သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူဆူပူမှုအတွက် လူ ၁၂ ယောက်ကိုဖမ်းဆီး


ကန့်ဘလူမြို့က အကြမ်းဖက်ဖြစ်ရပ်ပုံရိပ်တချို့။ (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန) သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃။
ကန့်ဘလူမြို့က အကြမ်းဖက်ဖြစ်ရပ်ပုံရိပ်တချို့။ (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန) သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ စနေနေ့က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို အာဏာပိုင်တွေ ဘက်က ထိထိရောက်ရောက် ထိန်းသိမ်းထားနိုင်ပြီး ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ အနည်းဆုံး ၁၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

ဗုဒ္ဓဘာသာဝင် အမျိုးသမီး တယောက်ကို မူဆလင်အမျိုးသား တယောက်က ကာအိန္ဒြေပျက်ပြားအောင် ပြုလုပ်ပြီး အနိုင်ကျင့် စော်ကားရန် ကြိုးစားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စနေနေ့ညက ဒေသတွင်းက မူဆလင်တွေရဲ့ အိုးအိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ဗုဒ္ဓဘာသာဝင်တွေက မီးရှို့ ဖျက်ဆီးခဲ့ကြတာပါ။ ဒီလို လူအုပ်စုနဲ့ မီးရှို့ ဖျက်ဆီးတာကြောင့် ထန်းကုန်း ကျေးရွာမှာ နေအိမ် ၄၄ လုံး မီးလောင်ပျက်ဆီးခဲ့ပြီး၊ ဈေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင် ၄ ဆိုင် ဖျက်ဆီးခံခဲ့ရသလို မီးသတ်သမား တဦးနဲ့ တခြား လူတဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

စနေနေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို တနင်္ဂနွေနေ့ မနက်လင်းအားကြီး အချိန်မှာ အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ခဲ့ပေမဲ့ မူဆလင် မိသားစု ၅၀ လောက်ကတော့ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါတယ်။ အခုအခါမှာတော့ ပြစ်မှုကျူးလွန်သူလို့ ယူဆရသူ တဦးနဲ့ မီးရှို့ ဖျက်ဆီးသူတွေလို့ ယူဆရသူ ၁၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။

မနှစ်က ရခိုင်ပြည်နယ်တွင်း ဒေသခံ ဗုဒ္ဓဘာသာနဲ့ မူဆလင်တွေကြား အဓိကရုန်းကြောင့် လူ ၂၀၀ လောက် သေဆုံးခဲ့ရသလို အိုးအိမ်ရွှေ့ပြောင်းနေ ထိုင်ရသူေတွ သောင်းနဲ့ချီရှိခဲ့ပါတယ်။ ဒီနှစ် မတ်လထဲမှာတော့ မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ကာလကြာရှည်စွာ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်လာခဲ့တဲ့ မိတ္ထီလာမြို့မှာ အဓိကရုဏ်းတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက် သေကြေ ပျက်ဆီးမှုတွေ ရှိခဲ့ပြီး အနီးအနားဒေသတွေကိုပါ တမုဟုတ်ချင်းပျံ့နှံ့ခဲ့တာကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရသလို အခုချိန်ထိလည်း သတ်မှတ်ချိန် အတွင်း အပြင်မထွက်ရ အမိန့်ကို ဆက်လက် ထားရှိနေရဆဲ ဖြစ်ပါတယ်။

မေလမှာလည်း လားရှိုးမြို့မှာ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ တွေ့လာရသလို အခုတခါ ကန့်ဘလူမြို့နယ်မှာ ဘာသာရေး ပဋိပက္ခ ထပ်မံ ပေါ်ပေါက်ခဲ့တာ လည်း ဖြစ်ပါတယ်။
XS
SM
MD
LG