သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြဝတီမြို့တိုက်ပွဲမှာ BGF စစ်ကောင်စီဘက်မှ ရပ်ခံခဲ့" KNU ပြောခွင့်ရသူ


KNU ပြောခွင့်ရ ဖဒိုစောတောနီး (ဗွီအိုအေ မြန်မာဌာန)
KNU ပြောခွင့်ရ ဖဒိုစောတောနီး (ဗွီအိုအေ မြန်မာဌာန)

KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေအားလုံးပေါင်းစည်းနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ မြဝတီမှာစစ်ကောင်စီစခန်းတွေကျပြီးနောက်ပိုင်း စောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ်က သူ့မူလရပ်တည်ချက်ပြောင်းပြီး စစ်ကောင်စီနဲ့ပူးပေါင်းခဲ့တယ်လို့ KNU ပြောခွင့်ရ ဖဒိုစောတောနီးက ပြောပါတယ်။ မြဝတီမြို့တိုက်ပွဲအခြေအနေတွေကို ထိုင်းမြန်မာနယ်စပ်တနေရာမှာ မအင်ကြင်းနိုင်က စောတောနီးကို တွေ့ဆုံမေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ထိုင်း-မြန်မာနယ်စပ်မှာရှိနေတဲ့ အဓိက ကုန်သွယ်ရေးအရလည်း အရေးပါတဲ့ မြဝတီမြို့ရဲ့နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲရှင့်။

စောတောနီး။ ။ နောက်ဆုံးပြောရမယ်ဆိုရင်တော့ဗျာ- ပြီးခဲ့တဲ့ ဧပြီလကစပြီးတော့ ကျနော်တို့လက်ထဲကျသွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အချိန်ပိုင်းက ဘာမှမကြာဘဲနဲ့ ပြန်ဆုတ်သွားရတယ်။ မြို့ထဲကနေ ပြန်ဆုတ်သွားရတဲ့အနေအထားတော့ ရှိတာပေါ့။ ဒါပေမဲ့ မြို့ပြင်မှာတော့ ကျနော်တို့တပ်တွေက ရှိနေပါတယ်။ မြို့အနီးနားပတ်ဝန်းကျင်မှာပဲ ရျိပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ ဒါဆိုရင် လက်ရှိ မြဝတီကိုထိန်းထားတာကကော BGF လို့ခေါ်ပြီးတော့ အခုနာမည်အသစ်ပြောင်းထားတဲ့ KNA ပေါ့နော်။ စောချစ်သူဦးဆောင်တဲ့ BGF တွေကနေ ထိန်းချုပ်ထားတယ်ဆိုတဲ့အပိုင်းကျတော့ရော KNU က ဘယ်လိုသဘောထားရှိလဲရှင့်။

စောတောနီး။ ။ BGF အခြေအနေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ၂၀၂၄ က သူတို့ကြေညာထားတဲ့အတိုင်းပေါ့နော်။ စစ်ကောင်စီဆီက လစာမယူတော့ဘူး၊ စစ်ကောင်စီအမိန့်ကို မနာခံဘူးဆိုတဲ့ဟာနဲ့ စလာတာပေ့ါ။ အဲဒီကနေ စပြီးတော့ ဟိုးအရင်ကရှိထားတဲ့ ပြန်လည်ပေါင်းစည်းရေးကော်မတီကနေပြီးတော့ လိုအပ်တဲ့ဟာတွေပေါ့နော်။ ကျနော်တို့ရည်မှန်းချက်ကတော့ အဖွဲ့အစည်းတခုတည်းအနေနဲ့ပြန်ရောက်ဖို့ဆိုတဲ့ရည်မှန်းချက်ထားတယ်။ ဒါပေမဲ့ အဲလောက်အထိတော့ မရောက်ဘူး။ နောက်ပီး တဖွဲ့နဲ့တဖွဲ့ ခိုက်ရန်ဖြစ်ပြီးတော့ ပြဿနာတွေမဖြစ်အောင်တော့ အတတ်နိုင်ဆုံးရှောင်ရှားတယ်။ အဲဒီအပေါ်မှာတော့ ဒီ စစ်ကောင်စီကို အပြီးတိုင်ချုပ်ငြိမ်းစေဖို့အတွက်၊ စစ်အာဏာရှင်ချုပ်ငြိမ်းစေဖို့တိုက်ပွဲ တိုက်တဲ့အခါမှာတော့ BGF ကနေ ဘာပြောလဲဆိုတော့ သူက ကြားပဲနေမယ်၊ အနှောက်အယှက်တော့မပေးဘူး-ဆိုတဲ့ အနေအထားမျိုးပေါ့နော်။ အဲဒီကနေတဆင့် စစ်ဆင်ရေးတွေ ဖော်ဆောင်လာတဲ့အခါမှာ တမဟုတ်ချင်း၊ အင်မတန်မှပဲ မြန်တယ်လို့ပဲ ပြောရမှာပေါ့၊ ဒါပေမဲ့ တခုရှိတာကတော့ သိတဲ့အတိုင်းပဲပေါ့နော်။ ပြောရရင်တော့ အဲဒီ မြဝတီမြို့မှာရှိတဲ့ တပ်ရင်းတွေအားလုံး ကျဆုံးပြီးတဲ့အခါမှာတော့ BGF က အဲလို ပြန်ပြောင်းသွားပြီးတော့ စစ်ကောင်စီဘက် ပြန်ပြီးတော့ ရပ်ခံသွားတဲ့အနေအထားကို ချက်ခြင်းလက်ငင်းကြီး ပြန်ဖြစ်သွားတယ်။ ကြားထဲမှာ ဘာမှကြာတာမဟုတ်ဘူး။ ရက်ပိုင်းပဲရှိတယ်။ အဲလိုဟာမျိုး ဖြစ်သွားတဲ့အခါမှာကျတော့ လက်ရှိကတော့ မြဝတီမြို့ထဲမှာတော့ BGF က ထိန်းချုပ်နေတယ်လို့ပဲ မြင်နေရတာပေါ့နော်။
...အုပ်ချုပ်ရေးပိုင်းအရတော့ စစ်ကောင်စီကပဲ ရှိထားတဲ့အုပ်ချုပ်ရေးနဲ့ ဆက်လက် လည်ပတ်နေတဲ့အနေအထားတော့ ရှိပါတယ်။

အင်ကြင်းနိုင်။ ။ စောစောက ဖဒိုပြောသွားပုံအရဆိုရင်တော့ မြဝတီမြို့သိမ်းကိစ္စမှာတော့ KNU ကလည်း ဗျူဟာမြောက် စဥ်းစားထားတယ်-ဆိုတဲ့အနေအထားမျိုးရော ပြောလို့ရလားရှင့်။

စောတောနီး။ ။​ ဟုတ်ကဲ့၊ အဲဒီအနေအထားမှာ ပြောရမယ်ဆိုလို့ရှိရင် မြဝတီမြို့ဆိုတာလည်း အားလုံးလည်းသိပြီးသားပဲ- ကျနော်တို့တိုင်းပြည်မှာတော့ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးတခုဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေးမှာလည်း တော်တော်လေး - ထိုင်းနိုင်ငံဘက်ကလည်း တော်တော်လေး ဝင်ငွေလမ်းကြောင်းလည်း တော်တော်ကြီးတဲ့အနေအထားတခုအပေါ်မှာ ရှိတဲ့အပေါ်မှာတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကလည်း အလေးအနက်ထားတယ်။ အလေးအနက်ထားတဲ့အပေါ်မှာ ဒီ မြဝတီကျပြီးတဲ့နောက်မှာ အုပ်ချုပ်ရေးကောင်းကောင်းမွန်မွန်ချနိုင်ဖို့ ပြင်ဆင်ထားတာတွေလည်း ရှိတာပေါ့နော်။ အုပ်ချုပ်ရေးပိုင်းမှာဆိုရင်တော့ အရေးပေါ်ပြန်ပြီးအုပ်ချုပ်ဖို့ဆိုပြီးတော့ ကော်မတီနဲ့ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ဟာတွေလည်းရှိတယ်။ ဒါပေမဲ့ တမဟုတ်ချင်း BGF က စစ်ကောင်စီဘက်ကိုပြန်ပြီးရပ်ခံသွားတဲ့အပေါ်မှာတော့ ကျနော်တို့က အဲဒါကို ချက်ခြင်းလက်ငင်းကြီး မလုပ်နိုင်တဲ့အပေါ်မှာတော့ လောလောဆယ်ကတော့ BGF ကပဲ ထိန်းချုပ်ထားတဲ့အနေအထားရှိပါတယ်။

---ကျနော်တို့ရဲ့ဗျူဟာမြောက်က ဘာလဲဆိုတော့ - မြဝတီမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီကနေပြီး ထိုးစစ်ဆင်လာတဲ့ အောင်ဇေယျစစ်ဆင်ရေးကြီးကိုတော့ အပြုတ်ချေမှုန်းဖို့ဆိုတာ ဒါ တကယ့်ဗျူဟာမြောက် လုပ်ငန်းတခုဖြစ်တယ်။ အဲဒီပြီးတဲ့နောက်မှာတော့ ကျန်တဲ့ဟာတွေက တခုပြီးတခု လိုက်ပါလာတော့မယ်ဆိုတာ ကျနော်တို့ မျှော်လင့်ရတာပေါ့နော်။

အင်ကြင်းနိုင်။ ။ အဲဒီတော့ တဘက်မှာကျတော့ ကရင် လက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်းပေါ့နော်- အခု BGF လို့နာမည်ပြောင်းထားတဲ့ KNA နဲ့ရော စောချစ်သူတို့အဖွဲ့နဲ့ ဖဒိုတို့ KNU အဖွဲ့ ဆက်ဆံရေးအခြေအနေကရော ဘယ်လိုရှိလဲရှင့်။

စောတောနီး။ ။ ၂၀၁၀ နောက်ပိုင်း အထူးသဖြင့် ကျနော်တို့ အပစ်အခတ်ရပ်စဲဖို့ လုပ်လာတဲ့အခါမှာ ကွဲထွက်သွားတဲ့ကရင်အဖွဲ့တွေကို ပြန်ပြီးတော့ တဘက်နဲ့တဘက် ခိုက်ရန်ဖြစ်ပြီးတော့ ဒီလိုမျိုး သတ်တဲ့ဖြတ်တဲ့အနေအထားတွေ မရောက်အောင်၊ နောက်ပြီးတော့ တဖွဲ့တည်းပြန်ဖြစ်သွားအောင်ဆိုတဲ့ရည်မှန်းချက်နဲ့တော့ ကြိုးစားလာတာရှိတယ်။ အထူးသဖြင့် ကရင်လက်နက်ကိုင်များ ပြန်လည်ပေါင်းစည်းရေးကော်မတီဆိုတာရှိတယ်။ အဲဒီကော်မတီကလည်း အတတ်နိုင်ဆုံး ကြိုးစားတယ်။ ရည်မှန်းချက်အနေနဲ့ တဖွဲ့တည်းပြန်ဖြစ်အောင်လုပ်ရမယ်။ ဒါပေမဲ့ ဘာသွားတွေ့ရလဲဆိုတော့ ကွဲထွက်သွားတဲ့ ကျနော်တို့ကရင်အဖွဲ့တွေ တော်တော်များများက ဘာနိုင်ငံရေးရည်မှန်းချက်မှမရှိဘူး။ အမျိုးသားရေးအပေါ်မှာလည်း ဘာမှ လေးလေးနက်နက်မရှိဘူးလို့ပဲ ပြောရမယ်။ အဲဒါကြောင့် ဒီ ခိုက်ရန်မဖြစ်ဘူးဆိုတဲ့ အနေအထားတခုကတော့ ယာယီအားဖြင့်ထိန်းချုပ်နိုင်ပေမဲ့ ထိန်းသိမ်းထားနိုင်တယ်ဆိုပေမဲ့လို့ ဒီလိုမျိုး ကျနော်တို့အမျိုးသားရေးအပေါ်မှာရော နိုင်ငံရေးအရ လေးလေးနက်နက် တွေးခေါ်စဥ်းစားလာတဲ့အခါမှာ သူတို့က အဲဒါတွေ လုံးဝမရှိတဲ့အပေါ်မှာတော့ အကျိုးစီးပွါးကို ထိခိုက်လာတယ်ဆိုရင်တော့ ကျနော်တို့နဲ့ ခွါပြဲသွားတာပဲရှိတယ်။ အဲဒါကြောင့်မို့လို့ ရှေ့အနာဂတ်မှာ ဆုံးဖြတ်ချက်ချတဲ့အခါမှာ အဖြူအမည်း သဲသဲကွဲကွဲနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ အချိန်အခါတခုတော့ ရောက်လာပြီ။ ဒါပေမဲ့ ဒီနေ့ကတော့ ကျနော့အနေနဲ့က အဲလောက်ကြီးတော့ ပြောစရာမလိုသေးဘူးလို့ ယူဆပါတယ်နော်။

အင်ကြင်းနိုင်။ ။ တဆက်တည်းမေးချင်တာက အခုဆိုရင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကိစ္စတွေမှာ BGF ခေါ် KNA ကနေပြီးတော့ ဦးဆောင်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေပေါ့လေ- အထူးသဖြင့် ရွှေကုက္ကိုတို့၊ KKK တို့ဆိုတဲ့ BGF တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို တော်တော်လေး သူတို့တွေလုပ်နေတဲ့အပိုင်းပေါ့လေ။ အဲဒီလို စွပ်စွဲချက်တွေ၊ နိုင်ငံတကာက စိုးရိမ်ချက်တွမှာ - အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ဒီကိစ္စကိုလည်း ထောက်ပြနေသလို အထူးသဖြင့် တရုတ် အွန်လိုင်း ကျားဖြန့်ဂိုဏ်းတွေက တဖြည်းဖြည်းနဲ့ ကရင်နယ်မြေဘက်မှာ တရုတ်-မြန်မာနယ်စပ်ကနေ ဒီဘက် ထိုင်း-မြန်မာနယ်စပ်ဘက်ကိုပိုပြီးတော့ ကရင်တွေရှိတဲ့နေရာကိုလည်း ပြောင်းရွှေ့လာတဲ့အပိုင်းတွေမှာလည်း ပါဝင်ပတ်သက်နေတယ်ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ KNU ရဲ့သဘောထားနဲ့ KNU ရဲ့ရပ်တည်ချက် ဘယ်လိုရှိလဲ။

စောတောနီး။ ။ ကျနော်တို့ရပ်တည်ချက်က နဂိုကတည်းကလည်း ရှင်းရှင်းလင်းလင်းရှိပါတယ်။ ဒီလိုမျိုး နယ်စပ်တကြောမှာတွေ့နေရတဲ့ မကောင်းမှုတွေပေါ့နော်၊ ဥပဒေနဲ့လုံးဝမကင်းလွတ်- ဥပဒေနဲ့ဆန့်ကျင်တဲ့အလုပ်တွေက အများကြီးရှိတယ်၊ ဒီ နယ်စပ်ဖြတ်ကျော်ပြီးတော့ လုပ်တဲ့စီးပွါးရေးလုပ်ငန်း၊ တရားဥပဒေနဲ့အကုန်လုံးဆန့်ကျင်တဲ့ဟာတွေ တော်တော်များရှိပါတယ်။ မူးယစ်ဆေးဝါးအပါအဝင် လူကုန်ကူးမှုတွေရော၊ လောင်းကစားတွေရော။ နောက် အွန်လိုင်းကနေ ဖြစ်တဲ့ဟာတွေရော။ ဒီ လို တော်တော်လေးကို ကျော်မကောင်း၊ ကြားမကောင်းဖြစ်နေတာ ကျနော်တို့ကတော့ ပြတ်ပြတ်သားသားဆန့်ကျင်တယ်ဆိုတဲ့ မူဝါဒအရလည်း ရှိထားပြီးသား၊ ကျနော်တို့ကိုယ်တိုင်လည်း လုံးဝမလုပ်ဘူး၊​ ဒါပေမဲ့လုပ်နေတဲ့လူတွေက ကရင်တွေဖြစ်နေတယ်ဆိုတာကတော့ နိုင်ငံတကာမှာ တော်တော်လေး ရှင်းပြရခက်နေတဲ့အနေအထားမှာရှိပါတယ်။ ကျနော်တို့ KNU အနေနဲ့ကတော့ မူဝါဒအရ လုံးဝဆန့်ကျင်တယ်။ လုပ်လည်း လုံးဝကို မလုပ်ဘူး။ ဒီမူဝါဒအရ ဆန့်ကျင်တယ်ဆိုပေမဲ့လို့ တကယ်လက်တွေ့ တိုက်ခိုက်ချေမှုန်းခဲ့တဲ့အခါမှာ အဲဒီ လုပ်ငန်းအတွက်ကတော့ ဘာအကူအညီမရဘဲနဲ့တော့ ကျနော်တို့လုပ်လို့ ဘယ်လိုမှမရဘူးဆိုတာကတော့ သေချာရှင်းလင်းတယ်။

ဘာလို့လဲဆိုတော့ တစ်-အချက်က ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အထောက်အကူကတော့ ကျနော်တို့ သေသေချာချာ ရှိမှပဲရမယ်။ ဒုတိယအချက်က အဲဒါကို တိုက်ဖျက်နိုင်ဖို့အတွက်က လိုအပ်တဲ့နည်းပညာတွေအားလုံးကလည်း ကျနော်တို့တကယ်လိုအပ်တယ်။ ဆိုတော့ အဲဒီ အပေါ်မှာ ကျနော်တို့က တကယ်တက်တက်ကြွကြွ ရိုက်ချိုးပစ်ချင်တယ်။ အဲဒါကြီးက တကယ် လူသားတွေအတွက်လည်းမကောင်းဘူး။ ကျနော်တို့အမျိုးသားတွေအတွက်လည်းမကောင်းဘူး။ အိမ်နီးချင်းတွေအတွက်လည်း လုံးဝမကောင်းဘူး။ အဲဒါကြောင့်မို့လို့ လိုအပ်တဲ့နည်းပညာတွေရော၊ လိုအပ်တဲ့ရုပ်ဝတ္ထု ပစ္စည်းတွေရော အဲဒါကိုတိုက်ဖျက်နိုင်ဖို့ အထူးသဖြင့် ပန်ကြားလိုတာက အိမ်နီးချင်းနိုင်ငံတွေက အဲဒါကို တက်တက်ကြွကြွလုပ်ဆောင်ဖို့တော့ လိုတယ်။ အဲဒီလို လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဒီလုပ်ငန်းဟာ ကျနော်တို့တကယ်ချေမှုန်းနိုင်တယ်ဆိုတာ သေချာပြောလို့ရတယ်။ အဲဒါမှမဟုတ်ဘဲဆိုရင်တော့ ကျနော်တို့ ဒီဟာက ကျနော်တို့ချည်းပဲနဲ့တော့ သိပ်ပြီးအလုပ်မဖြစ်ဘူးဆိုတာတော့ ရှင်းရှင်းလင်းလင်း ပြောရမှာပဲလေ-နော်။

Forum

XS
SM
MD
LG