သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ရုရှားသမ္မတ ပူတင်နဲ့တွေ့


ယူကရိန်း၊ ဆီးရီးယားနဲ့ အီရန်နိုင်ငံအရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ Valdimir Putin နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြောပါတယ်။ ဒါ့အပြင် အခုဆွေးနွေးမှုဟာ ဆက်လက် ဆက်သွယ် ဆက်ဆံနေဖို့အတွက်လည်း အရေးပါတယ်လို့ ပြောပါတယ်။

စိန်ခေါ်မှုတွေရှိနေတဲ့ အချိန်ကာလ လမ်းတဝက် ရောက်နေချိန်မှာ အခုလိုတွေ့ဆုံ ဆွေးနွေးပြောဆိုခဲ့ကြတာဖြစ်တယ်လို့ ရုရှားနိုင်ငံ အပန်းဖြေစခန်းဖြစ်တဲ့ Sochi မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ကယ်ရီက ပြောဆိုလိုက်ပါတယ်။

သမ္မတပူတင်နဲ့ မတွေ့ဆုံခင် မစ္စတာ ကယ်ရီဟာ မစ္စတာ Lavrov နဲ့ ၄ နာရီကြာ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ သမ္မတ ပူတင်အနေနဲ့ ဒီကနေ့ ဆွေးနွေးပွဲအတွက် အရေးပါတဲ့ အချိန်တွေ အမျာကြီးပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း မစ္စတာ ကယ်ရီ ကပြောပါတယ်။

နိုင်ငံရေး ပထဝီဒေသန္တရ ရှုတ်ထွေးတဲ့ ကိစ္စမျိုးစုံကို အဓိကအရေးပါတဲ့ ဆုံးဖြတ်နိုင်သူတွေ တိုက်ရိုက်ဆွေးနွေးခွင့် ရရှိတာဟာ ဘာနဲ့မှ အစားထိုးလို့မရဘူးလို့ မစ္စတာ ကယ်ရီက ပြောပါတယ်။

မစ္စတာ ကယ်ရီနဲ့ မစ္စတာ ပူတင်တို့ဟာ နှစ်နိုင်ငံအရေးနဲ့ ဒေသဆိုင်ရာကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာ ဖြစ်တယ်။ ဒီအထဲမှာ ယီမင်နိုင်ငံနဲ့ လစ်ဗျားနိုင်ငံ အရေးကိစ္စတွေ ပါဝင်သလို အမေရိကန်ဘက်က ရှုမြင်တာကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းနဲ့ ဆီးရီးယားအရေး ကိစ္စတွေမှာ သဘောမတူညီမှုတွေကြောင့် စစ်အေးစစ်နောက်ပိုင်း အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား ဆက်ဆံရေး ထိခိုက်ကျဆင်းနေချိန်မှာ မစ္စတာကယ်ရီ အခုလို သွားရောက်ခဲ့တာဖြစ်သလို ဒီခရီးစဉ်ဟာ ထိတွေ့ဆက်ဆံမှုကို ဆက်လက် ထိန်းသွားစေဖို့လည်း ရည်ရွယ်တဲ့ သဘောဖြစ်ပါတယ်။

XS
SM
MD
LG