သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ အတွင်း အမေရိကန်မှာ H-1B ဗီဇာ ၉၇% ထုတ်ပေးခဲ့


အမေရိကန် လူဝင်မှုကြီးကြပ်ရေးရုံး (AP Photo/Wilfredo Lee, File)
အမေရိကန် လူဝင်မှုကြီးကြပ်ရေးရုံး (AP Photo/Wilfredo Lee, File)

အမေရိကန်မှာ Trump အစိုးရသစ် တက်လာရင် ပညာတတ် လုပ်ငန်းကျွမ်းကျင်သူတွေကို ထုတ်ပေးတဲ့ H- 1B အမျိုးအစား ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးမှု လျော့ကျပြီး ကျွမ်းကျင်လုပ်သား မလုံလောက်တဲ့ ပြဿနာ ဖြစ်နိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ဥဒေပညာရှင်တွေက သတိပေးလိုက်ပါတယ်။

အခု ၂၀၂၄ ခုနှစ်အတွင်း H-1B ဗီဇာ လျှောက်ထားသူတွေထဲက ၉၇% ကို ဗီဇာထုတ်ပေးခဲ့ပြီး ပယ်ချမှုနှုန်း နည်းခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး၊ ကုန်သွယ်ရေး၊ ပညာရေး မူဝါဒဆိုင်ရာ သုတေသီအဖွဲ့ NFAP က ထုတ်ပြန်ခဲ့ပါတယ်။ Biden အစိုးရလက်ထက်မှာ H-1B ဗီဇာ ငြင်းပယ်တဲ့နှုန်း နည်းခဲ့ပေမဲ့ Trump အစိုးရတက်လာတဲ့အခါ တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေချမှတ်ရင် ဗီဇာပယ်ချနှုန်း တိုးလာနိုင်တာကြောင့် ကျွမ်းကျင်လုပ်သားတွေကို အားထားနေရတဲ့ လုပ်ငန်းတွေ စိတ်ပူနေကြတယ်လို့ NFAP ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားက ကျွမ်းကျင်လုပ်သားခန့်ဖို့ လျှောက်ထားတဲ့ ကုမ္ပဏီတွေထဲမှာ Elon Musk ရဲ့ Telsa လုပ်ငန်းက ပထမအများဆုံး ဖြစ်တယ်လို့ NFAP ကပြောပါတယ်။

ကျွမ်းကျင်နိုင်ငံခြားသားတွေ အထူးသဖြင့် IT နည်းပညာပိုင်း ကျွမ်းကျင်တဲ့ အိန္ဒိယလုပ်သားတွေကို အားထားနေရတဲ့ လုပ်ငန်းတွေ အခက်တွေ့နိုင်တယ်လို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရှေ့နေများအသင်း AILA ရဲ့ အစိုးရဆိုင်ရာဌာန အကြီးတန်းညွှန်ကြားရေးမှုး Sharvari Dalal-Dheini က ပြောပါတယ်။

၃ နှစ်ကနေ ၆နှစ်အထိ အများဆုံးနေထိုင်ခွင့်ပြုတဲ့ H-1B အမျိုးအစား ဗီဇာကို ၁၉၉၀ ခုနှစ်ကစလို့ အမေရိကန်အစိုးရက ထုတ်ပေးလာခဲ့တာဖြစ်ပါတယ်။ နည်းပညာ၊ အင်ဂျင်နီယာ၊ ကျန်းမာရေးစတဲ့ နယ်ပါယ်တွေက ကျွမ်းကျင်လုပ်သားတွေကို မဲခွဲစနစ်နဲ့ ဗီဇာပေးတဲ့ထဲမှာ အများဆုံး ၇၀% လောက်က အိန္ဒိယကျွမ်းကျင်လုပ်သားတွေ ရကြပြီး ဒုတိယအများဆုံးက တရုတ်လူမျိုးတွေ ရကြပါတယ်။

ဒီဗီဇာအစီစဉ်ကြောင့် အမေရိကန်တွေ အလုပ်အကိုင်အခွင့်အလမ်း ထိခိုက်ဆုံးရှုံးစေတယ်ဆိုပြီး ဝေဘန်မှုတွေ ရှိနေပါတယ်။ H-1B ဗီဇာစနစ်ကြောင့် နိုင်ငံခြားက ဈေးပေါတဲ့ လုပ်သားတွေကို အမေရိကန်ကုမ္ပဏီတွေက ငှားရမ်းနိုင်ကြတဲ့အတွက် အမေရိကန်လုပ်ခ ဈေးကွက်ကျစေတယ်လို့ လူဝင်မှုပြုပြင်ပြောင်းလဲရေး လိုလားတဲ့ FAIR အဖွဲ့က ပြောပါတယ်။

Forum

XS
SM
MD
LG