သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားဆောင်း နဲ့ ဘော်လခဲကြား စစ်ကောင်စီစခန်း ကရင်နီပူးပေါင်းတပ် သိမ်းပိုက်


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) (ယခင်ပုံဟောင်း)
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) (ယခင်ပုံဟောင်း)

:ကယားပြည်နယ်က စစ်ကောင်စီတရဲ့ တပ်စခန်းတခုကို အောက်တိုဘာ ၁၂ ရက်နေ့က ကရင်နီပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDFကဆိုပါတယ်။ စခန်းအတွင်း လက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ကိုလဲ သိမ်းဆည်းရမိတယ်လို့ ကရင်နီတပ်ဘက်က ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို မခွာညိုက တင်ပြပေးထားပါတယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်ထဲက ဖားဆောင်းမြို့နယ်နဲ့ ဘောလခဲမြို့နယ်ကြားမှာရှိတဲ့ စစ်ကောင်စီ ထူးချောင်း တပ်စခန်းကုန်းကို ကရင်နီ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၂ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။ အဲ့ဒီနောက် အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ကရင်နီ ပူးပေါင်းတပ်တွေက စစ်ကောင်စီ ပင်မတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်တယ်ဆိုတာ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ကရင်နီ ပူးပေါင်းတပ်တွေက ထူးချောင်းတပ်စခန်းကို အောက်တိုဘာ ၁၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေကို KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ခုလို ပြောပါတယ်။

``စစ်ကောင်စီတပ် ထိုင်ထားတဲ့ ထူးချောင်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၁၂ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်တယ်ပေါ့နော်။ အဲ့မှာ စစ်ကောင်စီဘက်က အထိနာတာများတဲ့အထိ သူတို့ဘက်က စခန်းကို ဆုတ်ခွာထွက်ပြေးသွားတယ်ပေါ့နော်။ တော်လှန်ရေးဘက်က ထူးချောင်းစခန်းကို သိမ်းပိုက်လိုက်နိုင်တယ်ပေါ့နော်။ အဲ့မှာ စစ်ကောင်စီဖက်က ၆ ဦး သေဆုံးတာ တွေ့ရတယ်ပေါ့နော်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကတော့ ဗုံးသီးတွေ နောက်ပြီးတော့ လက်နက်ကြီးကျည်ဆံတွေပေါ့နော် လက်နက်ကြီးကျည်တွေဖြစ်တယ်။"

တူးချောင်းတပ်စခန်း သိမ်းဆည်းရမိပြီး အောက်တိုဘာ ၁၄ ရက် မနေ့ကတုန်းကလည်း ကရင်နီ ပူးပေါင်းဘက်က ပင်မတပ်စခန်းကို ဆက်လက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တပ်စခန်းအတွင်း ဆန်အိတ်တချို့ သိမ်းဆည်းရမိသလို သေဆုံးနေတဲ့ ရုပ်လောင်းတချို့ တွေ့ရကြောင်း ကရင်နီပြည် တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကန္တာရဝတီတိုင်း (မ်) က သတင်း ဖော်ပြထားပါတယ်။

ဘောလခဲနဲ့ ဖားဆောင်း ကြားက စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ညွန်ကြားရေးမှူး ဦးဇာနည်မောင်ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ စက်ပိတ်ထားပါတယ်။

ရှမ်း-ကယားနယ်စပ်က ပင်လောင်းမြို့နယ် နမ့်ဖမူ ကျေးရွာ အနီးတဝိုက် နယ်မြေစိုးမိုးဖို့ ကြိုးစားလာနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တို့အကြား နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ ဒေသခံ ထောင်ချီအတွက် စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ခြေကုပ်ယူထားတဲ့ တပ်စခန်းတွေကို ကရင်နီ ပူးပေါင်းတွေက တခုပြီးတခု တိုက်ခိုက် သိမ်းပိုက်နေပြီး တပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကိုယ်ပိုင် အုပ်ချုပ်ရေးယန္တရားနဲ့ စတင် လည်ပတ်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG