သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ရုပ်ထုအစီအစဉ် ကရင်နီလူထုဆန္ဒပြကန့်ကွက်


ကရင်နီလူထုဆန္ဒပြကန့်ကွက် (Union of Karenni State Youth)
ကရင်နီလူထုဆန္ဒပြကန့်ကွက် (Union of Karenni State Youth)

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုစိုက်ထူမဲ့ ကယားပြည်နယ်အစိုးရရဲ့အစီအစဉ်ကို ကရင်နီလူထုအဖွဲ့အစည်းတွေကနေ ဒီကနေ့ကန့်ကွက်ဆန္ဒဖေါ်ထုတ်ခဲ့ရာမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့ကနေတားဆီးပိတ်ပင်ခံခဲ့ရတာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဟာ ပြည်မရဲ့လွတ်လပ်ရေးဖခင်တဦးဖြစ်ပေမဲ့ ပြည်နယ်နဲ့သက်ဆိုင်မှုမရှိတဲ့အတွက်ကန့်ကွက်တာဖြစ်တယ်လို့ ဆန္ဒ ဖေါ်ထုတ်ခေါင်းဆောင်တွေကပြောပါတယ်။ တိုင်းရင်းသားဒေသအတွင်းဗိုလ်ချုပ်ရုပ်ထုစိုက်ထူရေးမှာ NLDပါတီ အ တွင်းမှာလဲ သဘောထားကွဲလွှဲမှုတွေရှိနေပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်း ပေးပို့ထားပါတယ်။

ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုစိုက်ထူသွားမဲ့အပေါ် ကရင်နီအဖွဲ့အစည်းတွေကနေ ဒီနေ့ မနက်မှာကန့်ကွက်ဆန္ဒဖေါ်ထုတ်ရာမှာ ပြည်နယ်ရဲတပ်ဖွဲ့တွေကနေ တားဆီးပိတ်ပင်မှုတွေပြုလုပ်ခဲ့လို့ သပိတ် နောက်ကြောင်းပြန်လှည့်လာရတယ်လို့ ဆန္ဒဖေါ်ထုတ်ကော်မီတီခေါင်းဆောင်ခွန်သောမတ်က အခုလိုပြောပါ တယ်။

"ကျွန်တော်တို့ဟစ်တိုင်ကိုသွားဖို့လုပ်တယ်။ အဲတာပြည်နယ်ရဲတပ်ဖွဲ့ကကျွန်တော်တို့ကိုပိတ်ပင်တယ်။ ပိတ်ပင်တော့ ကျွန်တော်တို့ပြန်ညှိတယ်။ သုံးလေးခါတော့ညှိနှိုင်းတယ်။ ညှိနှိုင်းလို့မရတောကျွန်တော်တို့ဆက်သွားမယ် ပြော တော့ အဲတာလက်မခံဘူး။ ကျွန်တော်တို့ထိပ်တိုက်တွေ့ကြတာဗျ။ ကျွန်တော်တို့ဖက်ကတော့ ဦးဆောင်သူတဦး ကတော့အချုပ်ကားထဲထည့်ထားလိုက်တယ်။ နောက်ရွာသားတဦးပေါ့နော်။ ပူးပေါင်းပါဝင်တဲ့ရွာသားတယောက်ကို လက်ထိပ်ခတ်ထားတာရှိတယ်။ ဒါပေမဲ့ချက်ချင်းပါဘဲ ကျွန်တော်တို့ထိုင်သပိတ်လုပ်လိုက်တယ်။ ချက်ချင်းသူပြန် လွှတ်ပေးလိုက်တယ်။ သတ်မှတ်တဲ့နေရာအထိကျွန်တော်တို့မရောက်လိုက်နိုင် အခြေပနေကတော်တော်လေးဆိုးတဲ့ အနေအထားတခုမှာ ကျွန်တော်တို့ကိုယ့်လူထုကိုဘဲကျွန်တော်တို့ပြန်ထိန်းလိုက်တယ်။ လူစုခွဲပြီးအခုဘဲကျွန်တော်တို့ကိုယ့်လူထုကိုမေတ္တာရပ်ခံလိုက်တယ်။"

ဆန္ဒဖေါ်ထုတ်သူ လူ(၁၀၀၀)ခန့်ဟာ လွိုင်ကော်မြို့လယ် နာရီစင်ဆုံမှတ်ကနေ လွှတ်တော်ရှေ့က ဟစ်တိုင်ဆီ အသွား ကန့်သတ်နယ်မြေ ရောက်ဖို့ပေ ၂၀၀၀ ခန့်အလိုမှာ ရဲတပ်ဖွဲ့ကနေ ပိတ်ပင်တားဆီးခဲ့တာပါ။

ရဲတပ်ဖွဲ့ကနေ သပိတ်ခေါင်းဆောင်တဦးနဲ့ရွာသားတဦးကိုဖမ်းဆီးခဲ့ရာမှာ သပိတ်အဖွဲ့ရဲ့ထိုင်သပိတ်ပြုလုပ်မှု ကြောင့် ပြန်လွှတ်ပေးခဲ့ရတယ်လို့ ခွန်သောမတ်ကပြောပါတယ်။

ပြည်နယ်အစိုးရအစီအစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုစိုက်ထူသွားမဲ့အစီအစဉ်ကန့်ကွက်ရတဲ့အကြောင်းကို တော့ ဆန္ဒဖေါ်ထုတ်ကော်မီတီခေါင်းဆောင် ခွန်သောမတ်ကအခုလိုပြောပါတယ်။

"ကန့်ကွက်တဲ့အကြောင်းအရင်းကတော့ နံပါတ်(၁) ကျွန်တော်တို့ပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်မထားသင့်ဘူးဆိုတဲ့ ကိစ္စကို အခြေခံတယ်။ ကျွန်တော်တို့ပြည်နယ်သမိုင်းကြောင်းအရ သီးခြားလွတ်လပ်ခဲ့တဲ့ပြည်နယ်ဖြစ်တယ်။ ကျွန် တော်တို့ပြည်နယ်အတွင်းမှာရှိတဲ့ မျိုးနွယ်စုခေါင်းဆောင်အသီးသီးတွေလဲရှိတယ်ပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်း ဆို တာက ပြည်မရဲ့လွတ်လပ်ရေးဖခင်တဦးဘဲဖြစ်တာပေါ့။ ကျွန်တော်တို့ပြည်နယ်နဲ့သက်ဆိုင်မှုမရှိတဲ့အတွက် ကျွန် တော်တို့က ဒီပြည်နယ်ထဲကို သူ့ရုပ်ထုထားရှိဖို့ကျွန်တော်တို့လက်မခံတဲ့အဓိကအချက်က အဲဒီအချက်တွေဖြစ် ပါတယ်။"

လွိုင်ကော်မြို့ပြည်သူ့ပန်းခြံမှာ ဆန္ဒဖေါ်ထုတ်ခွင့်အတွက် သက်ဆိုင်ရာကိုအကြောင်းကြားထားပြီးသားလို့ ခွန်သော မတ်ကပြောပါတယ်။

ကယားပြည်နယ်အတွင်း လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိသင့်ကြောင်းမယ်စဲမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဦးကအမြင်ရှိနေတာပါ။

"အခုသူတို့ဆန္ဒပြနေတယ်လေ။ ဒီရုပ်ထုကိုထားသူတို့သဘောမကျလို့သူတို့ဆန္ဒပြနေတာ။ အဲဒီဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုထားတာတော့ ဘာမှပြဿနာမရှိပါဘူး။ သမိုင်းဝင်ရုပ်ထုထားတာဘဲလေ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တိုင်း ပြည်ကိုလွတ်လပ်ရေးရအောင်လုပ်သွားတဲ့ ရုပ်ထုလုပ်ထားတာဘဲလေ။ ဘာတွေများပြဿနာရှိနေလို့လဲ။"

ဗိုလ်ချုပ်ရုပ်ထုစိုက်ထူရေးမှာ ကယားပြည်နယ်NLDပါတီ အတွင်းမှာလဲ သဘောထားကွဲလွှဲမှုတွေရှိနေပါတယ်။

ဆန္ဒဖေါ်ထုတ်နေတဲ့ကရင်နီအဖွဲ့အစည်းကသူတွေဟာ ယခင်အစိုးရလက်ထက်က အာဇာနည်နေ့ကျင်းပနိုင်ရေး ကြိုးပမ်းခဲ့တဲ့သူတွေဖြစ်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရေးကြောင့် အမြင်ကွဲလွှဲမှုတွေရှိနေတဲအပေါ် ညှိနှိုင်းတိုင်ပင်သင့်တယ်လို့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ ကပြောပါတယ်။

"ဒီကလေးတွေကဗိုလ်ချုပ်ကိုကန့်ကွက်တယ်ဆိုတာက ဗိုလ်ချုပ်ကိုကြည်ညိုခဲ့တဲ့သူတွေဘဲ။ လေးစားတဲ့လူဘဲ။ ကျွန်မ တို့ဟိုးအရင်တုန်းက အာဇာနည်နေ့ဆိုတာပေးမလုပ်ခဲ့ဘူး။ ကျွန်မတို့ကယားမှာလေ။ အကြောက်တရား အရမ်းများ တယ်။ အဲဒီကြားထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကဗျာနဲ့အာဇာနည်နေ့တို့ဆိုတာလုံးဝကျင်းပခွင့်မရတဲ့အချိန်မှာ ဒီကလေးတွေပါဝင်ခဲ့တယ်။ ကိုယ်ပိုက်ဆံနဲ့ကိုယ် ဖိုတိုရှော့ မုန့်ဖိုးကနေဆွဲပြီးတော့မှ လိုက်ဝေတဲ့လူလဲ ဒီလူဘဲ။ အာဇာနည်နေ့မှာဘယ်သူမှမပါပေမဲ့ ဒီကလေးတွေပါတယ်။ အခုခပ်များများက အာဇာနည်ချီတက်တဲ့အချိန်မှာ ခပ်များ များကမပါပါဘူး။ မလိုက်ပါဘူး။ အခုကျမှအဲဒီလိုလုပ်တာ ဗိုလ်ချုပ်ကိုလဲအကြည်ညိုတန့်စေတယ်။ လုပ်ဆောင်ချက် တခုက နဲနဲလေးမှားတာ။ အဲဒီမှာလာပြီးတော့ရုပ်ထုကြီးလုပ်တယ်ဆိုရင် ဒါတိုင်းရင်းသားဒေသခံတွေကို စော်ကားသ လို တော့မြင်ပါတယ်ရှင့်။ ပြည်သူလူထုရဲ့ရင်ထဲမှာဘာလဲနားလည်ပေးပါ။ လူထုသဘောမတူရင်တော့မလုပ်ပါနဲ့။ ဗိုလ်ချုပ်ရဲ့ရိုးကိုလဲကျွန်မရှိစေချင်တယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာကျွန်မတို့ အစိုးရနဲ့ တကယ့်လူထုနဲ့ကို ဆွေး နွေးစေချင်တယ်။"

ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့လိုလားနေသလို ကရင်နီလူ့အဖွဲ့အစည်းတွေ အနေနဲ့ ကတော့ သမိုင်းကြောင်းအရ ပက်သက်မှုမရှိတဲ့ရုပ်ထုထားရှိမှုအတွက် ကန့်ကွက်နေခဲ့ကြတာပါ။

ကယားပြည်နယ် လွိုင်ကော်မြို့က လူထုပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူထားရှိမယ့် အစီအစဉ်ကို ရပ်တန့်ပေးဖို့ ပြည်နယ်အတွင်း လူထုအသင်းအဖွဲ့တွေက ပြည်နယ်အစိုးရကို ဇွန်လ ၁၈ ရက်နေ့က အိတ်ဖွင့်စာတစ်စောင်ပေးပို့ခဲ့ပေမဲ့ ပြည်နယ်အစိုးရအနေနဲ့ ဆက်လက်လုပ်ဆောင်သွားမဲ့အခြေအနေ မှာရှိနေ ပါတယ်။

နိုင်ငံရေးလေ့လာသူဒေါက်တာရန်မျိုးသိမ်းအနေနဲ့ကတော့ တိုင်းရင်းသားဒေသအတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ထားရှိမှုကို ရပ်တန့်ဖို့လိုကြောင်းထောက်ပြထားပါတယ်။

"တိုင်းရင်းသားလူမျိုးစုအများစုနေထိုင်တဲ့ပြည်နယ်တွေမှာ ဒီဗိုလ်ချုပ်အောင်ဆန်းရုပ်ထုထားရှိမဲ့ကိစ္စနဲ့ ပက်သက်ပြီး တော့ လက်ရှိကျွန်တော်တို့ကယားပြည်နယ်လွိုင်ကော်မြို့မှာဖြစ်နေတဲ့ ဆန္ဒထုတ်ဖေါ်ပွဲကိုကြည့်ရင်လဲဘဲ ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ပေါ့လေ ဗိုလ်ချုပ်အောင်ဆန်းအပေါ်လေးစားတယ်။ တန်ဖိုးထားတယ်။ ဒါပေမဲ့ဗိုလ်ချုပ် အောင်ဆန်းရုပ်ထုလာပြီးထားမဲ့ကိစ္စအပေါ်မှာတော့ သဘောမတူဘူး။ ဘဝင်မကျဘူးဆိုတာပေါ်လွင်နေတယ်။ ဒီလို လုပ်ရပ်မျိုးတွေအကြောင်းပြုပြီးတော့ တိုင်းရင်းသားတွေကြားမှာစည်းလုံးညီညွတ်မှုလျော့ရဲလာမယ်။ သွေးကွဲလာ မယ်ဆိုလို့ရှိရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးကို အကြီးကျယ်ထိခိုက် စေနိုင်တယ်လို့မြင်ပါတယ်။ အဲဒီအပြင် (၂၁)ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့လုပ်ငန်းစဉ်ကိုလဲဘဲ ကြီးကြီးမားမားထိခိုက်လာစေနိုင်တယ်လို့မြင်တယ်။ အဲဒီလိုဖြစ်စဉ်တွေဟာ ကျဆုံးသွားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကိုလဲထိခိုက်နိုင်တာမို့လို့ ပြည်ထောင်စုအစိုးရအနေနဲ့ နိုင်ငံတော်သမ္မတအနေနဲ့ သက်ဆိုင်ရာပြည်နယ် အစိုးရ တွေကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီးတော့ အမြန်ဆုံးတားမြစ်ဖို့လိုအပ်တယ်လို့မြင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲအနိုင်ရ အစိုးရဖွဲ့လာနိုင်ပြီးနောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ်အလိုက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုထားရှိမှုတွေဟာ ပိုမိုများပြားလာသလို တိုင်းရင်းသားပြည်နယ်တွေမှာ ဗိုလ်ချုပ်ရုပ်ထု ထားရှိမှုကြောင့် NLDပါတီနဲ့ ဒေသခံတိုင်းရင်းသားတွေအကြား အမြင်ကွဲလွှဲမှုတွေဆန့်ကျင့်ကန့် ကွက်မှုတွေ ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကလဲ ကချင်ပြည်နယ်မြစ်ကြီးနားမြို့အတွင်းဗိုလ်ချုပ်အောင်ဆန်းရုပ်ထုထားရှိမှုကို ကချင်ဒေသ ခံတွေကန့်ကွက်ခဲ့ကြသလို မွန်ပြည်နယ်အတွင်း မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် သတ်မှတ်မှု အပေါ် ဒေသခံမွန် ကရင် ပအိုဝ်တိုင်းရင်းသားတွေကနေ ကန့်ကွက်မှုတွေနဲ့ကြုံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG