သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းထန်လာတဲ့  တနင်္သာရီတိုင်း တိုက်ပွဲ


စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့ရတဲ့ မြန်မာစစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် (ဖေဖော်ဝါရီ၊ ၂၀၁၈)
စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့ရတဲ့ မြန်မာစစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် (ဖေဖော်ဝါရီ၊ ၂၀၁၈)

တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ခပ်စိပ်စိပ်ရှိလာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရသလို၊ အရပ်သားထိခိုက် သေဆုံးတာတွေလည်း ရှိလာတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့သတင်းကို ကိုရဲမွန် ပြောပြမှာပါ။

တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာလည်း ဖေဖော်ဝါရီလကတည်းက စပြီးရှိနေတာလို့ ပြောပါတယ်။ အခု မတ်လထဲမှာတော့ ထားဝယ်ခရိုင်က တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က နေ့စဉ်လေကြောင်း အသုံးပြုလာတယ်လို့ ထားဝယ်ခရိုင် ဒေသကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

"မတ်လထဲမှာဆိုရင် နေ့စဉ်ပေါ့နော်၊ မနက်စောစောဆိုရင် ရဟတ်ယာဉ်က ရောက်နေပြီ။ နေ့စဉ်ကို ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဖြစ်နေတယ်ဗျ။ အဓိကတော့ ထားဝယ်ခရိုင်မှာပေါ့။ ကျန်တဲ့နေရာမှာက လေကြောင်းတိုက်ခိုက်မှုက အဲဒီလောက် မရှိဘူး။ ကျနော်တို့ ထားဝယ်ခရိုင်ထဲမှာပဲ ဖြစ်နေတာ။ အရှေ့တောကိုပဲ အဓိကဦးတည်နေတာ။ ရဟတ်ယာဉ်လာတယ်၊ ပြီးရင် တိုက်လေယာဉ်လာတယ်။ မြိတ်လေတပ်ကနေ တိုက်ရိုက်လာကြဲတာတွေ ရှိတယ်။ လာပြီးတော့ တိုက်ခိုက်တာတွေ ရှိတယ်။ အရှေ့တောနယ်ကိုပဲ သူတို့အဓိက ပစ်မှတ်ထားနေတာပေါ့။ အဲဒီလိုသဘောမျိုး တွေ့ရတယ်ဗျ။"

အရှေ့တောဒေသ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံအရေအတွက်က ၇,၀၀၀ ဝန်းကျင်အထိ ရှိထားတယ်လို့ ဒေါနတနင်္သာရီအဖွဲ့က စာရင်းပြုစုထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ စတင်ခဲ့တဲ့ အရှေ့တောဒေသ တိုက်ပွဲအခြေအနေဟာ ဒီကနေ့အထိ အပြန်အလှန် စစ်ရေးတင်းမာနေလို့ မြေပြင်မှာ စစ်ရှောင်နေရသူဦးရေဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူတချို့လည်း ရှိတယ်လို့ ပြောပါတယ်။ အရပ်သားပြည်သူတွေ အနေနဲ့ လေကြောင်းရန် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အသိပညာနဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့ လိုတယ်လို့လည်း ကာကွယ်ရေးရဲဘော်က ပြောပါတယ်။

"Mi-2 ရဟတ်ယာဉ်နဲ့ သူတို့အပေါ်က နေပြီးတော့ ဗုံးသီးတွေ ပစ်ချတယ်ဗျ။ ရွာတွေထဲ ကျတဲ့ဟာတွေလည်း ကျတယ်။ မနေ့တနေ့ကဆို ခရီးသွားယာဉ်မှာပါလာတဲ့ ပြည်သူတဦးလည်း ဗုံးသီးကျတာထိပြီးတော့ အသက်ဆုံးရှုံးသွားတယ်။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်နေတဲ့ပုံစံမျိုးလို့ ပြောလို့ရတယ်ဗျ။ အဲလိုတွေဖြစ်နေတော့ ပြည်သူတွေအနေနဲ့လည်း အသိပညာလိုအပ်တယ်ပေါ့။ ရဟတ်ယာဉ်လာရင် ဘယ်လိုနေထိုင်ရမလဲဆိုတာ သိဖို့လိုတယ်။ နောက်တခုက ဗုံးခိုကျင်းတွေလည်း တူးဖို့လိုတယ်ပေါ့နော်။"

တနင်္သာရီတိုင်းထဲမှာ အခုလို လေကြောင်းတိုက်ခိုက်ခံရပြီး အပြန်အလှန် စစ်ရေးတင်းမာတာတွေ မဖြစ်ခင်ကတည်းက ဒေသကာကွယ်ရေး အဖွဲ့တွေက ဗုံးခိုကျင်းတူးထားကြဖို့ကို သတိပေးထားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရှောင်နေရ သူတွေကိုလည်း လေကြောင်းရန် ကာကွယ်ရေး အသိပညာပေး အစီအစဉ်တွေကို စစ်ရှောင်ကူညီတဲ့ အဖွဲ့တွေက ဆောင်ရွက်နေတာ တွေ့ရပါတယ်။

ထားဝယ်ခရိုင်ထဲမှာပဲ စစ်ရှောင်နေသူတဦးက စစ်ကောင်စီရဲ့ လေယာဉ်တွေ ပျံဝဲနေတာ အခုရက်ပိုင်းထဲ တွေ့ရတယ်လို့ ပြောပါတယ်။ အခု မတ်လအစောပိုင်းကတည်းက မောင်မယ်ရှောင်ကျေးရွာ အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ မတ်လ ၄ ရက် ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ကျေးရွာထဲ လက်နက်ကြီးကျလို့ ရွာလုံးကျွတ် ထွက်ပြေးနေကြတယ်လို့ စစ်ရှောင်နေသူက ပြောပါတယ်။

"မောင်မယ်ရှောင်ရွာမှာတော့ တရွာလုံး ထွက်ပြေးနေရပြီ။ သူတို့ ရဟတ်ယာဉ်တွေက မွန်းလွဲပိုင်း တခါလာတယ်။ ညနေပိုင်း တခါလာတယ်။ နှစ်ကြိမ်လောက် ပျံတယ်။ တခါတလေလည်း နေ့လည်ပိုင်းလည်း တခါပျံတယ်။ တနေ့ကို နှစ်ခါပျံတာလည်း ရှိတယ်၊ သုံးခါပျံတာလည်း ရှိတယ်။"

တနင်္သာရီတိုင်းမှာ အရင်က စစ်ကောင်စီဘက်က ရေကြောင်းကို အဓိကထားပြီး လှုပ်ရှားခဲ့တာလို့ ပြောပါတယ်။ အခု ဖေဖော်ဝါရီလ ဒုတိယပတ်ကစပြီး စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတဲ့ နောက်မှာတော့ အရှေ့တောဒေသမှာ တိုက်ပွဲတွေပြင်းထန်လာပြီး အခုအချိန်ထိ လေကြောင်းအသုံးပြုလာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG