သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်ဖို့ ကချင်ဒုက္ခသည်တွေ စိုးရိမ်


ကေအိုင်အိုနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် တရုတ်နယ်စပ် ဒုက္ခသည်စခန်းက ကချင်ဒုက္ခသည်တွေ နေရပ်မပြန်ရဲသေးပဲဖြစ်နေပါတယ်။
ကေအိုင်အိုနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် တရုတ်နယ်စပ် ဒုက္ခသည်စခန်းက ကချင်ဒုက္ခသည်တွေ နေရပ်မပြန်ရဲသေးပဲဖြစ်နေပါတယ်။
တရုတ်နိုင်ငံတွင်း ရောက်နေတဲ့ ကချင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲကို ပြန်နိုင်အောင် စီစဉ်ဖို့ တရုတ်အစိုးရက ကချင်လွတ်မြောက်ရေး အဖွဲ့ကို တိုက်တွန်း နေပါတယ်။ ဒါကြောင့် ကေအိုင်အိုက ရွှေ့ပြောင်း ပေးဖို့ စတင်ပြင်ဆင် နေပေမယ့် လို့ ဒုက္ခသည်တွေကတော့ ပြောင်းရွှေ့ကြဖို့ ဆန္ဒမရှိကြဘဲ ဖြစ်နေပါတယ်။ ဒါနဲ့ပတ်သတ်လို့ကတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က ထိုင်းနိုင်ငံကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ဟုတ်ကဲ့။ တရုတ်နိုင်ငံ ရွှေလီခရိုင် ညောင်တောင်းမြို့နယ် အတွင်းမှာ ဒုက္ခသည်စခန်း ခြောက်ခုရှိပြီး စုစုပေါင်း ကချင်ဒုက္ခသည် လေးထောင်းငါးရာလောက် နေထိုင်နေတာဖြစ်ပါတယ်။ ဒီဒေသဟာ ဗန်းမော်- လွိင်ကျယ်- နမ့်ခမ်း ကားလမ်းရဲ့ တစ်ဖက်ခြမ်းမှာ တည်ရှိတာဖြစ်ပါတယ်။ တရုတ် အာဏာပိုင်တွေက ဒုက္ခသည်တွေကို ပြောင်းရွှေ့ဖို့ တိုက်တွန်းနေတဲ့ အကြောင်းကို ကေအိုင်အို ဒုက္ခသည်ရေးရာ တာဝန်ခံ ဦးဒွယ်ပီဆာက အခုလို ပြောပါတယ်။

“တရုတ်အစိုးရဘက်က ဒါ ပြန်ခိုင်းတာတော့ ကြာပြီ။ ဒါပေမယ့် အရင်တုန်းက ကျွန်တော်တို့ အတွက်က အခက်အခဲ အများကြီး ရှိတယ်။ မတတ်နိုင်ဘူး ဆိုမှ ခဏ တောင်းပန်ထားတယ်။ ဆိုတော့ ထပ်ခါ ထပ်ခါ ပြန်ဖို့ တောင်းဆိုလာတော့ ကျွန်တော်တို့ အရှေ့ပိုင်းတိုင်း ကော်မတီကို ဝိုင်းပြီး အစီရင်ခံပါ ဆိုရင်။ ဇူလိုင်လကုန် လောက်မှာ တစ်ခါ နှစ်ခါ သူတို့က သွားတွေ့တယ်။ သွားတွေ့တော့ တစ်လအတွင်းမှာ လူထုကို ပညာပေး ပြီးတော့မှ ပြန်ခေါ်ရမလား ဆိုပြီးမှ လက်ခံထားတဲ့ သဘောမှာရှိတယ်။”

KIOဖက်ကတော့ တရုတ် အာဏာပိုင်တွေက တိုက်တွန်း တာကြောင့် နောင်တောင်း စခန်းနဲ့ ၁၆မိုင် လောက် အကွာ KIO ထိန်းချုပ်ရာ လနာဇွပ် ဒေသမှာ စခန်းသစ် ဆောက်လုပ်ဖို့ ပြင်ဆင်ထားသလို ဒီရက်ပိုင်းတွေ အတွင်းမှာ တော့ ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးအတွက် သွားရောက် ဆွေးနွေးဖို့ ရှိနေပါတယ်။ စခန်း ပြောင်းရွှေ့ဖို့ကို တော့ လူထု သဘောထားပေါ်မှာ မူတည်ပြီး ဆောင်ရွက်မှ ဖြစ်မယ်လို့ ဦးဒွဲပီဆာက ဆက်ပြောပါတယ်။

“ လူထုက ဘယ်လိုပြောလာမလဲ လူထုအခြေအနေက ဘယ်လိုလဲ ဒါတော့ အခြေအနေက မသိသေးဘူးလေ။ လူထုက လက်ခံနိုင်ဖို့ ပြင်ဆင်ထားတဲ့ နေရာကို မပြောင်းချင်ဘူး ဆိုရင် နည်းနည်းတော့ အခက်အခဲ တော့ ရှိမှာပေါ့။ ဒါက အတင်းအဓမ္မ မောင်းထုတ်လည်း မရဘူး။ အဲ့သလိုဖြစ်တယ်ဆိုတော့ နည်းနည်းတော့ ခက်တာပေါ့။"

နောင်တောင်း ဒုက္ခသည်စခန်းက အမျိုးသမီးတစ်ယောက်ကတော့ လောလောဆည် စခန်းပြောင်းဖို့ စေခိုင်း လာတာတော့ မရှိသေးကြောင်း ပြောပါတယ်။

“ ဒီပြောင်းဖို့ ရွှေ့ဖို့ ကိစ္စဆိုတာ အရင်ကတော့ ရှိပါတယ်။ အခု လောလောဆယ် မရှိပါဘူး။ ကျွန်မတို့
ဒီမှာ အေးဆေးပါ။ နေမြဲပါပဲရှင့်။ ကျွန်မတို့က ဒီမှာ ရောက်တာ တစ်နှစ် နီးပါးရှိပါပြီရှင့်။"

အခြား ဒုက္ခသည် တစ်ဦးကတော့ မိုးတွင်း ကာလဖြစ်တာနဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ပြောင်းရွှေ့ဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“အခုကတော့ မိုးတွင်းလည်း ဖြစ်နေတယ်။ အခု ကျွန်တော်တို့ ကမ့်မှာကျတော့ အသက်ကြီး ရွယ်အိုတွေလည်း ရှိတယ်။ ပြီးတော့ ဒီမှာ ကျောင်းသူ၊ ကျောင်းသားတွေကလည်း သူတို့ ကျောင်းဆောင်တွေ ပေးပြီးတော့ သူတို့ကျောင်းဖွင့်တယ်။ ဆိုတော့ ကျောင်းသားတွေက ပညာရေးမှာ ထိခိုက်သွားနိုင်တာပေါ့။ အဲ့တာကို ကျွန်တော်တို့ စိုးရိမ်ပြီးမှ အထက်ကလူကြီးတွေကို ဒီနှစ် ပညာရေး ကုန်တဲ့အထိ ဒီမှာပဲ ဆက်နေခွင့် တောင်းချင်တယ်လို့ ပြောတာပဲ။”

အခုအခါ နောင်တောင်စခန်းမှာ ကျောင်းသား ကျောင်းသူ ၈၀၀လောက် ရှိတာဖြစ်ပါတယ်။ နောင်တောင်းစခန်းဟာ သူတို့ရဲ့ မူလကျေးရွာတွေ အနီးမှာပဲ တည်ရှိတာကြောင့် မပြောင်းရွှေ့လို တာကလည်း တကြောင်း ဖြစ်နေပါတယ်။ လောလောဆယ် သူတို့ရဲ့ နေရပ်ရင်း ကျေးရွာကို မပြန်နိုင်သေးတဲ့ အခြေအနေကိုတော့ သူက အခုလို ဆက်ပြောပါတယ်။

“ရွာဖက်ကိုတော့ သွားနေလို့ မရသေးဘူးလေ။ အခုကျွန်တော်တို့ရဲ့ ရွာတွေကတော့ ဗမာစစ်တပ်တွေက နေရာယူ ထားတယ်ဆိုတော့ သွားနေလည်း ကြောက်စရာကြီးပေါ့ အန္တရာယ်ရှိတယ်ပေါ့။ သူတို့က ဘယ်အချိန်မှာ လူပ်ရှား လာမလဲ ဆိုတာ ကျွန်တော်တို့က ကောင်းကောင်းမသိဘူး ဆိုတော့ ။ ပြီးတော့ ကေအိုင်အိုဘက် ကလည်း မိုင်းတွေ ဘာတွေ ထောင်ထားတာ ရှိတယ်။ ပြီးတော့ မြန်မာအစိုးရ စစ်တပ်ဘက်ကလည်း မိုင်းတွေ ဘာတွေ ထောင်ထားတာ ရှိတယ်။ ကျွန်တော်က ဟိုမှာ သွားနေလို့က မဖြစ်သေးဘူးပေါ့။”

ဦးဒွဲပီဆာကတော့ ဒီရက်ပိုင်းတွေအတွင်း အဲဒီဒေသဖက်မှာ တိုက်ပွဲဖြစ်တာတွေ ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ နောင်တောင် ဒုက္ခသည်စခန်းဟာ အရင်နှစ် စခန်းစဖွင့်ချိန်မှာ လူဦးရေ ၆၀၀၀လောက် ရှိပြီး တချို့တွေက တခြားအရပ်တွေကို ပြောင်းရွှေ့ကုန် တာကြောင့် အခုအခါ ၄၅၀၀လောက်ပဲ ကျန်ရှိတာ ဖြစ်ပါတယ်။

မြန်မာ အစိုးရနဲ့ KIO အကြား တနှစ်ကျော်ကြာ ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် အခုအခါမှာ ဒုက္ခသည် ၇သောင်းလောက်ဟာ တရုတ်မြန်မာ နယ်စပ်နဲ့ မြန်မာပြည်က မြို့ကြီးတွေမှာ ခိုလှုံနေကြရပါတယ်။ တရုတ် မြန်မာနယ်စပ် KIO ထိန်းချုပ်ရာ ဒေသမှာတော့ ၅သောင်း လောက် ရှိနေတာ ဖြစ်ပါတယ်။ အစိုးရနဲ့ KIO အကြားမှာ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးတာတွေ ရှိပေမဲ့ အခုထိတော့ မအောင်မြင်သေးပါဘူး။

ဒီလို မြန်မာနိုင်ငံဘက်က လက်နတ်ကိုင် ပဋိပက္ခတွေကနေ ထွက်ပြေးလာသူတွေကို တရုတ်အစိုးရက လက်မခံဘဲ မောင်းထုတ်နေတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ စစ်ပြေးဒုက္ခသည်တွေကို ကာကွယ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က တိုက်တွန်းပြောဆိုခဲ့သလို တရုတ်အစိုးရဘက်ကလည်း လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေကြောင်း တုန့်ပြန်ပြောဆိုထားပါတယ်။
XS
SM
MD
LG