သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု နှစ်ဦးသေဆုံး


ဒီကနေ့မနက် မနက်အစောပိုင်းက ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင် ကျွမ်းခဲ့တာကြောင့် နိုင်ငံခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးတော့ သေဆုံးသူ ၂ ဦးထိရှိလာခဲ့ပါတယ်။ ယခုအချိန်ထိ မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းတွေ ဆုံးရှုံးမှုတန်ဖိုးတွေကိုစစ်ဆေးဆဲပဲလို့ တာဝန်ရှိသူတွေနဲ့ အာဏာပိုင် တွေဘက်က ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က တင်ပြပေးပါလိမ့်မယ်။

ဒီကနေ့အောက်တိုဘာ ၁၉ ရက် မနက်အစောပိုင်းက ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် ၅ လွှာကနေစတင်ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီမီးလောင်ကျွမ်းမှုကြောင့်မကာအိုနိုင်ငံခြားသူအမျိုး သမီးတစ်ဦးဒဏ်ရာရရှိခဲပြီ သေဆုံးသူ အလောင်း ၁ လောင်းကို မနက်ပိုင်းကတွေ့ရှိခဲ့ ပါတယ်။

နေ့လည် ၂ နာရီခွဲကျော်မှာတော့ သေဆုံးသူ နောက်ထပ် အလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဒုတိယညွန်ကြားရေးမှူး ဦးမြင့်စိုးကပြောပါတယ်။

"ကျနော်တို့ ၂ နာရီခွဲကျော်ကျော်လောက်က တွေ့တာပဲ အဲဒါကတော့ ဘာအလောင်းလည်းတော့မသိဘူးခင်ဗျ။ ရုပ်ပျက်ဆင်းပျက်ကို ကျနော်တို့တွေ့တာ ။ သေသေချာချာဘယ်သူ့ကိုမှ အသေးစိတ်မစစ်ရသေးပါဘူးခင်ဗျ။ တယောက်ကတော့ ဒဏ်ရာရထားတယ် ကျန်တာကတော့ နည်းနည်းပါးပါးတော့ထိတာတွေတော့ရှိမှာပေါ့ ။ ဆိုလိုတာက ဘာမှကို စာရင်းအသေးစိတ်တွေဘာတွေ မသိသေးဘူး။"

သေဆုံးခဲ့သူများနဲ့ပတ်သက်ပြီးတော့ စစ်ဆေးသိရှိပါက သက်ဆိုင်ရာသံရုံးတွေကနေတဆင့် အကြောင်းကြားပြီး သက်ဆိုင်ရာမိသားစုတွေကို အဆင်ပြေအောင်စီစဉ်ပေးမယ်လို့ ထူး လုပ်ငန်းစုဥက္ကဌရုံးက တာဝန်ရှိသူ ဦးဌေးလွင်က မနက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

"ဘယ်နိုင်ငံသားဆိုတာကို ကျနော်တို့က စိစစ်ပြီးတော့ သိပြီဆိုတာနဲ့ သံရုံးကနေ သက်ဆိုင်ရာကို မိသားစုကိုအကြောင်းကြားမှာဖြစ်သလို ကျနော်တို့ဆီကနေကိုယ်တိုင် သူ့မိသားစုကို သွားတွေ့ပြီးတော့မှ သေချာလေးအဆင်ပြေပြေ စီစဉ်ပေးဖို့အနေအထားမျိုးအထိ ကျနော်တို့ စီစဉ်နေပါတယ်။"

မီးလောင်ကျွမ်းချိန်မှာ ဟိုတယ်အတွင်းတည်းခိုသူ ၁၄၀ ကျော်ရှိပြီး အများစုမှာ နိုင်ငံခြားသားများဖြစ်ပါတယ်။ ဒီကနေ့မနက်အစော ၃ နာရီခွဲကျော်က လောင်ကျွမ်းခဲ့တဲ့မီးဟာ မနက် ၆ နာရီခွဲကျော်အထိ အပြီးသတ်ငြိမ်း သတ်နိုင်ခဲ့ခြင်းမရှိဘဲ မီးလောင်ကျွမ်းမှုအဆင့် ၄ သတ်မှတ်ပြီး ငြိမ်းသတ်ခဲ့ရပြီး မီးသတ်သမားအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် ကိုလိုနီခေတ် ၁၉၄၃ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ယခုမီးလောင်ခဲ့တဲ့နေရာတွေဟာ အသစ်တည်ဆောက်ထားတဲ့နေရာများသာဖြစ်ပြီးတော့ ကိုလိုနီခေတ်က လက်ရာတွေ လောင်ကျွမ်းခြင်းမရှိဘူးလို့ ထူးကုမ္ပဏီတာဝန်ရှိသူတွေဘက်ကပြောပါတယ်။

အရင်က ယင်းအဆောက်အဦးဟာ ရန်ကုန်လှေလှော်ကလပ်အဖြစ် စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၄၈ ခုနှစ်မှာတော့ အမျိုးသားဇီဝဗေဒဆိုင်ရာ ပြတိုက်အဖြစ် ပြုပြင်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှာ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းက လွှဲပြောင်းရယူခဲ့ပြီး ဟိုတယ်အဖြစ် စတင်ပြောင်းလဲဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ ဦးတေဇပိုင်ဆိုင်ဆိုင် ထူးကုမ္ပဏီများအုပ်စုက အစိုးရဆီကနေ နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ကိုရရှိခဲ့ပြီး ငှားရမ်းပြီး ၇ နှစ်အတွင်း အခုလိုမီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG