သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားခ တိုးမြှင့်မှုကြောင့် ကလေးမြို့ တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ


ကျောင်းကားခ တိုးမြှင့်မှုကို လက်မခံနိုင်၍ ကလေးမြို့ တက္ကသိုလ် ကျောင်းသားများ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေကြစဉ်။ ဇန်နဝါရီ ၁၂၊ ၂၀၁၁။
ကျောင်းကားခ တိုးမြှင့်မှုကို လက်မခံနိုင်၍ ကလေးမြို့ တက္ကသိုလ် ကျောင်းသားများ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေကြစဉ်။ ဇန်နဝါရီ ၁၂၊ ၂၀၁၁။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင်းက ကလေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်(ကလေး) နဲ့ ကွန်ပျူတာ တက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူ ၁,၀၀၀ ကျော်ဟာ ကျောင်းကားခ တိုးမြှင့်ကောက်ခံတာကို လက်မခံနိုင်လို့ တောင်းဆို ဆန္ဒပြမှု တခုကို ပြုလုပ်ခဲ့ပါတယ်။ မနက် ၇ နာရီကျော်ကနေ နေ့လယ် ၂ နာရီကျော်ထိ ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်တွေကို နောက်ဆုံးမှာ အာဏာပိုင်တွေက လိုက်လျောလိုက်တယ်လို့ ကြေညာတဲ့အခါ လူစုခွဲခဲ့ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

၂၀၁၀ ခုနှစ် မကုန်ခင်ကတည်းက ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) ကလေးက အာဏာပိုင်တွေဟာ ဒေသတွင်း တက္ကသိုလ်တွေက တက္ကသိုလ် ပါမောက္ခချုပ်တွေကို ခေါ်ယူပြီး ၂၀၁၁ ခုနှစ်ကစပြီး ကျောင်းကြိုပို့ ကားခများကို တိုးမြှင့်ကောက်ခံတော့မှာ ဖြစ်ကြောင်း အသိပေး ပြောကြားမှုတွေကို လုပ်ခဲ့ရာမှာ ပါမောက္ခချုပ်တွေက ကျောင်းသားတွေရဲ့ အခက်အခဲတွေကို တင်ပြခဲ့ပေမဲ့ အာဏာပိုင်တွေက ဂရုမစိုက် လျစ်လျူရှုခဲ့ရာကနေ ဇန်နဝါရီလ ၁၂ ရက်နေ့က ကလေးမြို့မှာ ကျောင်းသား ကျောင်းသူ ၁,၀၀၀ ကျော် ဆန္ဒပြမှု ဖြစ်ပွားခဲ့ရတာပါ။

ကျောင်းကားခ တိုးမြှင့်ကောက်ခံမှုကို လျှော့ချပေးဖို့ အပါအဝင် တောင်းဆိုချက်တွေကို လိုက်လျောစေဖို့အတွက် ကျောင်းသားတွေ စီတန်း ချီတက်ကြပုံကို မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ကျောင်းကြိုပို့ကားတွေကို အတက်နဲ့ အဆင်း အားလုံးကို တားပြီးတော့ လမ်းပိတ်ရပ်ပြီး ကားတွေလည်း မသွားခိုင်းတော့ဘူး။ ကျောင်းသားတွေ ဘူတာလမ်းခွဲကနေ ထောင်နဲ့ချီ ချီတက်လာမယ်ဆိုတာ စစ်တပ်က သတင်းရပြီးသား။ စစ်တပ်ကလည်း သတင်းကြိုရတော့ အဲဒီဒကစရှေ့မှာ တားပြီးတော့ အဆင်သင့် စောင့်နေတာပါ။”

ကလေးမြို့ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ကနေ စုဝေးပြီး ဒေသကွပ်ကဲရေး စစ်ဌာနချုပ်ရုံးကို ကျောင်းသားတွေ ရောက်သွားတဲ့အချိန်မှာ အဝါရောင်လိုင်းနဲ့ အနီရောင်လိုင်းတွေကို တားဆီးပြီး စစ်သားတွေက ကာဆီးထားခဲ့ပါတယ်။ အဝါရောင်လိုင်းနဲ့ အနီရောင်လိုင်းတွေကတော့ ထပ်ပြီး ရှေ့ဆက်မတိုးဖို့ သတိပေး တားမြစ်ချက်တွေ ဖြစ်ပါတယ်။ စစ်တပ်က ဒကစမှူးနဲ့ ဒုတိယ တာဝန်ရှိသူတွေ ခရီးထွက်နေတာမို့ သူတို့လက်အောက်က ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူ အရာရှိတဦးက ဦးဆောင်ပြီး ဖြေရှင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျောင်းသားတွေက စစ်တပ်နဲ့ ထိပ်တိုက်တွေ့တဲ့ အချိန်မှာ ကျောင်းသားတွေက ပြောတယ်၊ ကျနော်တို့ ကျောင်းသားတွေက စားဝတ်နေရေးလည်း ခက်ခဲတယ်၊ အခု ကားခတွေက နောက်တဆတက်တော့ တနေ့ကို ၄၀၀ ကုန်တယ်၊ ထမင်းစားစရာတောင် မရှိတော့ဘူး၊ အရင်တုန်းကလည်း ငတ်နေတာ၊ အခု ကားခတက်တော့ ကားခတောင် ပေးစရာ မရှိဘူး၊ ကျနော်တို့မှာ အားကိုးပြီး တောင်းဆိုစရာဆိုလို့ ဒကစမှူးပဲရှိတယ် ဆိုပြီး သွားပြောတာပါ။ ဒကစမှူးရဲ့ စကား ပြန်တုံ့ပြန်တာ မကြားရဘဲ မပြန်ဘူးလို့ အဲဒီလိုမျိုး သူတို့ ပြောတာပါ။”

ဆန္ဒပြ ကျောင်းသားတွေဟာ စစ်သားတွေ တန်းစီရပ်ထားတဲ့ နေရာထိ ချီတက်ခဲ့ကြပေမဲ့ စစ်တပ်ကတော့ လက်နက်မကိုင်ဘဲ တားဆီးမှုကို လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဘက်က ပထမဦးဆုံး ကျောင်းသားတွေကို ပြောတာကတော့ ဘယ်သူက ဦးဆောင်ပြီး ဒီလို ဆန္ဒပြမှုကို လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းပါပဲ။ ကျောင်းသားတွေကတော့ အားလုံး ဦးဆောင်တယ်၊ အားလုံး မိမိဆန္ဒနဲ့ လာကြတယ်လို့ ဖြေကြတယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေ တောင်းဆိုချက်ကတော့...

၁။ ကားခကို ကျပ် ၂၀၀ ကောက်ခံနေတာ အရင်နှုန်းထားအတိုင်း ကျပ် ၁၀၀ ကို ပြန်လည်လျှော့ချပေးဖို့၊

၂။ ကျောင်းသားဦးရေနဲ့အညီ ကျောင်းကား လုံလောက်စွာ စီစဉ်ပေးဖို့၊

၃။ ကျောင်းကားတွေကို အချိန်မှန် ပြေးဆွဲပေးဖို့၊

၄။ ကွန်ပျူတာတက္ကသိုလ် ကျောင်းကားတွေမှာ ခရီးသည်နဲ့ ကုန်စည်တွေ တင်ဆောင်ခွင့် မပြုဖို့ စတာတွေ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးမှာ အာဏာပိုင်တွေဘက်က လိုက်လျောခဲ့ရပုံကိုလည်း အခုလို ပြောပါတယ်။

“သူတို့က ကျောင်းသားတွေ တင်ပြချက်ကို လက်ခံတယ်၊ အထက်ကို တင်ပြပေးမယ်၊ ခဏ စောင့်ဆိုင်းကြပါ ဆိုတော့ ကျောင်းသားတွေက အဲဒီနားမှာရှိတဲ့ အောင်ဆန်း ဘောလုံးကွင်းနားက လမ်းဘေးမှာ အားလုံး ငြိမ်သက် တိတ်ဆိတ်ပြီးတော့ ထိုင်စောင့်နေကြတယ်။ အဲဒီအချိန်မှာ သက်ဆိုင်ရာ တက္ကသိုလ်က ပါမောက္ခချုပ်တွေ၊ ကထိကတွေ၊ ဌာနမှူးတွေ ရောက်လာပြီး ဆွေးနွေးပွဲလုပ်တယ်။ စစ်တပ်ဘက်က အရာရှိတွေကလည်း အထက်ကို တင်ပြပြီး အဲဒီမှာ ဆွေးနွေးပွဲ လုပ်ကြတယ်။

“အာဏာပိုင်တွေဘက်က ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၄ ချက်ကို လက်ခံတယ်လို့ အကြောင်းပြန်တဲ့ဟာကို ကလေး ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်က ပါမောက္ခချုပ်ကို ပြောခိုင်းတယ်။ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်က ပါမောက္ခချုပ် ပြောတာက ဒီနေ့ဖြစ်တဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက် အားလုံးဟာ မှန်ကန်ပါတယ်၊ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ ဒါကြောင့် ဆရာတို့ကဖြစ်ဖြစ်၊ လူကြီးပိုင်းကပဲဖြစ်ဖြစ် လက်ခံပြီး သဘောတူပါတယ်လို့ ပြောလိုက်တော့ ကျောင်းသားအားလုံး ဝမ်းသာ ပျော်ရွှင်ပြီးတော့ လက်ခုပ်တွေတီးပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတာပေါ့ဗျာ။”

ဆန္ဒပြ ကျောင်းသားတွေဟာ အစပိုင်းမှာ လူဦးရေ ၇၀၀ ကျော်လောက် ရှိပေမဲ့ နောက်ဆုံးမှာ လူဦးရေ ၁,၀၀၀ ကျော်ထိ ဖြစ်သွားပြီး ကျောင်းသားထက် ကျောင်းသူဦးရေက ပိုများတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဆန္ဒပြ ကျောင်းသားတွေရဲ့ နောက်ဆုံး တောင်းဆိုချက် တခုကတော့ သူတို့ ဆန္ဒပြတဲ့အတွက် ဘယ်ကျောင်းသားကိုမှ ကျောင်းကနေ ထုတ်ပယ်တာ၊ အရေးယူတာ မလုပ်ဖို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြဿနာမျိုးတွေဟာ ရခိုင်ပြည်နယ်တွင်းက တက္ကသိုလ် ကျောင်းသားတွေမှာ ကြုံတွေ့ခဲ့ရသလို နယ်ကျောင်း အတော်များများမှာ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG