သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဘက် ရာသီဥတုအေးလွန်းလို့ တောတောင်တွေထဲ ပုန်းနေရတဲ့ စစ်ရှောင်ပြည်သူတွေ နာမကျန်းဖြစ်


ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ကယား(ကရင်နီ)ဒေသမှာ တောတောင်တွေထဲ ပုန်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ သုံးသောင်းအတွက် ရာသီဥတုအအေးဒဏ်ခံနိုင်မယ့် စောင်၊ အနွေးထည် စတဲ့ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက ဗွီအိုအေကို ပြောပါတယ်။ ရာသီဥတုအေးခဲလွန်းတဲ့ဒဏ်ကြောင့် စစ်ရှောင်ပြည်သူတွေထဲ ကလေးသူငယ်နဲ့ အသက်အရွယ်ကြီးရင့်သူ ၁၀၀ ကျော်လောက် အအေးမိ ဖျားနာ နာမကျမ်းဖြစ်နေကြပါတယ်။ ကရင်နီစစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံကရင်နီပူးပေါင်းတပ်တို့ကြား စစ်ရေပဋိပက္ခ ပြင်းထန်နေတဲ့ ကယားပြည်နယ်(ကရင်နီ)ဒေသမှာ စစ်ရှောင်နေရတဲ့ ပြည်သူအများစုက အခုအချိန်အထိ နယ်မြေမတည်ငြိမ်သေးပဲ တိုက်ပွဲတွေပြင်းထန်နေဆဲမို့ နေရပ်မပြန်နိုင်ကြသေးဘဲ တောတောင်တွေနဲ့နီးစပ်ရာ ကျေးရွာတွေမှာ ဆက်လက်ခိုလှုံနေကြရပါတယ်။

အခုအချိန်မှာတော့ ရာသီဥတုအေးတဲ့ ဆောင်းရာသီဝင်လာတာကြောင့် စစ်ရှောင်ပြည်သူ လူဦးရေသုံးသောင်းလောက်က စောင်း၊ အနွေးအထည်၊ ခြေအိတ်လက်အိတ်နဲ့ ခေါင်းစွပ် စတဲ့ အအေးဒဏ်ခံနိုင်မယ့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက ဌာနမှူးကြီး ခွံမာတီးယာက ဗွီအိုအေကို ပြောပါတယ်။

“အခု စစ်ရှောင်တွေ အရေးကြီးလိုအပ်နေတာတော့ ဒီစောင်တွေ အနွေးအထည်ရယ် ခြေစွပ်တွေ ဦးထုပ်နွေးလေးတွေ လိုအပ်တယ်ပေါ့လေနော်။ နောက်ပြီးတော့မှ အခု ဒီဖယ်ခုံ မိုးဗြဲ ဒီလွိုင်ကော်နဲ့ ကုန်းသာနဲ့ ချိတ်ဆက်တဲ့ ဒီလမ်းပိုင်းတစ်လျှောက်မှာလည်း အဲ့မှာရှိတဲ့ စစ်ရှောင်တွေကလည်း လွန်ခဲ့တဲ့ အပတ်တွေမှာပဲ ဒီတိုက်ပွဲဖြစ်တော့ ထွက်လာရတယ်။ အဲ့တော့ ထွက်လာတဲ့ လူတွေကလည်း အဝတ်အထည်တွေ စောင်းတွေ လုံလုံလောက်လောက် မပါလာဘူးပေါ့လေနော်၊ ဆိုတော့ လူဦးရေ ခန့်မှန်း သုံးသောင်းလောက်ကတော့ ဒီအနွေအထည် အဝတ်အစားတွေ လိုအပ်လျက်ရှိတာပေါ့လေနော်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်လောက်က စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား လွိုင်ကော်-မိုးဗြဲလမ်း တလျောက်မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးနောက်ပိုင်း စစ်ရှောင်ပြည်သူ အရေအတွက် ပိုမိုတိုးလာတာပါ။ စစ်ရှောင်ပြည်သူတွေဟာ ချက်ချင်းဆိုသလို အသက်ဘေးလွတ်ကင်းအောင် ပြေးလွှားလာကြရတာမို့ စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေလည်း များများစားစား မပါလာကြပါဘူး။

စစ်ရှောင်ပြည်သူတွေ အများစု ခိုလှုံနေကြတဲ့ ဒီးမော့ဆိုမြို့နယ် ဖရူဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်မှာတော့ ခုဆောင်းရာသီ အအေးဓာတ်ပိုလာပြီး ကလေးသူငယ်နဲ့ အသက်အရွယ်ကြီးရင့်သူ ၁၀၀ ကျော်လောက်က အအေးမိ ဖျားနာနေကြပါတယ်လို့ ဌာနမှူးကြီး ခွံမာတီးယာက ဆက်ပြေ ာပါတယ်။

“ဒီနှာစေး၊ ချောင်းဆိုး ဒီလိုမျိုးဖြစ်နေတဲ့ဟာကတော့ ဒီလူကြီးရော ကလေးရော ခန့်မှန်းပြောရမယ်ဆိုလို့ရှိရင်တော့ ဒီ လူဦးရေ ၁၀၀ ကျော်ကျော်လောက်ကတော့ ရှိမယ်။ အထူးသဖြင့် ခုန အအေးပိုင်းဒေသဖြစ်တဲ့ ဒီမြို့နယ် သုံးခုမှာရှိတဲ့ ကလေးတွေ လူကြီးတွေက ပိုပိုဖြစ်တာပေါ့လေနော်။”

စစ်ရှောင်အများစုနေတဲ့ ဒေသမှာ ညဘက် အပူချိန် သိသိသာသာကျဆင်းလာပြီး အအေးဓာတ်ပိုလာတာကြောင့် ဒုက္ခသည်တွေ ရာသီဥတုဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေကြရတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂) ကိုဗညားက ပြောပါတယ်။

“ကျနော်တို့ ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ စစ်ဘေးရှောင်တော့ နည်းနည်းများတယ်၊ ဖယ်ခုံတောက်လျှောက်မှာပေါ့နော်။ အဲ့ဒီမှာ အအေးချိန် ညပိုင်းဆိုရင် တချို့နေရာ ၁၅ ဒီဂရီ ၁၆ ဒီဂရီအထိ အေးတာပေါ့နော်၊ အဲ့တော့ တော်တော်လေးအေးတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါက လက်ရှိ ရာသီဥတုပေါ့ ဒီရက်ပိုင်းမှာက ဆက်တိုက် အို…အအေးတွေ ပိုပိုကဲလာတယ်ပေါ့နော်။”

စစ်ရှောင်အများစုက တောတောင်တွေထဲနဲ့ ဘေးကင်းတဲ့ ဒေသမှာ ယာယတီတဲထိုးပြီး ဖြစ်သလို နေထိုင်နေကြရပါတယ်။ အမိုးအကာနဲ့ လုံလုံခြုံခြုံ မရှိတာကြောင့် အအေးဒဏ် ပိုခံစားနေရတာလို့ IEC အတွင်းရေးမှူး(၂)ကိုဗညားက ပြောပါတယ်။ တောတောင်ထဲနဲ့ တောင်ပေါ်ဒေသမှာ ခိုလှုံနေကြသူတွေကတော့ ဆောင်းတွင်း အအေးဒဏ်တွေကြောင့် ညပိုင်းနဲ့မနက်ပိုင်းမှာ မီးလှုံနေကြရပြီး ဆောင်းတွင်းအအေးဒဏ်ကို အံတုနေကြရတာပါ။

ဆောင်းကာလ အအေးဒဏ်ကို အံတုနေကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ပံ့ပိုးကူညီမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရ ပြောခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။ ဒါအပြင့် နှစ်ဘက်တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာရော စစ်ရေးတင်းမာမှုမရှိတဲ့ ဒေသမှာပါ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ဒရုန်း၊ လေယာဉ်တွေနဲ့ လှည့်လည်ထောက်လှမ်းပြီး မကြာမကြာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေ လုံခြုံရေး စိုးရိမ်နေကြပါတယ်။

Forum

XS
SM
MD
LG