သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို လေယာဉ်ဆီ တင်ပို့ရောင်းချမှုတွေ တားမြစ်ရေး ဒေသခံတွေတောင်းဆို


စစ်ကောင်စီစစ်တပ် လေ့ကျင့်နေမှုမြင်ကွင်း (ဇန်နဝါရီ ၃၁၊ ၂၀၁၉)
စစ်ကောင်စီစစ်တပ် လေ့ကျင့်နေမှုမြင်ကွင်း (ဇန်နဝါရီ ၃၁၊ ၂၀၁၉)

မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာနေတဲ့အတွက် လေယာဉ်ဆီ တင်ပို့မှုတွေကို တားမြစ်ဖို့ တောင်းဆိုသံတွေလည်း တိုးလာနေပါတယ်။ မကြာသေးခင်ကစ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာရာက သေကျေထိခိုက် ပျက်စီးမှုတွေလည်း တိုးလာနေတာကြောင့် နိုင်ငံတကာကလည်း သတိပေးနေတာပါ။ လေကြောင်းတိုက်ခိုက်မှုတွေ ဟန့်တားနိုင်ရေး တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

တိုင်းရင်းသားတွေ၊ အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေနဲ့ စစ်ရေးပဋိပက္ခအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်မှုတွေ တိုးလာနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ မကြာသေးခင်ကစ လေကြောင်းတိုက်ခိုက်ခံရမှုတွေ တိုးလာနေတဲ့ ကရင်နီတိုင်းရင်းသား ဒေသက အခြေအနေကိုတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက အခုလို ပြောပါတယ်။

“ပြည်သူလူထုတွေ နေထိုင်တဲ့ လူနေရပ်ကွက်တွေ စစ်ရှောင်စခန်းတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတယ်ပေါ့နော်။ ဒါစစ်မြေပြင်နဲ့ မဆိုင်တဲ့ နေရာတွေ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတယ်ပေါ့နော်။ လွန်ခဲ့တဲ့ ၂ရက်လောက်က ဖယ်ခုံမြို့နယ်ထဲက ရွာတစ်ရွာကို လာရောက် လေကြောင်းတိုက်ခိုက်တယ်ပေါ့၊ လာရောက်ဗုံးကြဲတိုက်ခိုက်တယ်။ အဲ့ဒါကလည်း စစ်ရေးပစ်မှတ်မဟုတ်ဘူး။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒီစစ်ရှောင်စခန်းတွေ စာသင်ကျောင်းလိုမျိုးတွေ ပြီးတော့ ဆေးရုံဆေးခန်းတွေကိုလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လေ့ရှိတယ်ပေါ့နော်။”

စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ဖယ်ခုံမြို့နယ် လတိန်ကျေးရွာမှာ လေယာဉ်ဗုံးကြဲလို့ အရပ်သား ၁ဦးသေဆုံး၊ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ လေကြောင်းရန်ကြောင့် ကရင်နီဒေသ ကြားကာလအစိုးရက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း ၄၅၀ ယာယီပိတ်ထားရပြီး လုံခြုံရေးအခြေအနေကြောင့် ပြန်မဖွင့်နိုင်သေးဘူးလို့လည်း ကျောင်းဆရာမတဦးက ပြောပါတယ်။

“ဟုတ်ကဲ့ရှင့် လောလောဆယ်မှာတော့ ကျမတို့ကျောင်းပြန်ဖွင့်နိုင်ခြင်းမရှိသေးပါရှင်။ လေယာဉ်လည်း ခဏခဏပျံဝဲတာလည်း ရှိသေးတာဆိုတော့ စိတ်မချရတဲ့အတွက် ကျမတို့ပြန်မဖွင့်သေးပါဘူးရှင့်။”

အရပ်သားထိခိုက်မှုတွေ များလာနေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို တားမြစ်ဖို့ လိုတယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထူထောင်သူ ကိုဗညားက ပြောပါတယ်။

“လေယာဉ်ကိုက အဓိကထား ဦးစားပေးပြီးတော့မှ ဗုံးကြဲတိုက်ခိုက်နေတာကို ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ သေချာတာတခုကတော့ လေယာဉ်ဆီတွေကို ကျနော်တို့ ဖြတ်တောက်ထားနိုင်မယ်ဆိုရင်တော့ စစ်ကောင်စီရဲ့ ကျဆုံးခန်းကို ကျနော်တို့က မကြာခင်မှာ မြင်ရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်မှုလည်း ရှိပါတယ်။ နောက်လူထုတွေအပေါ်မှာ ဒီဗုံးကြဲတိုက်ခိုက်ကလည်း လျှော့နည်းသွားမှာပေါ့နော်။”

တချိန်တည်းမှာပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာခံနေရတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာလည်း လေယာဉ်ဆီတင်ပို့ရောင်းချမှု တားမြစ်ပေးဖို့ ဒေသခံတွေ လိုလားနေကြပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရတဲ့ မြင်းခြံခရိုင်က ဒေသခံတဦးကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားဖို့ လိုနေပြီလို့ ပြောပါတယ်။

"မနေ့က ဇရပ်ကြီး ငွေသောင် ကြာပင်အိုင်သူက အဲ့နားက အစုလိုက်လေးကို ထိခိုက်သေဆုံးမှုကတော့ မရှိဘူး။ ပျက်စီးမှုကတော့ တိုက်တလုံးကတော့ လုံးဝပျက်သွားတာလေ။ တိုက်ပေါ် တည့်တည့်ကျတာကို။ လေကြောင်းက တိုက်ခိုက်တာက ဒီရှေ့လျှောက် ပိုမြင့်လာမှာပဲလေ။ သူတို့က ခြေကျင်က မလာနိုင်တော့ဘူးပေါ့နော်။ အဲ့တော့ သူတို့က လေကြောင်းပဲ သုံးစရာရှိမှာလေ။ နိုင်ငံတကာ အနေအထားနဲ့က ပြည်သူတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို လေကြောင်းကသုံးပြီးတော့ ဗုံးကြဲတိုက်ခိုက်နေတဲ့ အနေအထားမှာပေါ့။ အပြစ်မဲ့ပြည်သူတွေ အများအပြားသေပြီတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် လေယာဉ်ဆီတွေကို မရောင်းချစေချင်ဘူးပေါ့။ သူတို့က လေယာဉ်ကြီးရှိပြီး ဆီမရှိရင် မသွားနိုင်ဘူးလေ။"

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း မြေပြင်တိုက်ပွဲတွေမှာ နယ်မြေတွေ လက်လွတ်ဆုံးရှုံးလာနေချိန်မှာပဲ အပြင်းအထန်လက်တုံ့ပြန်ဖို့ စစ်ကောင်စီအကြီးအကဲက ပြောဆိုခဲ့ပြီးနောက် လေကြောင်း တိုက်ခိုက်မှုတွေလည်း အရှိန်မြင့်လာခဲ့တာပါ။ အခုနောက်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက တစုံတရာပြောဆိုတာတော့ မရှိသေးပါဘူး။

မြန်မာနိုင်ငံကို ဂျက်လေယာဉ် လောင်စာဆီနဲ့ လက်နက်တင်ပို့မှုတွေမလုပ်ကြဖို့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံ ခေါင်းဆောင်တွေကတိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံတဝန်း နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေ ဆိုးဝါးလာတဲ့အပေါ် အလွန်အမင်းစိုးရိမ်ပြီး အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့၊ လူသားချင်းစာနာကူညီမှုတွေ အဟန့်အတားမရှိ ခွင့်ပြုဖို့နဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြဖို့လည်း ပြီးခဲ့တဲ့ စနေနေ့က အဆုံးသတ်ခဲ့တဲ့ ၄ နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ QUAD ထိပ်သီးအစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG