၂၀၁၀ ရွေးကောက်ပွဲ ဝင်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုလိုက်တဲ့ ပါတီပေါင်း ၄၀ ဝန်းကျင်လောက် ရှိနေပါပြီ။ ဒီလို ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ပါတီတွေထဲမှာ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရစဉ်တုန်းက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခမောက်တံဆိပ်ကို အသုံးပြုလိုက်တယ်ဆိုပြီး အငြင်းပွားစရာ ဖြစ်ခဲ့သလို ကချင်ပြည်နယ်ဘက်မှာလည်း အလားတူ ပြဿနာတခု ရှိနေပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ ကချင်ပြည်နယ် အခြေစိုက် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS) ရဲ့ အမှတ်တံဆိပ်ကို ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီက ကန့်ကွက်ခဲ့ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီပါတီက ရွေးချယ်ထားတဲ့ မနောတိုင် အမှတ်တံဆိပ်ဟာ ကချင်တမျိုးသားလုံးနဲ့ ဆိုင်တဲ့အတွက် ပါတီတခုထဲ အနေနဲ့ ကိုယ်စားပြုခွင့် မပေးသင့်ဘူးဆိုပြီး ကန့်ကွက်ခဲ့တာပါ။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နူးပန်က တင်ပြထားပါတယ်။
အသစ်ဖွဲ့စည်းခဲ့တဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီက ပါတီ အမှတ်တံဆိပ်အဖြစ် ကချင်မနောတိုင်ကို အသုံးပြုထားတာကို ကချင် ယဉ်ကျေးမှု ကော်မတီက ကန့်ကွက်ထားတဲ့ ကြားကပဲ အစိုးရက ချပေးလိုက်တာလို့ ကချင် ယဉ်ကျေးမှု ကော်မတီက တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ဒီတံဆိပ်က ကချင်တိုင်းရင်းသားထု အားလုံးနဲ့ ဆိုင်တဲ့ဟာလည်း ဟုတ်တယ်၊ ပြီးတော့ ကချင်ယဉ်ကျေးမှု ဗဟိုမှာလည်း အဲဒီတံဆိပ်ကိုပဲ သုံးတာ။ အဲဒါကြောင့် ကန့်ကွက်ကြတယ်။ ဒါပေမဲ့ အခု ကော်မရှင်အနေနဲ့၊ ပြောမယ်ဆိုရင် အစိုးရအနေနဲ့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးအနေနဲ့ ဖွဲ့စည်းတဲ့ ပါတီခွဲတခု ဖြစ်နေတဲ့အတွက် သူတို့က ချပေးလိုက်တဲ့ သဘောမျိုး၊ အတည်ပြုပေးလိုက်တဲ့ သဘောမျိုး ဖြစ်သွားပါတယ်။ မနေ့က ချပေးလိုက်တယ်လို့ ကြားလိုက်ရတယ်။”
ကြံ့ခိုင်ရေးကနေ ခွဲထွက်ပြီး ဖွဲ့ထားတဲ့ ပါတီအနေနဲ့ လူမျိုးတမျိုးလုံးကို ကိုယ်စားပြုပြီး ဖွဲ့တာ မဟုတ်တဲ့အတွက် အခုလို လူမျိုးတမျိုးလုံးရဲ့ ယဉ်ကျေးမှု အမှတ်တံဆိပ်ကို သုံးဖို့ မသင့်တော်ဘူးဆိုပြီး ယဉ်ကျေးမှု အဖွဲ့က ဆွေးနွေးပြီး ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။
စစ်အစိုးရရဲ့ သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်း ပါတဲ့အတိုင်း ထောက်ပြပြီး fax ကနေ ပို့ပြီးဖြစ်ပေမဲ့ နေပြည်တော်ကို လူကိုယ်တိုင် လာကန့်ကွက်ဖို့ ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြားလိုက်တဲ့အတွက် ယဉ်ကျေးမှုအဖွဲ့ဝင် ၂ ဦး သွားခဲ့တာ ဖြစ်ပေမဲ့ ပယ်ချခံရပြီး အခုလို တရားဝင် နိုင်ငံရေးပါတီအဖြစ် အစိုးရက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS) အသုံးပြုမယ့် တံဆိပ်ကို ကန့်ကွက်ရတဲ့ အထဲမှာ ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီ တခုတည်းရဲ့ဆန္ဒ မဟုတ်ဘဲ ကချင် ပြည်သူလူထုတွေက ပြောဆိုလာမှု အပေါ်မှာ ကန့်ကွက်လိုက်တာလို့ ပြောပါတယ်။
UDPKS ပါတီကတော့ မနောတိုင် အမှတ်တံဆိပ်ကို အသုံးပြုရခြင်းဟာလည်း ကချင်ပြည်နယ်မှာ ဖွင့်လိုက်တဲ့ ပါတီတခုအနေနဲ့ အသုံးဝင်တဲ့ အမှတ်တံဆိပ် ဖြစ်တဲ့အတွက် အသုံးပြုရခြင်း ဖြစ်တယ်လို့ အဖွဲ့ဝင် ခေါင်းဆောင်တဦးက ကချင်လို ပြောပါတယ်။
“မနောတိုင်ကို သုံးတယ် ဆိုတာက ကချင်ပြည်နယ်လုံးဆိုင်တဲ့ ကျနော်တို့ ပြည်နယ်အတွက် ကိုယ်စားပြုပြီး ဖွဲ့စည်းထားတဲ့ ပါတီ ဖြစ်တဲ့အတွက်ပေါ့နော်၊ အဲဒါကြောင့် ဒီဟာကို အသုံးပြုခြင်း ဖြစ်ပါတယ်။ မနောတိုင်ကိုမြင်ရင် ကျနော်တို့ ကချင်လူမျိုးတွေရဲ့ အချုပ်နဲ့ တူတယ်လေ။ အဲဒါကြောင့် ဒီမနောတိုင်ကို ကချင်လူမျိုးတွေအတွက် အရမ်းတန်ဖိုးထားတယ်လေ၊ အားလုံးရဲ့ အမှတ်အသား ဖြစ်တဲ့အတွက် ဒါကို အသုံးပြုခြင်းပါပဲ။”
လောလောဆယ် ကချင်ပြည်နယ်မှာ ပါတီမှတ်ပုံတင်ဖို့ လျှောက်ထားတဲ့ တခြား ကချင်ပါတီ ၂ ခုကို မှတ်ပုံတင်ခွင့် မပြုသေးပေမဲ့ နောက်ဆုံးတင်ခဲ့တဲ့ UDPKS ကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။
UDPKS ပါတီ ခေါင်းဆောင်တွေဟာ ယခင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကြီးရဲ့ ကချင်ပြည်နယ်ဆိုင်ရာ ခေါင်းဆောင်တွေ ဦးဆောင် ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။