သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံခြားရေးဝါဒ အာရှ အရေးပါမှု Kerry ပြောကြား


အမေရိကန်ပြည်ထောင်စု ဟိုနိုလူလူမြို့က East West Center မှာ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - East West Center)
အမေရိကန်ပြည်ထောင်စု ဟိုနိုလူလူမြို့က East West Center မှာ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - East West Center)

မြန်မာနိုင်ငံမှာ ပြဿနာတွေအားလုံး ပြေလည်သွားပြီလို့ မဆိုနိုင်ပေမဲ့ အရင်ကနဲ့မတူတဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတွေ၊ အလားအလာကောင်းတွေ တွေ့နေရပြီဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟိုနိုလူလူမြို့က East West Center မှာ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားချိန်မှာ အခုလို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဟာဝိုင်ရီတက္ကသိုလ် Manoa Campus က East West Center မှာ အာရှပစိဖိတ်ဒေသ ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရရဲ့ မူဝါဒအမြင်တွေကို နိုင်ငံခြားရေးဝန်ကြီး Kerry ကနေ ပြောကြားခဲ့ပါတယ်။ အာရှဒေသမှာ ပြောင်းလဲမှုတွေကို တွေ့လာရသလိုပဲ၊ မြန်မာနိုင်ငံက ပြောင်းလဲမှုတွေကိုလည်း သူက အသိအမှတ်ပြု ပြောကြားသွားပါတယ်။

ဒီအရှေ့အာရှဒေသဟာ အလျှင်အမြန် စီးပွားကြီးပွား တိုးတက်လာနေပြီးတော့ ကမ္ဘာ့စီးပွားရေးမှာလည်း တိုးတက်လာဖို့အတွက် အရေးပါတဲ့ဒေသ ဖြစ်တယ်ဆိုပြီးတော့ ပြောပါတယ်။ နောက်တဘက်မှာ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လင်းလာတာကြောင့် အမေရိကန် ပြည်ထောင်စုအနေနဲ့ ပိုပြီးတော့ ထူးထူးခြားခြား ဆက်ဆံဖို့ လိုတယ်ဆိုပြီးတော့ ပြောပါတယ်။

နောက် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒီ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေကို သူ့အနေနဲ့ မျက်မြင် တွေ့လာရတယ်ဆိုပြီးတော့ အာရှဒေသကပဲ မကြာခင်က ပြန်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး Kerry က အခုလို ပြောသွားပါတယ်။

“လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက မြန်မာနိုင်ငံကို သွားရောက်စဉ်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှာ တွေ့ဆုံခဲ့တယ်ဆိုပြီးတော့ နိုင်ငံခြားရေးဝန်ကြီး Kerry က ပြောဆိုခဲ့တာပါ။ အခု မြန်မာနိုင်ငံကို သူသွားတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်။ ဒီတခေါက်မှာ လွတ်လပ်စွာ ပြောဆိုခွင့်ရနေတဲ့ လွှတ်တော်အမတ်တဦး ဖြစ်နေပြီဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပါတယ်။”

မြန်မာနိုင်ငံမှာ ပြဿနာအားလုံးကို ရုတ်တရက်ကြီး ဖြေရှင်းနိုင်မှု မရှိပေမဲ့လို့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တကယ့်ကို ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေ သူ မျက်မြင်တွေ့ခဲ့ရတယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး Kerry က ပြောဆိုသွားတာ ဖြစ်ပါတယ်။

နောက် အမေရိကန်နိုင်ငံရဲ့ အနာဂတ် တိုးတက်မှု အခြေအနေဟာ အာရှပစိဖိတ်ဒေသနဲ့ တိုက်ရိုက် ဆက်နွယ်နေတယ်။ ဒါကြောင့်မို့လို့ အာရှပစိဖိတ်ဒေသမှာ အမေရိကန်ပြည်ထောင်စုရဲ့ သြဇာသက်ရောက်မှု ပြန်ရှိလာဖို့အတွက် သမ္မတ အိုဘားမား အစိုးရအဖွဲ့အနေနဲ့ တက်လာကတည်းက မူဝါဒချမှတ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Kerry က ပြောပါတယ်။ ဒါကြောင့်မို့လို့လည်း တည်ငြိမ်ပြီးတော့ ခိုင်မာတဲ့ လူမှုအသိုင်းအဝိုင်းတွေ ဖြစ်လာဖို့အတွက် ကူညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အာရှပစိဖိတ်ဒေသမှာ လူ့အခွင့်အရေးလို၊ ဒီမိုကရေစီလိုမျိုး အကြပ်အတည်းတွေ၊ ပဋိပက္ခတွေကို အလေးပေး ပြောဆိုမှာဖြစ်သလိုပဲ တဘက်မှာ ဒီဒေသနဲ့ပတ်သက်ပြီးတော့ ရေရှည် အမေရိကန်အစိုးရရဲ့ မဟာဗျူဟာ အကျိုးစီးပွားကိုလည်း ကြည့်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအာရှဒေသနဲ့ အမေရိကန် ကုန်သွယ်ရေး ဆက်ဆံမှုကောင်းတွေကိုလည်း ထူထောင်ဖို့အတွက် မျှော်မှန်းထားတယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး Kerry က ပြောဆိုသွားပါတယ်။

ဒီမိန့်ခွန်းပြောဆိုရာမှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သံတမန်တွေ၊ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ သုတေသီတွေ တော်တော်များများ တက်ရောက်ကြတာ တွေ့ရပါတယ်။ မစ္စတာ Kerry ဟာ အာဆီယံဒေသတွင်း အစည်းအဝေးတွေ တက်ရောက်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့သလိုပဲ အဲ့ဒီမှာပဲ လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲအတွက်လည်း နိုင်ငံခြားရေးဝန်ကြီးအဆင့် ပြင်ဆင်ဆွေးနွေးမှုတွေကို လုပ်ခဲ့ပါတယ်။

အစည်းအဝေးတွင်းမှာတော့ တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှု ကိစ္စတွေကိုပါ ပါဝင်ဆွေးနွေးခဲ့သလို အခြားဒေသတွင်းက နိုင်ငံ့အကြီးအကဲတွေနဲ့လည်း သီးခြားတွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့က သမ္မတအိုဘားမားအစိုးရ တက်လာပြီးနောက်ပိုင်း Asia Pivot ဆိုတဲ့ အာရှအလေးပေးရေးဆိုတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အတူပဲ အာရှဒေသနဲ့ ဆက်ဆံရေး အထူးသဖြင့်ဆိုရင် ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆက်ဆံမှု တိုးမြှင့်ဖို့ အထူးပဲ အလေးပေး တိုးမြှင့်ဆောင်ရွက်လာတာကို တွေ့ရပါတယ်။

XS
SM
MD
LG