ကရင်နီဒေသမှာ (၁၁၁၁) လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး စတင်ခဲ့တဲ့ တနှစ်တာကာလအတွင်း စစ်ကောင်စီ တပ်စခန်းအများအပြားကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောလိုက်ပါတယ်။ မြို့ပေါင်း ၇ မြို့က စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ ရှေ့တန်းတပ်စခန်းတွေ အပါအဝင် ဗျုဟာကျတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။ ကရင်နီဒေသ စစ်ဆင်ရေးနှစ်ပတ်လည် သုံးသပ်ချက်နဲ့ ပတ်သက်လို့ ရန်ကုန်ကသတင်းပေးပို့ ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။
(၁၁၁၁) တစ်လေးလုံးစစ်ဆင်ရေးအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ကရင်နီတပ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲဟာ ၂၀၂၄ နိုဝင်ဘာလ ၁၁ရက်နေ့က တစ်နှစ်တင်းတင်းပြည့်သွားခဲ့ပါပြီ။ ဒီ(၁၁၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ခုခံ တိုက်ခိုက်မှုကြောင့် ကရင်နီတပ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဆုံးရှုံးမှုတွေ ရှိသလို အောင်မြင်မှုတွေလည်း အများကြီးရရှိခဲ့ကြတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ကပြောပါတယ်။
(၁၁၁၁) စစ်ဆင်ရေးအတွင်း ကယားပြည်နယ် ဒေသအခေါ် ကရင်နီဒေသက မြို့ ပေါင်း ၇ မြို့ နဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ ရှေ့တန်းတပ်စခန်း အားလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
“ တစ်လေးလုံးစစ်ဆင်ရေး နောက်ပိုင်းမှာ မြို့ ၇မြို့လောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နိုင်ခဲ့တယ်ပေ့ါနော်။ စစ်ကောင်စီရဲ့ တပ်စခန်းတွေ တော်တော်များများကိုလည်း သိမ်းပိုက်နိုင်ခဲ့တာပေါ့နော်။”
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါင်း ၇ မြို့ ကတော့ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ရှားတော၊ ရွာသစ်၊ မော်ချီးနဲ့ မိုးဗြဲမြို့ တွေဖြစ်ပြီး လက်ရှိ ဒေသအုပ်ချုပ်ရေးလုပ်ငန်းနဲ့ ယန္တယားလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောထားပါတယ်။
ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဒီမြို့ ပေါင်း ၇ မြို့ကို နယ်မြေစိုးမိုးနိုင်တဲ့ အပြင် စစ်ကောင်စီတပ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ ရှေ့တန်းတပ်စခန်း အားလုံးနီးပါး တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သလို စားနပ်ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းပေးတဲ့ ထောက်ပို့လမ်းကြောင်းတွေ အားလုံး ဖြတ်တောက်သွားအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
“အထူးသဖြင့် စစ်ကောင်စီရဲ့ ရှေ့တန်း တပ်စခန်းတွေ အားလုံးနီးပါးကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်ပေါ့နော်။ အခုတော့ စစ်ကောင်စီဘက်က မြို့အခြေစိုက် တပ်စခန်းတွေပဲ ကျန်တော့တဲ့ အနေအထားမျိုးဖြစ်တယ်။ မြို့နဲ့အနီးတဝိုက်မှာပဲ စစ်ကောင်စီတပ်စခန်းအနီးတဝိုက် လောက်ကိုပဲ စစ်ကောင်စီက လှုပ်ရှားနိုင်တော့တဲ့အနေအထားမျိုးဖြစ်တယ်။ စစ်ကောင်စီရဲ့ ထောက်ပံ့လမ်းကြောင်းတွေ အားလုံးကို ကျနော်တို့ ဖြတ်တောက်နိုင်ခဲ့တယ်ပေါ့နော်။ အထူးသဖြင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်း အဲ့ဒီထောက်ပို့လမ်းကြောင်းတွေ အားလုံးကို ဒါကျနော်တို့ ဖြတ်တောက်နိုင်ခဲ့တယ်ပေါ့နော်။”
KNDF ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ (၁၁၁၁) စစ်ဆင်ရေးအတွင်းမှာ ကာကင်းစခန်းတွေ ကုန်းစခန်းတွေ စတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်း ၆၅ ခု ထက်မနည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဘက်က မြေပြင်ထောက်ပို့ရေးလမ်းကြောင်း ဖြတ်တောက်သွားတဲ့အတွက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရွာခံနဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့နေရာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေက ဆက်တိုက်လုပ်လာနေတာမို့ စိုးရိမ်ကြောက်လန့်နေကြတဲ့အကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ပြောပါတယ်။
နယ်မြေ အများစုမှာ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်နိုင်ပေမယ့် မြေမြှုပ်မိုင်း၊ လက်နက်ကြီးနဲ့ လေကြောင်း အန္တရာယ်ကြောင့် စစ်ပြေးဒုက္ခသည်အများစုက နေရပ်ပြန်နိုင်ဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်နဲ့ နိုဝင်ဘာ ၈ရက်နေ့ ၂ရက်အတွင်း ဖယ်ခုံမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်မှာ ကလေးငယ်အပါအဝင် အရပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
(၁၁၁၁) စစ်ဆင်ရေး ကာလအတွင်း ကယားပြည်နယ်အခြေအနေ စစ်ကောင်စီဘက်က တုန့်ပြန်ချက်ရရှိဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင် ကို ဗွီအိုအေ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံပြောဆိုတာမရှိပါဘူး။
Forum