သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးပဋိပက္ခကြားက ကရင်နီစစ်ရှောင်လူငယ်တွေ အဆင့်မြင့်ပညာ ဆက်သင်ယူနေကြ


ကရင်နီလူမှုသိပ္ပံကောလိပ် ရဲ့ ပထမအကြိမ် ဘွဲ့နှင်းသဘင်
Credit to- Karenni College of Social Sciences & Humanities
ကရင်နီလူမှုသိပ္ပံကောလိပ် ရဲ့ ပထမအကြိမ် ဘွဲ့နှင်းသဘင် Credit to- Karenni College of Social Sciences & Humanities

ကရင်နီဒေသက စစ်ရှောင်လူငယ်တွေ ပညာသင်ကြားခွင့် အခွင့်အလမ်း မဆုံးရှုံးရအောင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က ကြားကာလ အခြေခံပညာစာသင်ကျောင်းတွေ ဖွင့်လှစ်ထားသလို ဆေးပညာ၊ သူနာပြု၊ လူမှုသိပ္ပံ၊ ပညာရေးစတဲ့ ကောလိပ်အဆင့် အဆင့်မြင့်ကျောင်းတွေပါ ဖွင့်လှစ်သင်ကြားနေပါတယ်။ တက္ကသိုလ်အဆင့် နိုင်ငံတကာအဆင့်မှီ အဆင့်မြင့်ပညာတွေ ဆက်လက်သင်ကြားခွင့်နဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေနဲ့လုပ်ငန်းခွင်တွင်း လုပ်ကိုင်ခွင့်တွေကိုလည်း ဖန်တီးပေးသွားမယ်လို့ ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ဦးဆောင်ပြီး ကရင်နီဒေသ ကယားပြည်နယ်အတွင်း ကြားကာလ အခြေခံပညာစာသင်ကျောင်းပေါင်း ရာချီ ဖွင့်လှစ်ထားသလို ကောလိပ်အဆင့် ကရင်နီဆေးကောလိပ်၊ ကရင်နီလူမှုသိပ္ပံကောလိပ်၊ ကရင်နီသူနာပြုတက္ကသိုလ်၊ ကရင်နီပညာရေးဒီဂရီကောလိပ်စတဲ့ အဆင့်မြင့် ကောလိပ်ကျောင်းတွေကိုလည်း ဖွင့်လှစ်သင်ကြားပေးနေတာပါ။

အဆင့်မြင့်ပညာရေး ကျောင်း သင်ကြားပြီးသွားတဲ့သူတွေဟာ ကရင်နီပြည်ရဲ့ ကြားကာလအဖွဲ့အစည်းမှာလည်း သူတို့ အားသာတဲ့နေရာမှာ ပါဝင်အားဖြည့် လုပ်ကိုင်နိုင်တဲ့အကြောင်း အလုပ်အကိုင်အခွင့်အလမ်း ဆက်လုပ်နိုင်ခွင့်နဲ့ပတ်သက်လို့လည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂) ဗညားခွန်အောင်က ပြောပါတယ်။

“လုပ်ငန်းပိုင်ဆိုင်ရာအရ ကျွမ်းကျင်တဲ့ ပညာရပ်တွေအရမှာကတော့ ပိုပြီးတော့ အခွင့်အလမ်းတွေ ပိုပြီးတော့မှ လုပ်ကိုင်နိုင်စွမ်းပေါ့နော်၊ အရည်အသွေးမြင့်သွားတယ်။ ဆေးကျောင်းဆိုလည်း ဆေးသက္ကသိုလ်ဆိုလည်း ကျနော်တို့ သေချာတာတခုကတော့ ဆရာ၊ဆရာဝန်တွေ မလုံလောက်မှုကို ဖြည့်ဆီးပေးနိုင်တယ်ပေါ့နော်။ ယန္တရားတွေမှာဖြစ်စေပေါ့နော် သူတို့တွေကတော့ ဒီအလုပ်အကိုင်အခွင့်အလမ်းမှာပဲ ပြောပြော လူထုတော်လှမ်းရေးမှာ သူတို့ ကူညီနိုင်တယ်။”

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်မှာ ကရင်နီလူမှုသိပ္ပံကောလိပ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃ဦး ကျောင်းဆင်း ဘွဲ့ယူခဲ့ပြီးတော့ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်မှာတော့ ကျောင်းသား၊ ကျောင်းသူ ၄၃ ဦး ဆက်လက် ပညာသင်ကြားနေတယ်လို့ ကရင်နီသတင်းဖော်ပြရေးသားနေတဲ့ Karenni People’s Voice က ဒီဇင်ဘာ ၂ရက်နေ့မှာ ရေးသားပါတယ်။

အခုနှစ်ထဲမှာ ကရင်နီဆေးကောလိပ်ကို ပထမအကြိမ်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က မောင်မယ်သစ်လွင်ကြိုဆိုပွဲနဲ့ ဂျူတီကုတ်အပ်နှင်းတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်နေရတဲ့ ကြားထဲ ကျောင်းနေအရွယ်ကလေးတွေ ပညာသင်ကြားခွင့် အခွင့်အလမ်းမဆုံးရှုံးအောင် ရှိတဲ့ အင်အားနဲ့ ရုန်းကန်နေပေမယ့် လူထုတွေအတွက် ခွန်အားဖြစ်စေတယ်လို့ IEC) အတွင်းရေးမှူး(၂) ဗညားခွန်အောင်က ပြောပါတယ်။

“ကျနော်တို့ ရှိတဲ့ ခွန်အားတွေနဲ့ သွားနေကြတာပေါ့နော်။ ဒါကလည်း လူငယ်တွေအတွက်က ခွန်အားဖြစ်တယ်။ နောက် ကျနော်တို့ လူထုတော်လှန်ရေး တစ်ခုလုံးမှာလည်း ဒါလည်း ခွန်အားဖြစ်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်တို့က ရုန်ကန်တယ်။ တစ်ချိန်တည်းမှာပဲ ကျနော်တို့ နိုင်ငံကိုလည်း တည်ဆောက်ရတယ်ပေါ့နော်၊ စစ်အာဏာရှင်ကိုလည်း ကျနော်တို့ ရရာပုံစံအမျိုးမျိုးနဲ့ တွန်းလှန်တဲ့အပြင် ကျနော်တို့ရဲ့ နိုင်ငံလည်း ကျနော်တို့ ဝိုင်းပြီးတော့မှ တည်ဆောက်တယ်ပေါ့နော်။”

ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ကြားနိုင်အောင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC )က ကြိုးစားနေသလို တဖက်မှာလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနေတာပါ။ နိုင်ငံတကာ ပညာရေးကို ဆက်လက် လျှောက်လှမ်းနိုင်ဖို့ လိုအပ်တဲ့ အခွင့်အလမ်းတွေလည်း ဆက်လက်ဖန်တီးပေးရမယ် IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ဌာနမှူးကြီး ခွံမာတီးယာ က ပြောပါတယ်။

“ကျနော်တို့ဆီမှာ ကျောင်းဆရာ၊ဆရာမလည်း အများကြီးလိုအပ်ချက်တွေ ရှိသေးတယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုဆိုရင်လို့ရှိရင်လည်း ကျန်းမာရေးဝန်ထမ်းတွေ ပြန်လည်းထမ်းဆောင်ဖို့အတွက်ဆိုလို့ရှိရင်တော့ ဒီလိုမျိုး လူသားအရင်းအမြစ်တွေက အများကြီးလိုအပ်ပါတယ်။ ဆိုတော့ ဒီလူတွေက ဒီနေရာတွေမှာ အလုပ်တာဝန်ထမ်းဆောင်ဖို့ ဒါနံပါတ်(၁) ဦးစားပေးဖြစ်တာပေါ့လေနော်။ ဒုတိယဦးစားပေးကတော့ ဒီဟာက သူတို့ရဲ့ နောက်တဆင့် ဒီနိုင်ငံတကာရဲ့ တက္ကသိုလ်တွေ တက်လှမ်းနိုင်ဖို့အတွက် ဒီအရာက သူတို့အတွက် အစပျိုးပေးတာလည်းဖြစ်တာပေါ့လေနော်။ နိုင်ငံတကာရဲ့ တက္ကသိုလ်တွေ ဆက်ပြီးတက်လှမ်းနိုင်ဖို့ Master ၊ Degree တွေ ဆက်တက်လှမ်းနိုင်ဖို့အတွက်ကလည်း သွားနိုင်အောင် လုပ်ဆောင်ပေးရမှာ ဒုတိယတစ်ခု ဖြစ်တာပေါ့လေနော်။”

ကရင်နီဒေသမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေယာဉ်တွေ သုံးပြီး မကြာမကြာ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် အဲ့ဒီ ယာယီကျောင်းတွေ ထိခိုက်ပျက်စီးရသလို ဘေးကင်းလုံခြုံတယ်လို့ ထင်ရတဲ့ နေရာဆီ မကြာခဏပြောင်းရွှေ့ သင်ကြားနေကြရပါတယ်။ စစ်ဘေးရှောင် စုဝေးနေထိုင်တဲ့ နေရာမှာ စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဝေးလံခေါင်းဖျားတဲ့ နေရာဆီ တိမ်းရှောင်နေကြရတဲ့အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းမတက်ရဘဲ ပညာရေးဆုံးရှုံးနေသူလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

Forum

XS
SM
MD
LG