိုင်ကယ်တွေကိုတော့ လုံခြုံရေး အခြေအနေ အရ ကန့်သတ်ထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

ဇန်နဝါရီလကုန်ပိုင်းက လမ်းတံတားတွေ ဖျက်ဆီးခံရတာကြောင့် အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့ မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်းကို မတ်လ ၅ရက်နေ့မှာ ပြန်လည် ပြုပြင်နိုင်ခဲ့တဲ့နောက် ၁၀ရက်နေ့မှာ မြစ်ကြီးနားကနေ ပူတာအိုကို ကုန်တင်ယာဉ်တွေ စတင် သွားရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို ကုန်စည်တွေ တင်ပို့နိုင်တဲ့နောက် ပူတာအိုမြို့မှာ စက်သုံးဆီဈေးနှုန်းတွေ ပြန်လည် ကျဆင်းလာပြီလို့ ပူတာအို မြို့ခံတဦးက ပြောပါတယ်။

“၁၀ရက်နေ့ ရောက်တယ်။ ကုန်ဈေးနှုန်းက ဓါတ်ဆီဈေးနှုန်းနည်းနည်းပြောင်းသွားတယ်။ ဓါတ်ဆီက အခုက ၇ထောင်။ ၈ထောင်လောက်ဖြစ်သွားတယ်။ တစ်ဂါလံကို။ အရင်ဈေးတအားတက်တဲ့အချိန်ကျတော့ တစ်ဂါလံကို ၄သောင်းကျော်။ ၄သောင်း ၂ထောင်။ တစ်ဂါလံကို ၄သောင်း ၂ထောင်အထိ တက်သွားတာ။ အခြားစားသောက်ကုန်ပစ္စည်းတွေကတော့ အရင် လှောင်ထားတာရှိတဲ့အခါကျ သိပ်တော့ မတက်ဘူး။ အခက်အခဲတော့ မရှိဘူး။”

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပူတာအိုခရိုင် ဥက္ကဌ ဦးချန်ဂျုံဆားကလည်း လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။

“တောက်လျှောက်ဝင်နေတယ်။ တောက်လျှောက်။ ကားတော့ တောက်လျှောက်ဝင်နေတယ်။ တပ်မတော် ယာဉ်တန်းပါတယ်။ အရပ်ဘက် ကားတွေလည်း ပါတယ်။ ဆီကတော့ ဆီပုံးကတော့ ၁၀၀ကျော်လောက် ပါတယ်။ အလီလီဝင်တဲ့အခါကျတော့ ဘယ်လောက်ဆိုတာ ပြောလို့ မရဘူး။ စက်သုံးဆီများပါတယ်။ စက်သုံးဆီကတော့ တော်တော်ကျသွားပါပြီ။ တစ်ပုလင်းကို တလုံးပေါ့ ။ တစ်လုံးကို တသောင်း အခုက တစ်ထောင်ငါးရာထိ ကျသွားပြီ။ တခြားစားသောက်ကုန်တွေကော အနည်းအကျဉ်းတော့ ကျတာ တွေ့ရတယ်။ အခု ယာဉ်တန်းတွေ ဝင်လာတော့ ပြည်သူလူထုအတွက် အနည်းငယ် အသက်ရှုချောင်သွားတယ်လို့ နော။”

ဖေဖော်ဝါရီလ ၁၃ရက်နေ့ကတော့ လမ်းပန်းဆက်သွယ်ရေး ပျက်တောက်ခဲ့ပြီး စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့တာကြောင့် ပူတာအို ဒေသခံ ပြည်သူ ၃၀၀လောက်ဟာ လမ်းတံတား ဖျက်ဆီးတာကို ချက်ချင်း ရပ်ဖို့၊ ငြိမ်းချမ်းရေးအမြန်တည်ဆောက်ဖို့ နဲ့နောက် လမ်းတံတားနဲ့ စက်ယန္တရားတွေကို ဖျက်ဆီးတဲ့ KIA ရှုတ်ချကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

ကားလမ်းပိုင်းကို အသုံးမပြုနိုင်ခင်ကတော့ ပူတာအိုမြို့ကို တပ်မတော်လေယာဉ်နဲ့ ကုန်ပစ္စည်း ၅ကြိမ် တင်ပို့ခဲ့ဖူးပါတယ်။

လောလောဆည်မှာတော့ ယာဉ်တန်းတွေ သွားလာနေပေမဲ့ လုံခြုံရေးအခြေအနေအရ ဆိုင်ကယ်တွေ သွားလာတာကို ကန့်သတ်ထားတယ်လို့လည်း ဦးချန်ဂျုံဆားက ဆက်ပြောပါတယ်။

“ဆိုင်ကယ် ကယ်ရီတွေက လုံခြုံရေးအရ သူတို့ ခွင့်မပြုတဲ့အခြေအနေတွေတော့ ရှိတယ်။ ဘာလို့လည်းဆို တိုက်ပွဲတွေက ကြိုကြားကြိုကြားမှာ ပစ်ခတ်မှုတွေက ရှိနေတော့ ပြည်သူလူထုရဲ့ လုံခြုံရေးအရပေါ့ဗျာ။ အဲဒါလေးတွေတော့ ရှိတယ်။ ပြီးတော့ ဆိုင်ကယ်စစ်ဆေးတာတို့ ဘာတို့ဆိုတာက ဖောက်ခွဲရေးပစ္စည်းပါမပါ လုံခြုံရေးအရ စစ်တဲ့ အပိုင်းတွေတော့ ရှိတယ်။ ”

ဒေသခံတွေကတော့ လမ်းပန်းဆက်သွယ်ရေးဟာ ရေရှည်ကောင်းမွန်နေမယ်လို့လည်း မျှော်လင့် ထားကြပါတယ်။

မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်းပိုင်းက လမ်းတံတားတွေ ဖျက်ဆီးတိုက်ခိုက်ခံရတာဟာ ကချင် လွတ်လပ်ရေးတပ်ဖွဲ့ KIAက တနိုင်းဒေသမှာ ရွှေနဲ့ ပယင်းတူးဖော်နေတာကို တပ်မတော်က ရှင်းလင်း ခဲ့တဲ့အတွက် လက်တုံပြန်တာဖြစ်ကြောင်းတပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။ KIA ဖက်ကတော့ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် စစ်ရေးလိုအပ်ချက်အရ ဆောင်ရွက်ရတာဖြစ်ကြောင်း တုံ့ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG