သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားမှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဝန်ကြီးချုပ်ပြောဆိုမှု ဝေဖန်သံညံ


ကယားပြည်နယ်ဝန်ကြီးချုပ် အယ်ဖေါင်ရှို (Photo - Khun A Than)
ကယားပြည်နယ်ဝန်ကြီးချုပ် အယ်ဖေါင်ရှို (Photo - Khun A Than)

ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုထားရှိမှုအပေါ် ဆန္ဒပြကန့်ကွက်မှုကြောင့်ပြည်နယ် အေးချမ်းမှုကို ထိခိုက်မယ်ဆိုရင် စစ်တပ်နဲ့အရေးယူကိုင်တွယ်သွားမယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ်ကနေ ပြောလိုက်ပါတယ်။ မကြာသေးမီရက်ပိုင်းက ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ကရင်နီလူငယ် အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဗိုလ်ချုပ်ကြေးရုပ်ထားရေး ညှိနှိုင်းမှု မပြေလည်သေးတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်း ပေးပို့ ထားပါတယ်။

ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး ကန့်ကွက်လှုပ်ရှားမှုတွေက ပြည်နယ်အေးချမ်းမှုကို ထိ ခိုက်မယ်ဆိုရင် စစ်တပ်ကို အမိန့်ပေး ကိုင်တွယ် ခိုင်းမယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် အယ်ဖေါင်ရှိုက ပြော ပါတယ်။

“ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုဟာ နောင်လာလတံ့သမိုင်းကို ဆက်လက်ပြင်ဖို့ အတွက်ကို ကျနော်တို့ လုပ်သွားရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှ ဒီလိုမျိုးအခြေအနေမှာ ကျနော်တို့ စည်းရုံးပူးပေါင်းဆောင်ရွက်ရမှာ ဖြစ် ပါတယ်။ ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေ၊ မငြိမ်သက်မှုတွေဖြစ်လာရင် ကျနော်တို့တပ်ကို တာဝန်ပေးရမှာ ဖြစ်ပါ တယ်။ ထိန်းသိမ်းရမှာသူ့ရဲ့အခြေခံဥပဒေက သူ့မှာ တာဝန် အပြည့်အဝရှိတယ်။ ဖြေရှင်းသင့် ဖြေရှင်းထိုက်တာ တွေ ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ပြောရဲ့သားနဲ့မှဖြစ်လာခဲ့ရင် ကျနော်တို့ရဲတပ်ဖွဲ့အင်အားက နည်းနည်း လေးပဲ။ အဲတော့ တပ်ကိုလိုလို့ရှိရင် သူပါ ထိန်းခိုင်းဖို့ ကျနော် သူ့ကိုအမိန့်ပေး ရမယ်။ တာဝန်ပေးရမယ်။ ဒါကျနော်ရဲ့ လုပ်ပိုင်ခွင့်တာဝန်ဖြစ်တယ်။ ကျနော် ဒါကိုပြောခြင်းဖြစ်ပါတယ်။”

ပြီးခဲ့တဲ့တနင်္လာနေ့မှာ ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ကယားပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ကရင်နီပြည်လူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ကလလတ ၊ ကယန်းပြည်သစ်ပါတီ (KNLP) ၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ KNPDP ၊ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေး အဖွဲ့ KNSO (ကြယ်ဖြူ) စတဲ့အဖွဲ့ခေါင်းဆောင်တွေနဲ့ ကရင်နီ လူငယ်အဖွဲ့တို့နဲ့ တွေ့ဆုံမှုအတွင်း ဝန်ကြီးချုပ်ကနေ ပြောဆိုခဲ့တာပါ။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထားရှိမှုနဲ့ပက်သက်ပြီး ကန့်ကွက်နေကြတာကြောင့် ပြည်နယ်အစိုးရအဖွဲ့က ကရင်နီလူငယ်ထု ကိုယ်စားလှယ်တွေကို မနေ့က အစိုးရအဖွဲ့ရုံးမှာ ခေါ်ယူတွေ့ဆုံခဲ့ရာမှာ ညှိနှိုင်းမှုအဆင်မပြေခဲ့ဘူးလို့ ကရင်နီလူငယ်ထုရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်းဘားနဒ်ဘုတ်က ပြောပါတယ်။

“မနေ့ညတုန်းက ဝန်ကြီးချုပ်နဲ့တွေ့တဲ့အခြေအနေမှာ လူငယ်တွေကို ထောင်က ပြန်ထုတ်ပေးမယ်။ အမှုတွေ၊ တရားစွဲတာတွေ မလုပ်ဘူးဆိုတာကို ပြောတယ်။ ဒါပေမဲ့ အဲတာတွေလည်း ဘာမှမဖြစ်လာဘဲ ကျနော်တို့လူငယ် (၄) ဦးကလည်း ထောင်ထဲမှာပဲ ရှိနေတယ်။ တရားစွဲဆိုမှုတွေကလည်း ဆက်ရှိနေတဲ့ အခြေအနေ မှာ ကျနော်တို့ကတော့ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေကတော့ မဖြစ်နိုင်တော့ဘူး။ ကျနော်တို့သဘောထားကို သွားတင်ပြပြီးတော့ ပြန်လာလိုက် တယ်ဗျ။ ကျနော်တို့တွေ့တဲ့ပုံက ပြန်လည် ညှိနှိုင်းတဲ့ပုံစံမဟုတ်ဘဲနဲ့ အစိုးရဘက်က တဖက်သတ်ဆုံးဖြတ်တဲ့ပုံစံမျိုးက များတယ်ပေါ့။”

လွိုင်ကော်မြို့ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေးအတွက် ကရင်နီလူငယ်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ ဆုံ ဆွေးနွေးမှုဟာ ဒီနေ့အထိ လေးကြိမ်မြောက် ရှိခဲ့ပေမယ့် အဆင်မပြေသေးပါဘူး။

ကရင်နီလူငယ်အဖွဲ့တွေအနေနဲ့ ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူမှု အစီအစဉ်နဲ့ ပတ်သက်ပြီး ဆန္ဒဖေါ်တုတ်ကန့်ကွက်ကြသလို လက်ရှိမှာ ဒေသခံတွေရဲ့သဘောထားကို စစ်တမ်းကောက်ယူ နေဆဲလို့ သူကပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ် ကတော့ ဝန်ကြီးချုပ် တဦးအနေနဲ့ ပြဿနာကိုညှိနှိုင်းအဖြေရှာရမှာဖြစ်ပြီး ဒီလိုစကားတွေမပြောသင့်ဘူးလို့ ဆိုပါတယ်။

“ပြည်နယ်ဝန်ကြီးချုပ်ပေါ့။ အဲဒီနေ့ကသူပြောသွားတာတချက်တော့ရှိတယ်။ တည်ငြိမ်အေးချမ်းရေးကို ထိခိုက် လာမယ်။ ပြည်နယ်ရဲ့ငြိမ်းချမ်းရေးကို ထိခိုက် လာမယ်ဆို သူပြောတာကစစ်တပ်ကို အမိန့်ပေးလို့ရတာပေါ့။ နောက်တချက်တော့ စစ်တပ်ကိုညွှန်ကြားလို့ရတယ်၊ သူ အဲဒီလိုပဲပြောတယ်လေ။ အမှန်ဆို အဲဒီလို လည်း သူမပြောသင့်ပါဘူး။ စီမံကိန်းတခုလုပ်မယ်ဆိုရင် အားလုံးကို ပွင့်ပွင့် လင်းလင်းချပြပြီးမှ ပြည်သူရဲ့ဆန္ဒ သဘောခံယူပြီးမှ လုပ်သင့်မလုပ်သင့်တာကို အရင်ချပြပေးဖို့လိုတယ်။ ကျနော်ကတော့အဲဒီလိုပဲမြင်တယ်။”

ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုစိုက်ထူသွားမဲ့အပေါ် ကရင်နီအဖွဲ့အစည်းတွေကနေ ဇူ လိုင်လ (၃) ရက်နေ့က ကန့်ကွက်ဆန္ဒဖေါ် ထုတ်ခဲ့ကြသလို ကြေးရုပ်စိုက်တာကို ကန့်ကွက်နေတဲ့ လူငယ်အဖွဲ့ တွေထဲက ခွန်းသောတ်(စ်)၊ ဒီးဒီ၊ ဖိလစ်စိုးအောင်နဲ့ ခွန်းမျိုးလှိုင်ဝင်းတို့ ၄ ယောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရပြီး ချုပ်နှောင်ခံထားရပါတယ်။

ကန့်ကွက်ဆန္ဒပြမှုအပေါ်ဝန်ကြီးချုပ်ကနေ တပ်အင်အားအသုံးပြုပြီး ကိုင်တွယ်မဲ့ ကိစ္စပြောဆိုမှုအပေါ် ဝေဖန်သံ တွေမြင့်လာပေမဲ့ NLD ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကတော့ အခုလိုအမြင်ရှိ နေပါတယ်။

“ပြည်သူနဲ့အစိုးရ တဖက်နဲ့တဖက်ဖြစ်လာပြီဆိုရင် ထိန်းတဲ့သိမ်းတဲ့နေရာမှာ လိုတော့လိုမှာပေါ့လေ။ ကျနော်တို့ ဆီမှာ ဆန္ဒပြချင်တိုင်းပြလို့မရဘူး။ ဆန္ဒပြတဲ့ လူတွေအားလုံးကလည်း သူ့လမ်းကြောင်းကို တောင်းရတယ်။ အဲဒီလိုတဖက်နဲ့ တဖက် ဆိုးလာမယ်ဆိုရင် သူတို့အနေနဲ့ ရိုးရိုးတန်းတန်းဆန္ဒပြမယ်ဆိုရင် စစ်တပ် ထိန်းတာရော၊ ရဲကထိန်းတာရော ရတဲ့ကိစ္စပဲ။”

ကယားပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုနဲ့ပက်သက်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က အခုလိုသဘောထားမှတ်ချက်ပေးပါတယ်။

“ဝန်ကြီးချုပ်ရဲ့မှတ်ချက်ဟာ ကျနော်တို့သွားနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းနဲ့ ဆန့်ကျင် ဘက် ဖြစ်နေတယ်လို့မြင်တယ်။ လက်ရှိပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ ပြည်သူလူထုကရွေးကောက်တင်မြှောက်တဲ့ အစိုးရလက်ထက်မှာ ဒီလို မှတ်ချက်မျိုးပေးတယ်ဆိုတာ ဒါဟာ ဒီမိုကရေစီပြောင်းပြန်ပဲ။ ဒီမိုကရေစီ အန္တရာယ်ပဲ။ ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာတုတ်ဖေါ်ခွင့်နဲ့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ဆိုတဲ့အခွင့် အရေးတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခုပဲလို့ မြင်တယ်။ ဒီလို မှတ်ချက်ပေးမှု၊ ပြောဆိုမှုနဲ့ ပတ် သက်ပြီး တော့ ပြည်ထောင်စုအစိုးရအနေနဲ့ သက်ဆိုင်ရာဝန်ကြီးချုပ်ကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးအရေးယူမှုတွေကို မဖြစ်မနေ လုပ်ဖို့လိုအပ်တယ်လို့ မြင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရ အစိုးရဖွဲ့လာနိုင်ပြီးနောက် ပိုင်းမှာ ဒီမိုကရေစီအခြေခံ ကောင်းမွန်လာလိမ့်မယ်လို့မျှော်လင့်နေကြပေမဲ့ ဆန္ဒဖော်ထုတ်မှုအပေါ် အရေးယူမှုတွေ၊ တားဆီးပိတ်ပင်မှု တွေ၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်အပေါ် ကန့်သတ်မှုတွေ ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့် ကြည့်လေ့လာသူတွေနေ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG