သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ကရင်နီမှာ တပတ်အတွင်း အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး


လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ မှုမြင်ကွင်း။ ( တင်းဓာတ်ပုံ- Karenni People Voice)
လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ မှုမြင်ကွင်း။ ( တင်းဓာတ်ပုံ- Karenni People Voice)

ကရင်နီပြည်နယ်မှာ အရပ်သားတွေအပေါ် စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် နို၀င်ဘာလ ပထမသီတင်းပတ်အတွင်း ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNDF ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ဗွီအိုအေကိုပြောပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်နဲ့ လွိုင်ကော်မြို့နယ် နှစ်နေရာကအရပ်သားတွေရှိတဲ့နေရာကို စစ်ကောင်စီဘက်က ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သား (၆) ဦးသေဆုံးခဲ့ပြီး တချို့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ KNDF က ဆိုပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ပင်လောင်း-ဖယ်ခုံလမ်းပိုင်းမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ လကတည်းကနှစ်ဘက်တိုက်ပွဲပြင်းထန်လိုက် အခြေအနေပြန်ငြိမ်သွားလိုက်နဲ့ တိုက်ပွဲပြင်းထန်လာတာ လနဲ့ချီကြာသွားပါပြီ။ ဒါပေမဲ့ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ်နှစ်ခုမှာတော့ လတ်တလော တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ရော လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၈ ရက် တရက်တည်းမှာတင် အရပ်သား ၆ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“ ၈ ရက်နေ့ ညနေပေါ့နော် ၁၁ နာရီလောက်မှာ စစ်ကောင်စီက ဗုံးကြဲတဲ့အတွက် ဖယ်ခုံမြို့နယ်ဘက်က ကျေးရွာတခုမှာပြည်သူနှစ်ဦး ပွဲချင်းပြီးသေဆုံးပြီးတော့မှ သုံးဦး ဒဏ်ရာရရှိတယ်ပေါ့နော်။ ထိုနည်း လည်းကောင်းပဲ ၈ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာအုပ်စုမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ တိုက်ခိုက်တဲ့အတွက် သေဆုံးသူက ၄ ဦးဖြစ်သွားပါတယ်ပေါ့နော်၊ ဆိုတော့ ၄ ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာက ၃ ဦးဖြစ်ပါတယ်။ နိုးကိုးရယ်၊ ဖယ်ခုံပေါ့နော်။ အရှေ့ ကာလဆိုတဲ့ကျေးရွာကို ဗုံးကြဲတဲ့နှစ်နေရာလုံးက တိုက်ပွဲဖြစ်တဲ့နေရာတွေ မဟုတ်ပါဘူး၊တိုက်ပွဲနဲ့ ဝေးတဲ့နေရာတွေဖြစ်ပါတယ်။”

သေဆုံးသူတွေဟာ နိုးကိုးကျေးရွာက အသက် ၁၂ နှစ်အရွယ်မိန်းကလေးတဦး၊ အသက် ၂၀ ကျော်အရွယ်အမျိုးသမီးတဦး၊ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ သရက်ပင်ကျေးရွာက အသက် ၃၅ နှစ် အရွယ်အမျိုးသားတဦးတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၈ ရက် ညပိုင်းမှာလည်း ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် အရှေ့ပိုင်း ကာလကျေးရွာကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲမှုကြောင့် အသက် ၃၀ အရွယ်အမျိုးသားတဦးနဲ့ အသက် ၄၀ အရွယ်အမျိုးသမီးတဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတဦးရှိခဲ့သလို နေအိမ်တချို့နဲ့ ကားတချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

အခု စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်လိုက်တဲ့နေရာတွေဟာ တိုက်ပွဲမရှိဘဲ ရွာသူရွာသားနဲ့ စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာတွေဖြစ်တာမို့ အားလုံးက စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) လည်းဖြစ်၊ ကရင်နီ လူ့အခွင့်အရေးတည်ထောင်သူလည်းဖြစ်တဲ့ ကိုဗညားက ပြောပါတယ်။

“စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်လိုက်တဲ့အတွက်ကြောင့်မို့ နိုးကိုးရွာရယ်၊ နောက်ပြီးတော့ သရက်ရွာပေါ့နော်၊ အဲ့ဒီမှာ လက်နက်ကြီးလေးလုံး ကျရောက်ပေါက်ကွဲအတွက်ကြောင့်မို့ လူ လေးဦး သေဆုံးပြီးတော့မှ ၆ ဦးထိခိုက်ဒဏ်ရာရတယ်ပေါ့နော်။ ဒီရွာနှစ်ရွာလုံးက စစ်ဘေးရှောင်ရော ရွာခံတွေရော နေကြပါတယ်။ နောက်ပြီးတော့မှ ဖယ်ခုံအရှေ့ခြမ်းကိုတော့ ကျနော်တို့ လူထုနေတဲ့ရွာကို ဗုံးလာကြဲတာပေါ့နော်။ အဲ့ဒီမှာ အိမ် ၃၊ ၄ လုံးပျက်စီးသွားတယ်။ ကားတစီး၊ နှစ်စီးပျက်တယ်။ နောက် လူနှစ်ဦးပေါ့။ ကျားတဦး၊ မတဦးသေဆုံးသွားတာရှိပါတယ်။ အခုပြောတဲ့နေရာ နှစ်ခုလုံးပေါ့နော်တိုက်ပွဲမရှိပါဘူး။ လွိုင်ကော်မြို့ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲ။ အဲ့ဒီရက်ပိုင်းလည်း မရှိပါဘူး။ စစ်ကောင်စီက ပုံမှန်ပဲလိုက်ပြီးတော့မှ ရွာတွေကို သူ့ရဲ့ လက်ထဲမှာမရှိတဲ့ ရွာတွေကို လက်နက်ကြီး ပစ်တာတွေ ဗုံးကြဲတာတွေ မကြာခဏလုပ်ပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းမှာလည်း ဒရုန်းနဲ့ စစ်တပ်ဗုံးကြဲလို့ ဗန်းမောက် စစ်ဘေးရှောင်တဲ့ ကလေးငယ်တဦးအပါအဝင်သုံးဦးသေဆုံးခဲ့ပြီး ၉ ဦးက ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ်မခွဲခြားဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ စစ်ကောင်စီတပ်က ဆက်လက်ကျူးလွန်နေတယ်လို့ KNDF က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ကနေ ဖယ်ခုံမြို့နယ်ဘက်ကို စစ်ကောင်စီက အင်အားဖြည့်တင်းစစ်ကြောင်းထိုးနေတာကြောင့် နေ့စဉ်ဆိုသလို ထိတွေ့မှုတွေရှိပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ဖယ်ခုံဖယ်မှာတော့ တိုက်ပွဲတွေရှိနေတုန်းပါ။ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်နေတုန်းဖြစ်ပါတယ်။ ဖယ်ခုံမှာကတော့ ဒီပင်လောင်းကနေ ဖယ်ခုံဖက်ကို စစ်ကြောင်းထိုးတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပေါ့နော် ထိတွေ့တိုက်ပွဲတွေ ဖြစ်ကြတာဖြစ်ပါတယ်။”

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဘက်ကိုတော့ စစ်တပ်က ရက်ဆက်ဆို သလိုလက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာပါ။ လတ်တလော ရှမ်း-ကယားဒေသ တိုက်ခိုက်မှုကြောင့်အရပ်သားထိခိုက်သေဆုံးတာနဲ့ ပင်လောင်း-ဖယ်ခုံစစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် တုံ့ပြန်ချက်ရရှိဖို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG