၂၀၁၅ ခုနှစ်က အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ အမှုကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ကူညီပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို မင်းလှ မြို့နယ်တရားရုံးက တရားစီရင်ရေးနှောင့်ယှက်မှုနဲ့ ဒီကနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ဒီလို အမိန့်ချမှတ်လိုက်တာဟာ နိုင်ငံရေးကိစ္စတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေနဲ့ ဝန်းရံပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ ချိန်းခြောက်တာမျိုး ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် ကိုကောင်းစံဟိန်းက တင်ပြပေးထားပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တုန်းက အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး အတွက် သပိတ်မှောက် ဆန္ဒပြကြတဲ့ ကျောင်းသားနဲ့ပြည်သူတွေကို လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းလိုက်ပြီး နောက်ပိုင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ဗဟိုလုပ်ငန်း ကော်မတီရဲ့ ဘဏ္ဍာရေးမှူးဟောင်း ဦးသန်းထိုက်တို့ကို သာယာဝတီမြို့နယ် တရားသူကြီးက တရားစီရင်ရေး နှောင့်ယှက်မှုနဲ့ စွဲဆိုထားတာပါ။ အဲ့ဒီအမှုကို ဒီကနေ့မှာဘဲ မင်းလှမြို့နယ်တရားရုံးက တယောက်ကို ထောင်ဒဏ် ၆ လစီ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။ ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပက်သက်ပီး တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော် က တရားရုံးဟာ သူ့ရဲ့ခုခံချေပခွင့်တွေကို မပေးဘဲ အပြင်းထန် ဆုံးကို ချမှတ်လိုက်တာ ဖြစ်တယ်လို့ တရားရုံးမှာ သတင်းထောက်တွေကို ပြောသွားတာပါ။
“ကျမတို့ရဲ့ ဥပဒေပါအခွင့်အရေးက လုံးဝကိုဆုံးရှုံးသွားတယ်။ အခု ဒီမှာဆိုရင်လည်းပဲ ကျမရဲ့ ခုခံချေပချက် တွေကို လုံးဝထည့်သွင်းမပေးဘူး။ လုံးဝကို အပြင်းထန်ဆုံးကိုပဲ ချမှတ်လိုက်တာ ပေါ့နော်။ တဖက်သတ်ကို ကျမကို စွဲဆိုခဲ့တဲ့အမှုဖြစ်တယ်ပေါ့နော်။ ရှေ့နေတွေရဲ့right ကို တမင်ကို ဦးချိုးချင်လို့ စွဲဆိုထားတဲ့ အမှုကြီး ပေါ့နော်။ အခုတရားစီရင်ရေးကလည်းပြောင်းလဲလာမလား အောက်မေ့တယ် ပိုပိုကို ဆိုးလာသေးတယ်။”
ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသား၊သူတွေနဲ့ ဝန်းရံပြည်သူ ၅၀ ကျော်ကို NLD အစိုးရသစ် လက်ထက် မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၄၉၄ အရ တရားစွဲဆိုထားမှုကို ပြန်လည်ရုပ်သိမ်းပေးပီး လွှတ်ပေး ခဲ့တာပါ။ ဒါပေမဲ့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ဗဟိုလုပ်ငန်း ကော်မတီရဲ့ ဘဏ္ဍာရေးမှူးဟောင်း ဦးသန်းထိုက်တို့ကို ဆွဲထားတဲ့ အမှုကတော့ အခုအချိန်အထိ ကျေအေး မသွားခဲ့ပါဖူး။ အခုလို ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ ဒီလိုတရားစီရင်ရေးဟာ နိုင်ငံရေးကိစ္စတွေကို လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေတွေနဲ့ ဝန်းရံပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ ချိန်းခြောက်တာမျိုး ဖြစ်တယ်လို့ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးက ကိုကျော်ကိုကိုက အခုလိုပြောပါတယ်။
“ဒါက ရှင်းရှင်းလေးပဲ။ သူတို့ဘက်က အစိုးရကို မဆန့်ကျင်နဲ့၊ အစိုးရကို ဆန့်ကျင်တာတို့၊ ကျောင်းသားထု အခွင့်အရေး၊ နိုင်ငံသားအခွင့်အေရေးကို တောင်းဆိုတာတို့ အဲဒါကို သူတို့ဘက်က ဆန့်ကျင် တယ်၊ ဆူပူတယ် ဆိုတဲ့ အသုံးနှုန်းတွေသုံးပီးတော့၊ ဒီလိုမျိုးအယူအဆနဲ့ တိုက်ခိုက်တယ်။ တကယ်တမ်းကျတော့ ကိုယ့်ရဲ့ အခွင့်အရေးကို တောင်းဆိုနေတယ်ဆိုတဲ့ ဒီမိုကရေစီ ရှုထောင့် ကနေ မကြည့်ပေး၊ မမြင်ပေး၊ မသုံးသပ်ပေးသေးဖူး။ အခုလည်းဘဲ ဒါမျိုးတွေ မပေါ်ပေါက် လာ အောင် ဆိုပီးတော့မှ နှိပ်ကွပ်တဲ့သဘောလို့ ကျနော်တို့ကပြောချင်တယ်ဗျ။ ကျောင်းသားတွေရော၊ ရှေ့နေတွေရော ဝန်းရံပြည်သူတွေရော ဒီလိုမျိုးအမှုတွေမှာ ပါဝင်ပက်သက်သူတွေကို ရည်ရွယ်ချက် ရှိရှိနှိပ်ကွပ်တာဘဲ ဖြစ်ပါတယ်။”
၂၀၁၅ ကျောင်းသား သပိတ်မှာ ကိုယ်တိုင်ပါဝင်လှုပ်ရှားသူလည်းဖြစ် လက်ရှိမှာ လူ့ဘောင်သစ် လူငယ်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ မအိသင်ဇာမောင်ကတော့ လက်ရှိတရားဌပဒေဟာ ဖိနှိပ်သူတွေ ဘက်ကလား၊ ဖိနှိပ်ခံရ သူတွေ ဘက်ကလားဆိုတာ မေးခွန်းထုတ်ရမလိုဖြစ်နေပီလို့ ဝေဖန်သုံးသပ် လိုက်ပါတယ်။
“စဉ်းစားဖို့လိုအပ်တာက တရားရုံးက ဘယ်သူ့ဘက်က ရပ်တည်နေလဲပေါ့၊ အဖိနှိပ်ခံတွေ ဘက် ကလား၊ ဖိနှိပ်သူတွေဘက်က ရပ်တည်တာလားဆိုတာကို ကျမတို့က မေးခွန်းပြန်ထုတ်ရမလို ဖြစ် နေပြီ။ တရားရုံးရဲ့ စီရင်ဆုံးဖြတ်မှုတွေကို ကျမတို့ ပြန်ကြည့်လိုက်တဲ့အခါတိုင်း တရားရုံးရဲ့ စီရင်ဆုံးဖြတ်ပေးမှုကို လိုအပ်နေတဲ့ လူတွေဘက်ကိုတော့ တရားရုံးက မရပ်တည်ဘဲနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေ၊ လူအခွင့်အရေး လှုပ်ရှားသူတွေ၊ သတင်းထောက်တွေ ကိုပေါ့နော် တရားစွဲနေ တာတွေ မဖြစ်သင့်တဲ့ ပြစ်မှုတွေ လုပ်နေတဲ့အတွက် တရားဌပဒေက ဘယ်ဘက်က ရပ်တည်နေ လဲဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပြီ။”
တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က သူ့ကိုစွဲဆိုထားတဲ့ အမှုအတွက် ပြန်လည် ရုပ်သိမ်း ပေးဖို့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ စာတင်ပြတောင်းဆိုခဲ့ပါ သေးတယ်။ အမှုမှာ လိုက်ပါ ဆောင်ရွက်ခဲ့တဲ့ အကျိုးဆောင် ရှေ့နေတယောက်အနေနဲ့ ရှေ့နေဝတ္တရားနဲ့အညီ ဆောင်ရွက်ခဲ့တာသာဖြစ်တယ်ဆိုပြီး VOA ကို ပြောဆိုခဲ့ဖူးပါတယ်။