သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူ အကြမ်းဖက်ဆူပူမှု အခြေအနေ ပြန်လည်တည်ငြိမ်


Kant Ba Lu
Kant Ba Lu
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ဒီကနေ့မှာတော့ အေးဆေးငြိမ်သက်နေပေ မဲ့ ဒေသခံတွေက စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ ဒီလို ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက် ပဋိပက္ခတွေဟာ ဆိုရှယ်မီဒီယာတွေနဲ့ အခြား ရေးသားဟောပြောမှုတွေကနေ သွယ်ဝိုက်တဲ့နည်းနဲ့ လူမှုအဖွဲ့အစည်းအတွင်း သံသယနဲ့ အမုန်းတရားတွေ တိုးပွားစေတာကြောင့် ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူက သုံးသပ်ပြီး၊ ဒီပဋိပက္ခတွေကို နည်းလမ်း ၃ မျိုးနဲ့ တားဆီးဆောင်ရွက်နေတယ် ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ခဲ့ပါတယ်။

အမျိုးသမီးတယောက်ကို ကာယအိန္ဒြေ ပျက်ပြားအောင် ကျူးလွန်ခဲ့တာကနေ အစပြုပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ နေအိမ် ၄၄ လုံး မီးလောင်ခဲ့သလို ဈေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင် ၄ ဆိုင် ဖျက်ဆီးခံခဲ့ရကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်တယောက်နဲ့ အခြားတယောက် ဒဏ်ရာရခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့မှာတော့ အခြေအနေက ငြိမ်သက်နေပေမဲ့ ဒေသခံတွေကတော့ စိုးရိမ်နေဆဲဖြစ်ပါတယ်။

“အေးအေးဆေးဆေးပါပဲ။ အခြေအနေတွေက အခုထိတော့ရှင့်။ သက်သက်မယ့် လှုံ့ဆော်တာတွေ၊ ရွာဘက်က ဒီလိုမျိုး ဖြတ်သွားဖြတ်လာတွေ၊ ကြိမ်းမောင်းတာတွေ ဘာတွေတော့ ရှိပါတယ်ရှင့်။”

ဒါကတော့ ထန်းကုန်းရွာသူတဦး ပြောသွားတာပါ။ အခြား ထန်းကုန်းရွာသားတဦး ကလည်း လက်ရှိ အခြေအနေကို အခုလို ပြောပါတယ်။

“ထပ်မံဖြစ်မယ့် အနေအထားကတော့ သတင်းလေးတွေကတော့ နည်းနည်းတော့ ထွက်တာပေါ့ဗျာ။ သူတို့က ဟို မကျေနပ်ဘူးတို့၊ ဘာတို့ ဗလီကျောင်း မထိခိုက်ရတဲ့အတွက်လေ။ အဲ့ဒါကြောင့် သူတို့ မကျေနပ်ဘူးပေါ့ဗျာ။ နည်းနည်းလေးပဲ သတင်းထွက်တာပါ။ ကျနော်တို့ ရွာသားတွေကတော့ နည်းနည်း စိုးရိမ်နေရတာပေါ့။ ဒါပေမဲ့ လုံခြုံရေးကတော့ အခု အပြည့်ချထားတာပါ။ အခုကိစ္စတွေအားလုံးက သူတို့က ကြိုတင်ပြီးတော့ ပြင်ဆင်ပြီးတော့ လုပ်တာက ထင်ပေါ်နေတာပေါ့ဗျာ။”

ထန်းကုန်းရွာသားတွေကတော့ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတခုက စည်းရုံးလှုံ့ဆော်တာလို့ ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ထန်းကုန်းရွာ အကြမ်းဖက် တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ စည်းရုံးလှုံ့ဆော်တာတွေ ရှိနေကြောင်း သုံးသပ်ထားပါတယ်။

“လူ့အဖွဲ့အစည်းနှစ်ခုကြားမှာပေါ့နော် ဘာသာတစ်ခုနဲ့တစ်ခု တခြားဘာသာတစ်ခုမှာ အထင်အမြင် မှားအောင်မျိုး ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ဆိုရှယ်မီဒီယာတွေ၊ နောက်တခြား ရေးသားဟောပြောမှုတွေကနေ သွယ်ဝိုက်တဲ့အနေနဲ့ အမုန်းတရားတွေ ပွားလာအောင် လုပ်နေတာတွေတော့ တွေ့နေရတာပေါ့နော်။ အဲ့လို တွေ့နေရတဲ့အခါကျတော့ လူတွေဆီမှာ သံသယတွေ များလာမယ်။ အမုန်းတရားတွေ ဖြစ်တဲ့အတွက် ယမ်းပုံကြီး စုသလို စုနေတာပေါ့။ အဲ့ဒီအပေါ်မှာ သာမန်ရာဇဝတ်မှု တခုဆိုတဲ့ မီးပွားလေး သွားကျတဲ့အခါမှာ သူ့ဟာသူ နဂိုအတိုင်း တရားဥပဒေအရ လုပ်ရမယ့်ဟာကို လက်ခံရမယ့်အစား အရင်တုန်းက မြို့တွေမှာ ဖြစ်သလိုမျိုး ဒီအကြမ်းဖက်မှုတွေ ဖြစ်တယ်လို့ ကျနော်တို့တော့ ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပဲခူးတိုင်းဒေသကြီးက မင်းလှ၊ အုတ်ဖို၊ ရန်ကုန်တိုင်းဒေသကြီးက တိုက်ကြီး၊ ဥက္ကံနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့တွေမှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

ဒီလို ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေကို နည်းလမ်းသုံးမျိုးနဲ့ ကိုင်တွယ်ဖြေရှင်းနေတယ်လို့လည်း ဒုဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

“ကျနော်တို့ကတော့ ၃ မျိုးနဲ့လုပ်နေတာပေါ့နော်။ ပထမတခုကတော့ ကြိုတင်ကာကွယ်နိုင်အောင်လို့ ကျနော်တို့ မြို့နယ်အဆင့်တွေ၊ နောက်ပြီးလို့ရှိရင် ရပ်ကျေးအဆင့်တွေမှာ ပဋိပက္ခ ကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့တွေပေါ့နော်။ ဘာသာနှစ်ခုကြားမှာ ပြဿနာတခု ဖြစ်ပြီဆိုတာနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံအာဏာပိုင်တွေနဲ့ တွေ့ပြီးတော့မှ ထိန်းထိန်းသိမ်းသိမ်း ဥပဒေနဲ့အညီ ဖြေရှင်းနိုင်အောင် ဆိုလိုတာကတော့ နားလည်မှု တည်ဆောက်မယ်။ ဒီဘာသာဝင်တခုကနေ နောက်ဘာသာဝင် တခုအပေါ် ပြစ်မှုကျူးလွန်တာရှိမယ်။ အဲ့ဒါကို ဥပဒေနည်းလမ်းအတိုင်းပဲ ဖြေရှင်းဖို့အတွက် ဒါမျိုးကို ဝိုင်းဝန်းထိန်းသိမ်းပေးမယ့် ကိစ္စကို နည်းလမ်းတခု ကျနော်တို့ တည်ဆောက်နေတယ်။ ပြီးရင်တော့ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှု ပိုပြီးတော့ လျှင်မြန်လာအောင် သူ့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကျနော်တို့ လုပ်နေတယ်။ နံပါတ် ၃ ကတော့ ခုနလို ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖော်ထုတ်ပြီးတော့မှ ထိထိရောက်ရောက် အရေးယူဖို့ကိစ္စ။ ဒီလို ၃ ခုနဲ့တော့ ကျနော်တို့ လုပ်နေတာရှိပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ မကြာခဏ ဖြစ်ပွားနေတဲ့ ဘာသာရေး ပဋိပက္ခ ဆန်ဆန် အကြမ်းဖက်တာတွေ ပပျောက်ဖို့အတွက် အခုလို အကြံပြုထားပါတယ်။

“ဘာသာနှစ်ခုကြား အပြန်အလှန် နားလည်မှု တည်ဆောက်တဲ့ကိစ္စ ကျနော်တို့ အစိုးရက အမိန့်ပေးပြီး လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ အားလုံးပါဝင်ဆောင်ရွက်ပြီး လုပ်ရမယ့်ကိစ္စဖြစ်တယ်။ နောက်တခုကတော့ လူတွေရှိနေတဲ့အတွက်ကြောင့် ရာဇဝတ်မှုဆိုတာကတော့ ရှိနေမှာပဲ။ သို့သော် ရာဇဝတ်တခုဖြစ်လာရင် အဲ့ဒီရာဇဝတ်မှုကို ရာဇဝတ်မှုအနေနဲ့ပဲ မြင်ဖို့ လိုတာပေါ့။ အဲ့ဒီ ရာဇဝတ်မှုအနေနဲ့ မမြင်ဘဲနဲ့ ဘာသာရေး၊ လူမျိုးရေး ပုံစံခွက်ထဲမှာ သွင်းပြီးတော့ တုံ့ပြန်မယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ်ကော နောက်တခါ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကော ထိခိုက်နိုင်တာပေါ့။ ဒါတွေအားလုံးတော့ ကျနော်တို့ ဝိုင်းထိန်းပေးဖို့ လိုတယ်လို့ပဲ ကျနော်တို့က မေတ္တာရပ်ခံစေချင်ပါတယ်။ နောက်တခါ မီဒီယာတွေအနေနဲ့လည်း ဒီအချက်တွေကို များများ ပြည်သူတွေကို ကြေညာပေးစေချင်တာပေါ့။”

ပြီးခဲ့တဲ့ရက်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားချိန်မှာတော့ ထန်းကုန်းမြို့မှာ ရဲတပ်ဖွဲ့ဝင် ၉ ယောက်သာရှိခဲ့ပြီး၊ နောက်ပိုင်း ရွှေဘိုခရိုင်နဲ့ ကန့်ဘလူမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေကို အင်အားဖြည့်တင်းပြီး ထိန်းသိမ်းခဲ့ရပါတယ်။ လောလောဆယ်မှာ အမျိုးသမီးအပေါ် ပြစ်မှုကျူးလွန် တယ်လို့ သံသယရှိသူ ၁ ဦးနဲ့ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူလို့ ယူဆသူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
XS
SM
MD
LG