သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူ အကြမ်းဖက်မှု စ စေတဲ့ အဓမ္မကြံစည်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ်


ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင်း အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားတဲ့နေရာမှာ ရဲလုံခြုံရေးများကို တွေ့ရစဉ်။ (သြဂုတ်လ ၂၆၊ ၂၀၁၃)
ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင်း အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားတဲ့နေရာမှာ ရဲလုံခြုံရေးများကို တွေ့ရစဉ်။ (သြဂုတ်လ ၂၆၊ ၂၀၁၃)
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာမှာ သြဂုတ်လ နှောင်းပိုင်းက အိုးအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံခဲ့ရတဲ့ ဘာသာရေး ပဋိပက္ခတွေ အစပြုခဲ့တဲ့ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုနဲ့ ဖမ်းဆီးခံထားရသူ ကိုဆန်းမင်းဦးကို ကန့်ဘလူတရားရုံးက ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချမှတ်လိုက်ပါတယ်။ ဒါပေမယ့် အမှုစီရင်တဲ့နေရာမှာ တရားခံဘက်က ရှေ့နေမပါတဲ့အတွက် တရားမျှတမှု ရှိတယ်လို့ ပြောဖို့ ခက်နေတယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကန့်ဘလူမြို့နယ် ထန်းကုန်းရွာမှာ အမျိုးသမီးငယ်တဦးကို သြဂုတ်လ ၂၄ ရက်နေ့က အဓမ္မပြုကျင့်ဖို့ ကြံစည်မှုနဲ့ ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ခံထားရတဲ့ ကိုဆန်းမင်းဦးကို သူ့ကို ချုပ်ထားတဲ့ ရွှေဘိုထောင်ကနေခေါ်လာပြီး စက်တင်ဘာလ ၄ ရက်နေ့က ကန့်ဘလူမြို့နယ် တရားရုံးမှာ စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။ သူ့အပေါ် စီရင်ချက် ချလိုက်တဲ့ အကြောင်းကိုတော့ ခရိုင်ရဲမှူး ဦးအုန်းလှိုင်က ဗွီအိုအေကို အခုလို အတည်ပြု ပြောဆိုပါတယ်။

"သူ့ကို ကျနော်တို့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆၊ ၅၁၁၊ အရ တရားရုံးကနေပြီးတော့ ထောင်ဒဏ်ငါးနှစ်ပါခင်ဗျ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄နဲ့ ပြစ်ဒဏ်ထောင်ဒဏ် နှစ်နှစ်ပါခင်ဗျ။ သီးခြားစီ ပြစ်ဒဏ်ချပါတယ်ခင်ဗျ။ ပေါင်း ခုနှစ်နှစ်ပါခင်ဗျ။ "

သူ့အပေါ် စွဲချက်တင်ထားတဲ့ ပုဒ်မတွေထဲမှာ တရားဥပဒေလမ်းကြောင်းနဲ့ မကိုက်ညီမှုတွေ ရှိနေတာကို တွေ့ရတယ်လို့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ Robert စန်းအောင်က အခုလို ရှင်းပြပါတယ်။

"၃၇၆က မုဒိမ်းမှုနဲ့ပတ်သက်ပြီးတော့ ပြစ်မှုနဲ့ ပြစ်ဒဏ်ကို သတ်မှတ် ထားခြင်းဖြစ်တယ်။ အဲ့တော့ ပုဒ်မ ၅၁၁ ဆိုတာကတော့ ကြံစည်မှုပေါ့ဗျာ။ ၃၅၄ဆိုတာ ကတော့ အမျိုးသမီးတစ်ယောက်ကို ကာအိန္ဒြေပျက်ပြားစေမှုပါ။ အဲ့တော့ ပုဒ်မ ၃၇၆အရ ပြစ်ဒဏ်က တစ်သက်တစ်ကျွန်းအထိ ထိုက်ပါတယ်။ ပုဒ်မ ၃၇၆/၅၁၁ အရ စွဲဆိုမှုမှာ ၃၅၄ကို ထည့်တာကတော့ သိပ်ပြီးတော့ မလျော်ညီဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ မုဒိမ်းမှုပါ ဆိုကာမှတော့ မိန်းကလေးတယောက်ရဲ့ ခန္ဓာကိုယ်ကို ထိတွယ်ကိုင်ရမှာကိုး။ အဲ့တာအတွက်က သီးခြားသွားလို့မရပါဘူး။ အဲ့တော့ ဘာနဲ့သွားတူလဲဆိုတော့ ဖောက်ထွင်းမှုတခုမှာ ပိုင်နက်ကျူးလွန်မှု ၄၄၇၊၄၄၈တို့ပါ ထည့်ပေးသလိုဖြစ်နေတယ်။ အဲ့ဒီ့တော့ ဥပဒေသဘောနဲ့ မညီညွတ်ဘူး။"

စွဲချက်တင်ခံထားရသူ ကိုဆန်းမင်းဦး အမှုကို ကြားနာ စစ်ဆေးတဲ့နေရာမှာလည်း သူ့ဘက်ကလိုက်ပေးတဲ့ ရှေ့နေမပါပဲ စီရင်ချက် ချလိုက်တာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ကန့်ဘလူမြို့ခံတွေက ပြောပါတယ်။

အဲဒီလို တရားခံဘက်က ရှေ့နေ ရှေ့ရပ်မပါဘဲ စီရင်ချက် ချတာဟာ တရားစီရင်ရေးစံနစ် မှန်ကန်မှုရှိတယ်လို့ ပြောဖို့ ခက်နေတယ်လို့ အကျိုးဆောင်ရှေ့နေ Robert စန်းအောင်က ဆက်ပြောပါတယ်။

"တရားမျှတမှုကို တရားရုံးက ဆောင်ရွက်နေရုံမျှနဲ့ မပြီးသေးပါဘူး။ ရှေ့နေရှေ့ရပ်မပါဘဲ အမှုဆောင်ရွက်တာမျိုး၊ ရှေ့နေရှေ့ရပ်မရှိဘဲ အမိန့်ချမှတ်တာမျိုး တွေက နည်းနည်း အမြင်မှာ အခက်အခဲဖြစ်စေပါတယ်။ အဲ့သလိုမဖြစ်အောင် တရားရုံးဘက်က အထူးသဖြင့် အငြင်းပွားမှုတွေရှိတဲ့ အမှုတွေမှာ ပိုသတိထားသင့်ပါတယ်။"

သြဂုတ်လ ၂၄ ရက်နေ့ညနေက အဲဒီ ထန်းကုန်းရွာသူ အမျိုးသမီးကို အစ္စလာမ်ဘာသာဝင် လူငယ်တဦးက အဓမ္မ ပြုကျင့်ဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဒေသခံတွေအကြား မကျေမနပ်ဖြစ်ရာက အိမ်တွေကို မီးရှို့ ဖျက်ဆီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

မျက်မြင်သက်သေတွေက ကိုဆန်းမင်းဦးဟာ အဲဒီလို အဓမ္မပြုကျင့်ဖို့ ကြံစည်သူဖြစ်တယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် သူ့ကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တာလို့ ခရိုင်ရဲမှူး ဦးအုန်းလှိုင်က ပြောပါတယ်။

"အားလုံးက မြင်တဲ့သက်သေတွေကပြောတယ်။ ကောင်မလေးက အော်တယ်။
အော်တော့ မြင်တဲ့သက်သေတွေပြောပြချက်အရ ကောင်မလေးကပြောတယ်။ သူတို့ဖြစ်တဲ့နေရာက ဒီရွာနှစ်ရွာကြား လယ်ကွင်းလို့ပြောတယ် ခင်ဗျ။ မြင်လိုက်တဲ့သူတွေက လိုက်ဖမ်းပို့ပြီးတော့ ရဲစခန်းကို တရားခံ လာအပ်တာနဲ့ သွားခေါ်တဲ့ လူတွေနဲ့ကြုံပြီး ပြစ်မှုကျူးလွန်တဲ့ ဆန်းမင်းဦးကို ခေါ်ခဲ့ရတယ်။ခေါ်ပြီးတော့ မလိုလားအပ်တာတွေ ဆက်ဖြစ်မှာစိုးတာနဲ့ ဒါတောင် တရားခံ ထုတ်ပေး ဘာညာနဲ့ဆိုပြီးတော့ အုတ်အော်သောင်းနင်း ပြောကြဆိုကြသေးတယ်။ "

အဲဒီ ဆူပူ မီးရှို့မှုမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံထားရသူ ၁၁ ဦးရှိတဲ့အထဲက တဦးကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အချုပ်ခန်းထဲမှာ ကွယ်လွန်သွားပြီး ဖြစ်ပါတယ်။ ကျန် ၁၀ ဦးကိုတော့ ပုဒ်မ ၄၃၆ မီးရှို့မှု၊ ပုဒ်မ ၄၂၇ အကျိုးပျက်ဆီးစေမှု စတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။
အခုချိန်မှာတော့ ထန်းကုန်းရွာက အခြေအနေဟာ တည်ငြိမ်မှု ရှိနေပြီဆိုပေမယ့် ဒေသခံတွေအကြား စိုးရိမ်မှုတွေတော့ ရှိနေတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။

"အခုလောလောဆယ် အနေအထားကတော့ ထန်းကုန်းကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမဲ့ ပုံမှန်အနေအထား၊ သွားတာလာတာတွေကတော့ ပုံမှန်အနေအထားတော့ပြန်ဖြစ်နေပြီ ဒါပေမဲ့ယခင်ကလိုတော့ ညရေးညတာ သွားရေးလာရေး၊ ကတော့ မရှိသလောက်ဖြစ်သွားပြီပေါ့ဗျာ။ အဆောက်အဦးက အိမ်ထောင်စုပေါင်း ၅၂စုခင်ဗျ။ ဆန်စက်ကြီးတလုံးပါတယ်ခင်ဗျ။ အခုဟာက ရေးတဲ့သတင်းတွေထဲမှာ ဆန်စက်ကြီးဆိုတာ ပျောက်နေတယ်။ ဆန်စက်ကြီးက လောလောဆယ် အကြမ်းဖျင်း ပျက်ဆီးတဲ့စာရင်းကိုတွက်တာကိုက အားလုံးပေါင်း သိန်းနှစ်ထောင်နီးပါးတွက်လို့ရနေပြီဗျ။"

အခု ကန့်ဘလူမြို့နယ်တရားရုံးက စီရင်ချက်ချလိုက်တာကို ခရိုင်တရားရုံး၊ တိုင်းဒေသကြီး တရားရုံးအထိ အယူခံဝင်ရုံ တင်မကပဲ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး အထိ ပြင်ဆင်မှု လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
XS
SM
MD
LG