ထိုင်းနိုင်ငံကနေ တောင်ကိုရီးယားကို ပျံသန်းလာတဲ့ Jeju လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ ဒီကနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီလောက်က လေယာဉ်ပြေးလမ်းချော်ပြီး ကာထားတဲ့တံတိုင်းကို ဝင်တိုက်မိပြီး မီးလောင်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၇၉ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခရီးသည် ၁၇၅ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် လိုက်ပါလာတဲ့ အဲဒီလေယာဉ်ဟာ တောင်ကိုရီးယားနိုင်ငံ Muan မြို့လေဆိပ်ကိုအဆင်း ပြေးလမ်းချော်ပြီး မီးလောင်းပျက်ဆီးသွားခဲ့တာပါ။ အစောပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရ လေယာဉ်ဆင်းတဲ့အချိန်မှာ ဘီးတွေ ထွက်မလာတဲ့အတွက် လေယာဉ်ဟာ ပြေးလမ်းပေါ်ကို ဝမ်းဗိုက်နဲ့တရွတ်တိုက် မျောပါသွားခဲ့တာမှာ ပြေးလမ်းအဆုံးမှာ ကာထားတဲ့တံတိုင်းကို ဝင်တိုက်မိခဲ့တာမှာ လေယာဉ်တစီးလုံးနီးပါး မီးလောင် ပျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
လေယာဉ်ပေါ်ပါလာသူ စုစုပေါင်း ၁၈၁ ဦးထဲက ဝန်ထမ်း ၂ ဦးကိုတော့ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ် ပြေးလမ်းချော်ပြီး မီးလောင်နေတဲ့ပုံတွေလည်း သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပါတယ်။ အခုချိန်ထိတော့ သေဆုံးသူတွေထဲက ၆၅ ဦးကို ဘယ်သူ ဘယ်ဝါဆိုတာ သိရှိထားပြီလို့ တောင်ကိုရီးယား မီးသတ်ဌာန တာဝန်ရှိသူက ပြောပါတယ်။
အစောပိုင်းထွက်ပေါ်လာတဲ့ စုံစမ်းစစ်ဆေးမှုတွေအရ လေယာဉ်ဆင်းခါနီးမှာ ငှက်ကို ဝင်တိုက်မိခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယား လေကြောင်းပို့ဆောင်ရေး သမိုင်းတလျှောက် အဆိုးရွားဆုံး ထိခိုက်ဆုံးရှုံးမှုဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၉၇ ခုနှစ်က တောင်ကိုရီးယားလေကြောင်းလိုင်းပိုင် လေယာဉ်တစင်း ဂွမ်ကျွန်းမှာ ပျက်ကျခဲ့တဲ့အတွက် ခရီးသည် ၂၀၀ သေဆုံးခဲ့ပါတယ်။
အခုလို လေယာဉ်ပျက်ကျပြီး ခရီးသည်တွေအများအပြား အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် Jeju လေကြောင်းလိုင်းက တောင်းပန်စာ ထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲကိစ္စရပ်တွေကို အကောင်းဆုံး လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။
Forum