သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရတပ်နဲ့ ကချင် အပစ်ရပ်ရေး တရားဝင် ဆွေးနွေးကြပြီ


မြန်မာအစိုးရတပ်နဲ့ ကချင် အပစ်ရပ်ရေး တရားဝင် ဆွေးနွေးကြပြီ
မြန်မာအစိုးရတပ်နဲ့ ကချင် အပစ်ရပ်ရေး တရားဝင် ဆွေးနွေးကြပြီ

အစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား ၃ ပတ်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ တိုက်ပွဲတွေ အဆုံးသတ်နိုင်ဖို့ အစိုးရရဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကိုယ်စားလှယ်တွေ ပထမဆုံး စတင်တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ အခြေခံအားဖြင့် အပစ်အခတ် ရပ်စဲရေးကို ပဏာမ ဆွေးနွေးခဲ့ကြပြီး အစိုးရ ကိုယ်စားလှယ်ဘက်က KIA ဆက်ဆံရေးရုံးကို မြစ်ကြီးနားမှာ ပြန်လည်ဖွင့်လှစ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကိုယ်စားလှယ်တွေဟာ လဂျားယန် အနီးက နှစ်ဘက်တပ်တွေ ထိန်းချုပ်ရာ နယ်စပ်ဖြစ်တဲ့ ကြားစခန်းမှာ ဒီကနေ့မနက် ၁၁ နာရီလောက်က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

KIO ဘက်က ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၆ ယောက် တက်ရောက်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကိုတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးချုပ် သန်းအောင်က ဦးဆောင်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နဲ့ ကချင်အမျိုးသား အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်တို့ ပါဝင်တယ်လို့ KIO ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။ ဒီကနေ့ တွေ့ဆုံမှု အခြေအနေကိုတော့ သူက အခုလို ပြောပါတယ်။

“ဒီနေ့က ပဏာမ တွေ့ဆုံမှုလို့ ပြောရမယ်။ သိပ်ပြီးတော့ ဆွေးနွေးမှု အပိုင်းတော့ မရှိဘူး။ သူတို့ ယူလာတဲ့ အချက်အလက်တွေကို နားထောင်တယ်။ အဲဒီအပိုင်းပါပဲ။ သူတို့ပြောတဲ့ အထဲမှာတော့ Cease fire လုပ်နိုင်မှု၊ နောက် တဘက်နဲ့တဘက် ယုံကြည်မှု ရှိအောင်ဆိုတဲ့ အချက်တွေ ပါတယ်။ နောက် မြစ်ကြီးနားမှာ KIA ဆက်ဆံရေးရုံးကို ပြန်ဖွင့်ပေးဖို့ဆိုတဲ့ အချက်ပါတယ်။ ပြီးတော့ သိက္ခာရှိတဲ့ နိုင်ငံရေး စားပွဲပေါ်ကနေ လုပ်ဆောင်သွားရအောင်ဆိုတဲ့ အဲဒီ အချက်တွေ ပြောသွားတာ ရှိတယ်။”

KIA ဘက်က လိုလားချက်ကိုတော့ ဦးလနန်က အခုလို ဆက်ပြောပါတယ်။

“ပထမအဆင့်က အပစ်အခတ် ရပ်ဆိုင်းရေးပေါ့၊ အပစ်အခတ် ရပ်ဆိုင်းရေးဆိုတာ ယာယီ ဖြစ်ပါလိမ့်မယ်။ အဲဒီ လုပ်နိုင်မှုကတော့ ဒီနေ့ ပြောဆို တွေ့ဆုံမှုနဲ့ မပြီးနိုင်သေးဘူး။ အဲဒီတော့ ကျနော်တို့ အမြဲတမ်း တောင်းဆိုနေတဲ့ ခိုင်မာရမယ်၊ ယုံကြည်မှု ရှိရမယ်ပေါ့။ သက်သေ အထောက်အထား ရှိရှိနဲ့ လုပ်ရမယ်။ နောက် ခိုင်ခိုင်မာမာ ရှိရမယ်။ အဲဒါကြောင့် အဲဒီလိုမျိုး ရှိလာဖို့ကတော့ သူတို့ဘက်က ကျနော်တို့ကို ခိုင်မာတဲ့ အထောက်အထားတော့ ပြဖို့လိုတယ်။ အဲဒီအဆင့်တွေ အားလုံးပြီးမှသာ ယာယီအပစ်အခတ် ရပ်ဆိုင်းရေး အဆင့်ကို ရောက်မှာပါ။”

ဒီလို နှစ်ဘက် ဆွေးနွေးတာတွေကို သက်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့တွေက အထက်အဆင့်ကို ထပ်မံတင်ပြမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုလာရောက် ဆွေးနွေးတာဟာ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက်နဲ့လာတာ ဖြစ်တာကြောင့် ဗဟိုအစိုးရကို ကိုယ်စားပြုတယ်လို့ KIA ဘက်က လက်ခံထားတာ ဖြစ်ပါတယ်။

နောက်တကြိမ် ထပ်မံဆွေးနွေးဖို့အတွက် ကချင်ပြည်နယ် အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေက ရက်ထပ်မံချိန်းဆိုမှာ ဖြစ်ပါတယ်။

ဒီလ ၁၇ ရက်နေ့ကလည်း ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က KIA နဲ့ အပစ်အခတ် ရပ်စဲဖို့အတွက် ကချင် အတိုင်ပင်ခံကောင်စီ လူကြီးတွေကို စေလွှတ် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ KIA က အစိုးရဘက်က တိကျတဲ့ အထောက်အထား စာရွက်စာတမ်း မပါတာကြောင့် လက်မခံခဲ့ပါဘူး။

ဒီနောက်မှာ KIA ဘက်က အစိုးရနဲ့ နှစ်ဘက် တွေ့ဆုံဆွေးနွေးမယ်ဆိုရင် သူတို့တဖွဲ့တည်း ဆွေးနွေးမှာ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ကိုယ်စားပြုတဲ့ တပ်ပေါင်းစု အဖွဲ့အစည်းတခုနဲ့ ဆွေးနွေးမှာ ဖြစ်ကြောင်း၊ နောက် ကုလသမဂ္ဂ၊ အာဆီယံ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံ တခုခုက ကြားဝင် ဆက်စပ်ပေးမှုနဲ့ ဆွေးနွေးမှာ ဖြစ်ကြောင်းကိုလည်း ထုတ်ဖော်ခဲ့ဖူးပါတယ်။

မြန်မာအစိုးရ စစ်တပ်နဲ့ KIA တပ်ဖွဲ့တို့ဟာ ၁၉၉၄ ခုနှစ်က စပြီး ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ရာက ဒီလ ၁၁ ရက်နေ့မှာတော့ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ အဆက်မပြတ် ပြန်လည် ဖြစ်လာခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံ ကချင်ဒုက္ခသည်တွေဟာ နေရပ်ဒေသကို စွန့်ခွာပြီး KIA ဌာနချုပ် လိုင်ဇာ၊ တရုတ်နယ်စပ် ဒေသနဲ့ မြစ်ကြီးနားမြို့တွေကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။

XS
SM
MD
LG