မြန်မာနိုင်ငံမှာ အစိုးရသစ် ပြောင်းလဲလိုက်ပြီး နောက်ပိုင်း ကချင်ပြည်နယ် အတွင်းမှာ အဆောက်အဦး ပြုပြင်မွမ်းမံ ပြင်ဆင်မှုတွေ ရှိလာတာ တွေ့ရပေမဲ့ စစ်တပ် နေရာယူထားတာတွေကတော့ နဂိုအတိုင်း ဆက်ပြီး ရှိနေတုန်း ဖြစ်ပါတယ်။ ဒီလို အဆောက်အဦးတချို့ ပြုပြင်ပြောင်းလဲမှု လုပ်တာကလွဲလို့ ဒေသခံတွေ တကယ်တမ်း မျှော်လင့်နေတဲ့ အခွင့်အရေးတွေကတော့ မရရှိကြသေးသလို လူထုတွေ အနေနဲ့လည်း အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတုန်းပဲလို့လည်း ဆိုပါတယ်။ အစိုးရသစ်လက်အောက် ကချင်ပြည်နယ် အတွင်းက အခြေအနေတွေကိုတော့ စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ်မှာ အစိုးရသစ် ပြောင်းလဲပြီးနောက် ပထမဦးဆုံး တွေ့ရတာကတော့ နှစ်ပေါင်းများစွာ ပြုပြင်မှုမရှိတာတွေကို စတင် မွမ်းမံမှုတွေ လုပ်လာတာ တွေ့ရတယ်လို့ မြစ်ကြီးနား ဒေသခံက အခုလို ပြောပါတယ်။
“မျက်စိနဲ့မြင်ရတဲ့ ဟာတွေတော့ ဖွံ့ဖြိုးမှုအပိုင်း နည်းနည်း ရှိလာတာပေါ့။ အစိုးရလွှတ်တော်၊ နှစ်ပေါင်းများစွာ မလုပ်တဲ့ လွှတ်တော်ဟောင်းတွေကို ပြုပြင်ပြောင်းလဲတယ်၊ အုတ်တံတိုင်းခတ်တယ်၊ အဲဒါတွေရှိတယ်။ နောက်ပြီး ဖုန်းကြိုးတွေပေါ့၊ ကြေးနန်းဆက်သွယ်ရေး ကြိုးတွေပေါ့ အရင်တုန်းက သစ်တုံးတွေနဲ့ပဲ လုပ်ထားတဲ့ဟာကို အခု ကွန်ကရစ်တိုင်တွေနဲ့ အသစ်တွေ ဆောက်ပြီးမှ ပြုပြင်ပြောင်းလဲတဲ့ဟာတွေ ရှိတယ်။ နောက်ပြီး ရပ်ကွက်ဥက္ကဋ္ဌတို့ အတွင်းရေးမှူးပေါ့နော် ဒီဟာ ကျေးရွာဥက္ကဋ္ဌတို့ပေါ့နော် ဒါတွေ ပြောင်းလဲတဲ့ဟာတွေ တွေ့ရတယ်။”
ပြောင်းလဲလာတဲ့ အပိုင်းတွေထဲမှာ ရပ်ရွာဥက္ကဋ္ဌ အကြီးအကဲတွေ၊ အတွင်းရေးမှူးတွေ ပြောင်းလဲ ခန့်အပ်မှုတွေ ပြုလုပ်ရာမှာ အဓိက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေကိုသာ ရွေးချယ် ခန့်အပ်ထားတယ်လို့လည်း ဖားကန့်ဒေသခံ အမျိုးသမီးက ကချင်လို ပြောပါတယ်။
“၇ ယောက် ရွေးထားပြီးပြီတဲ့၊ အရင်ကလူတွေလေ၊ နဂိုကတည်းက လုပ်နေတဲ့ လူတွေပဲပေါ့။ အဓိကကတော့ ကြံ့ခိုင်ရေးမှာ လှုပ်ရှားနေတဲ့ လူတွေပဲပေါ့။ ပြောင်းလဲတာ ဘာမှမရှိပါဘူး။ ဘာမှလည်း မမျှော်လင့်ဘူးလေ။”
ပြုပြင်မွမ်းမံမှုတွေကို စတင်ပြုလုပ်လာတဲ့အတွက် ပြည်သူလူထုဘက်က အစိုးရသစ် တကယ်ပြောင်းလဲပြီ ဆိုတာ မြင်နိုင်ပေမဲ့ စစ်တပ်က နေရာယူပြီး လူထုတွေကို မေးမြန်း စစ်ဆေးမှုတွေက လုံခြုံရေးတွေကို နဂိုအတိုင်း ချထားဆဲ ဖြစ်တဲ့အတွက် စနစ်ကတော့ ရှိနေဆဲ ဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံက ဆက်ပြောပါတယ်။
“လုံး၀ ပြောင်းလဲတဲ့ဟာ မတွေ့ရှိရတာ စနစ်ပုံစံတော့ နဂိုကတည်းက ပုံစံအတိုင်းပါပဲ။ လုံခြုံရေးတွေ စစ်ဆေးမှုတွေက ပုံမှန်ပါပဲ။ သူတို့ဟာက ပြည်သူလူထုက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲတယ် ဆိုပေမဲ့ ကြောက်စိတ်တွေက ပုံမှန်ပဲ အခု။ မျက်စိမမြင်ရတဲ့ အပိုင်းက အဲဒါက ပြုပြင်ပြောင်းလဲတဲ့ဟာ မရှိဘူး။ ဝန်ကြီးချုပ် အသစ်ပဲ ပြောင်းပြောင်း၊ အစိုးရအသစ်ပဲ ပြောင်းပြောင်း ပြည်သူလူထု ဒုက္ခရောက်တဲ့ အပိုင်းက ဘာမှ ပြောင်းလဲသွားတဲ့အပိုင်း မရှိဘူး။”
ကချင်ပြည်နယ်အတွက် ဝန်ကြီးချုပ်အဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကချင် ဗုဒ္ဓဘာသာဝင် ဦးလဂျွန်ငန်ဆိုင်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့စဉ်က လူထုက သူတို့အတွက် အခွင့်အရေး အနည်းအကျဉ်းလောက်တော့ ရရှိနိုင်မယ်လို့ မျှော်လင့်ပေမဲ့ အခုလို စနစ်အတိုင်း ဆိုရင်တော့ အလားလာ မရှိဘူးလို့ ဒေသခံတယောက်က အခုလို သုံးသပ်ပါတယ်။
“လုပ်ပိုင်ခွင့် ဆိုတာက အကန့်အသတ် ရှိနေတဲ့ အခါကျတော့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေကိုတော့ စွမ်းဆောင်နိုင်မယ့် အခြေအနေတော့ မရှိဘူး။ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘူးပေါ့လေ၊ ပေါ်လစီအရပေါ့လေ၊ ပုဂ္ဂိုလ်ရေးအရတော့ သူ အရည်အချင်း ရှိပါတယ်။ ဒါပေမဲ့ အဓိကတော့ လူပုဂ္ဂိုလ်ပေါ်မှာ မူမတည်ဘဲနဲ့ ဒီကိစ္စဟာ အခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပြည်ထောင်စု အစိုးရရဲ့ ပေါ်လစီပေါ့လေ၊ အဲဒီအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျနော်မြင်တယ်။”
ဒါ့အပြင် ကချင်ပြည်နယ်တွင်း ပြည်ပက တရုတ်တွေ ရင်းနှီးမြှုပ်နှံတဲ့ ဧရာမ စီမံကိန်းတွေ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မြစ်ချောင်းအင်းအိုင် သယံဇာတ တူးဖော်မှုတွေ၊ ရေကာတာ တည်ဆောက်မှုတွေဟာ နိစ္စဓူ၀ တိုးလုပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး အခုလို ဧရာမ စီမံကိန်းတွေကြောင့် တရုတ်လူမျိုးတွေ အပြင် လူမျိုးစုံ အလုပ်သမားတွေ ကချင်ပြည်နယ်ထဲ ဝင်ရောက်လာတဲ့အတွက် အဲဒီနေရာမှာ အကျင့်စာရိတ္တ ပျက်ပြားမှုနဲ့ ရာဇဝတ်မှုတွေ ပိုများပြားလာပြီး ဒေသခံတွေ နေထိုင်မှုမှာ လုံခြုံမှု မရှိဘူးလို့ ရေကာတာနဲ့ ရွှေမှော် ပတ်ဝန်းကျင် ဒေသခံတွေက ပြောပါတယ်။
ပြည်သူလူထုကတော့ အစိုးရသစ် တက်လာပြီ ဆိုတာနဲ့ အကျပ်အတည်းတွေ၊ ဒုက္ခတွေကနေ လွတ်မြောက်ပြီး အခွင့်အရေး ပိုမိုရရှိလာနိုင်မယ်လို့ မျှော်လင့်နေပေမဲ့ ကချင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့လည်း တင်းမာနေဆဲ ဖြစ်တဲ့အတွက် လုံခြုံရေး တပ်တွေနဲ့ စစ်တပ်တွေ တိုးချထားဆဲလည်း ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။