သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်တွင်း စစ်ဘေးဒုက္ခသည်တွေကြား ကိုဗစ်ကူးစက်မှုရှိ


ဖျားနာနတေဲ့ ကယားစစ်ဘေးရှောင်တဦးအား သယ်ယူစဉ်
ဖျားနာနတေဲ့ ကယားစစ်ဘေးရှောင်တဦးအား သယ်ယူစဉ်

{Zawgyi/Unicode}

ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေထဲမှာ စစ်ဘေးတိမ်းရှောင်နေ ရသူတွေကြား ကိုဗစ်ကပ်ရောဂါဖြစ်ပွားသူ များလာနေပါတယ်။ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်နဲ့ ဒေသခံကာကွယ်ရေးအတွက် သင်တန်းတက်သူတွေအပါအဝင် ကိုဗစ်ဖြစ်ပွားသူ ၂၀၀ လောက်ရှိနေတယ်လို့ အကူအညီပေးသူက ပြောပါတယ်။ အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ မကြာမကြာရှိနေတာနဲ့အတူ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတဲ့အကြောင်း သတင်းပေးပို့ထားတာကို နန်းလောဝ်ပြောပြပါမယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအထိ တိုက်ပွဲတွေရှိခဲ့တဲ့ ကယားပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည်တွေ ပိုများလာနေသလို ဒုက္ခသည်တွေကြား ကိုဗစ်ရောဂါပိုးကူးစက်သူတွေလည်း ရှိနေပါတယ်။ ဒီးမော့ဆိုမြို့ရဲ့အရှေ့ဘက်အခြမ်းဒေသတွေမှာ စစ်ဘေးဒုက္ခသည်တွေအပြင် ဒေသခံကာကွယ်ရေး သင်တန်းလာတက်သူ စုစုပေါင်း၂၀၀ ဝန်းကျင်လောက် ကိုဗစ်ကပ်ရောဂါပိုး ကူးစက်နေကြတယ်လို့ ဒီးမော့ဆိုမြို့နယ်ထဲမှာနယ်လှည့် ကျန်းမာရေးအအကူအညီပေးတဲ့အဖွဲ့ရဲ့ တာဝန်ခံ ကျန်းမာရေးဝန်ထမ်းတဦးက VOA ကို ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်နဲ့ ဒေသခံကာကွယ်ရေးအတွက် သင်တန်းတက်သူတွေအပါအဝင် ကိုဗစ်ဖြစ်ပွားသူ ၂၀၀ လောက်ရှိနေပြီး ဆေးဝါးနဲ့ကျန်းမာရေးထောက်ကူ ပစ္စည်းတွေလိုအပ်နေကြောင်း အကူအညီပေးသူက ပြောပါတယ်။

“ပြီးခဲ့တဲ့တပတ် ဆရာမတို့ကောက်တာက ၁၀၀ ကျော်ရှိပြီရှင့်။ PDF တွေပါတယ် ဆိုတော့ ၂၀၀၊ အကုန်လုံးဆိုရင်တော့ ၂၀၀ ဝန်းကျင်လောက်ရှိမယ်။ ခန့်မှန်းခြေအရပေါ့၊ ကျမတို့ တခါတခါ နယ်လှည့်လို့ရှိရင်တော့ အနည်းဆုံး တပတ်ဆိုရင် လေး-ငါးဆယ်၊ လေး-ငါးဆယ်... အဲ့လိုမျိုးစစ်တယ်လေ။ ဘာဖြစ်လဲဆိုရင် ကွာရန် တင်းဝင်ထားတဲ့လူတွေလည်း ရှိတယ်။ အဲ့ဒါပြန်စစ်တယ်၊ နောက်သင်တန်းတက် တဲ့ ကလေးတွေလည်း ဟိုတရက်က သင်တန်းဆင်းလုပ်တော့ ဘယ်နှစ်ယောက် ထပ်ပေါ်လည်း မသိဘူး။ အဲ့ဒါလည်း ပြောသေးတယ်။ ဒေါတမကြီးမှာပို့တဲ့ အဖွဲ့က ၇ ယောက်လောက် ထပ်ပေါ်တယ်လို့ ပြောပါတယ်။”

သူပြောသွားတဲ့ထဲက ဒေါတမကြီးဆိုတာကတော့ ကိုဗစ်အတည်ပြုလူနာတွေကို သီးခြားခွဲကုသပေးတဲ့ ရွာ ၃ ရွာထဲက ၁ ရွာဖြစ်ပါတယ်။ ကျန်တဲ့ ၂ ရွာကတော့ ထီးသဲကလိုကျေးရွာ၊ ထီးဖိုးကလိုကျေးရွာတို့ဖြစ်ပါတယ်။ ကိုဗစ်ရောဂါလက္ခဏာပြသူတွေ၊ မကျန်းမာသူများကို အသွားအလာကန့်သတ်ပြီး Test Kid နဲ့ စစ်ဆေးကာ ပိုးတွေ့ရှိသူတွေကို သီးသန့်နေရာထားပြီး ကုသပေးနေပါတယ်။ လက်ရှိမှာ ဆေးဝါးပြတ်လတ်မှုနဲ့ အခက်ကြုံနေရတယ်လို့ အဲ့ဒီနယ်လှည့်အကူအညီပေးတဲ့အဖွဲ့ တာဝန်ခံ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဒီးမော့ဆိုအရှေ့ခြမ်းမှာ နေ့စဉ်တိုက်ပွဲပြင်းထန်ခဲ့ပြီး အခုချိန်ထိ အခြေအနေတွေ တင်းမာနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ အင်အားတိုးချ လမ်းကြောင်းပိတ်ဆို့မှုတွေ လုပ်နေတာကြေင့် စာနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူဖို့ အခက်အခဲဖြစ်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။

တောတောင်ထဲက စစ်ဘေးဒုက္ခသည်တွေဟာ ကိုဗစ်ကပ်ရောဂါအပြင် သောက် သုံးရေမသန့်လို့ ဝမ်းလျှောရောဂါ၊ အရေပြားယားယံတာမျိုးတွေဖြစ်နေပြီး ကလေးတွေ ပိုခံစားနေကြရတယ်လို့ နယ်လှည့်ကျန်းမာရေးအကူအညီပေးနေတဲ့ တာဝန်ခံက ပြောပါတယ်။

“တောမှာနေကြတော့ အနာတွေထွက်တာများတယ်လေးနော်၊ အနာစိမ်းတွေ၊ နောက်ကလေးတွေလည်း ဝမ်းလျှောတာရှိမယ်၊ နောက်-ပန်းနာရင်ကျပ်တဲ့ ကလေးတွေလည်း ရှိတယ်၊ အဲ့ဒီထဲမှာ အဖြစ်အများဆုံးက ကိုယ်ပူချောင်းဆိုးပေါ့၊ ကလေးက အယားတွေလည်း များတယ်။ အယားထွက်တာများတယ်၊ ဘာဖြစ်လဲဆိုရင် တောထဲမှာသွားနေတော့ အသီးပုပ် သစ်ရွက်တွေ နောက်ရေကလည်း အဲ့ဒီက ပိုချောင်းရေပဲ သုံးတဲ့အခါကျတော့ မိုးကြီးရွာရင်တော့ အဲ့ဒီရေက နောက်တယ်လေ။”

CDM ဝန်ထမ်းတွေက ဒီးမော့ဆိုမြို့နယ်ထဲမှာ နယ်လှည့်ကျန်းမာရေးဝန်ထမ်းအဖြစ် ကိုဗစ်လူနာတွေကို ကူညီပေးနေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ကျန်းမာရေး၊ စားသောက်ရေး၊ ပညာသင်ကြားရေးပိုင်းတွေကို တတ်နိုင်သလောက် ကူညီပေးနေပါတယ်။

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု လုပ်နေကြတဲ့ ဝန်ထမ်းတွေက အခု ဒီးမော့ဆိုမြို့နယ်ထဲမှာ နယ်လှည့်ကျန်းမာရေးဝန်ထမ်းအဖြစ် ကိုဗစ်လူနာတွေကို ကူညီပေးနေတာဖြစ်ပါတယ်။ အဲ့ဒီနယ်လှည့်ကျန်းမာရေးအဖွဲ့တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေးသာမက၊ စားသောက်ရေး၊ ပညာသင်ကြားရေးပိုင်းတွေကိုပါ တတ်နိုင်သလောက် ပြန်ပြီး အကူအညီပေးနေသလို တပတ်တခါ စစ်ဘေးဒုက္ခသည်တွေ ဒေသခံကာကွယ်ရေးအဖွဲ့တွေရှိရာနေရာတွေဆီ နယ်လှည့် ကျန်းမာရေးစစ်ဆေး စောင့်ရှောက်ပေးနေပါတယ်။

ကယားပြည်နယ်ထဲကပဲ လွိုင်ကော်မြို့ အရှေ့ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း ကိုဗစ်ကူးစက်ခံရသူတွေ ရှိတယ်လို့ ဒေသခံတွေ ပြောပေမယ့် VOA က စာရင်းအတိအကျ အတည်အပြုနိုင်သေးပါဘူး။

ဒါပေမယ့် ကိုဗစ်တတိယလှိုင်းမှာ လွိုင်ကော်မြို့နယ်အနေနဲ့ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူက ၁၃၇ ဦးရှိပြီး ပိုးတွေ့သူကတော့ ၂,၂၁၃ ဦးရှိတယ်လို့ စာရင်းပြုစု ထားတဲ့ ရွှေလွိုင်ကော် ပရဟိတအသင်းက ပြောပါတယ်။ အဲ့ဒီထဲက လွိုင်ကော်မြို့ရဲ့နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးလာရှောင်တဲ့သူတွေပါပေမယ့် တောတောင်ထဲက ကိုဗစ်ဖြစ်ပွားတဲ့ စစ်ဘေးဒုက္ခသည်စာရင်း မပါဘူးလို့ ရွှေလွိုင်ကော် ပရဟိတအသင်း နာဃက (၁) ဦးသန်းစိုးက ပြောပါတယ်။

“ဒါ စခန်းမှာရှိတဲ့လူတွေ မပါဘူးနော်။ အခု စခန်းမှာရှိတယ်ဆိုတာ ဟို…စစ်ရှောင် အပြင်မှာ စစ်ရှောင်ကြီးတွေ မပါဘူး၊ ဒီလွိုင်ကော်မှာရှိနေတဲ့ ဘုန်းကြီးကျောင်း တွေ ဘာတွေမှာ လာတည်းတဲ့၊ လာရှောင်ကြတဲ့လူတွေတော့ သူတို့စစ်ပြီးတော့မှ Positive သမားကိုတော့ quarantine ပို့တယ်။ ပြည်နယ်ကျန်းမာရေးအစီအစဉ်နဲ့ပေါ့။ တောထဲမှာတော့ မကြားသေးပါဘူး။ မရှိပါဘူး။ တောထဲမှာ သွားစစ်ဆေးတာ ဒီလို ဒီလောက်ရှုပ်ထွေးတဲ့အခြေအနေကြီးမှာလည်း မဖြစ်နိုင်ဘူးပေါ့။”

ကျန်းမာရေးဌာနရဲ့ ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ကယားပြည် နယ်မှာ အတည်ပြုလူနာ ၇၀ ဦးရှိပါတယ်။ အဲ့ဒီထဲမှာ ဒီးမေ့ာဆိုမြို့က အတည်ပြု လူနာ တဦးသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကျန်းမာရေးဌာနက ထုတ်ပြန် ထားတဲ့စာရင်းနဲ့ မြေပြင်မှာ ဖြစ်ပွားနေတဲ့အရေအတွက်ဟာ အဆမတန်ကွာဟမှုရှိနေပြီး တောတောင်ထဲက စစ်ဘေးဒုက္ခသည်တွေရဲ့ ကိုဗစ်အတည်ပြုလူနာစာရင်းတွေ မပါဝင်ဘူးလို့ အကူအညီပေးသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


======

{Zawgyi/Unicode}


















#MyanmarIDPs #Covid19 #MyanmarCovid #VOABurmese

XS
SM
MD
LG