နျူကလီယားဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိနေတယ်လို့ အမေရိကန် အကြီးတန်းအရာရှိ တဦးက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က သမ္မတ Donald Trump နဲ့ တွေ့ဆုံလိုတဲ့ ဆန္ဒရှိတယ်လို့ ပြီးခဲ့တဲ့လထဲ ပြောကြားခဲ့ချိန်ကစပြီး မြောက်ကိုရီးယားဘက်က တွေ့ဆုံလိုတဲ့ ဆန္ဒဟာ အခုထိရှိနေဆဲပဲ ဆိုတာကို ပထမဆုံး အကြိမ်အဖြစ် သိသိသာသာ ပြသလိုက်တာ ဖြစ်ပါတယ်။
သမ္မတ Trump ကတော့ မေလမကုန်ခင်မှာ မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ တွေ့ဆုံလိုပါတယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့် ဘယ်နေရာမှာ တွေ့မယ်၊ ဘာကိစ္စဆွေးနွေးမယ် ဆိုတာအပါအဝင် ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်လက် တွေကိုတော့ ခုထိ သေသေချာချာ မသိရသေးပါဘူး။
အမေရိကန် အရာရှိတွေကတော့ အမေရိကန်နဲ့ မြောက်ကိုရီးယား အစိုးရတို့ကြား လျှို့ဝှက် ဆက်သွယ်မှုတွေ ရှိခဲ့တယ် လို့ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီယား လက်နက်ကင်းစင်ရေးအတွက် သမ္မတ Trump က အမြဲတစေ တောင်းဆိုခဲ့တာပါ။
အရင်တုန်းကတော့ မြောက်ကိုရီးယားက သူ့ကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးပြီး စားနပ်ရိက္ခာအကူအညီပေးမယ် ဆိုရင် အပြန်အလှန်အနေနဲ့ သူ့ရဲ့ နျူကလီယားလက်နက်အစီစဉ်တွေကို ရပ်ဆိုင်းပေးမယ်လို့ ကတိတွေ ပေးခဲ့တာ ရှိပေမယ့် ဘယ်တုန်းကမှတော့ ကတိမတည်ခဲ့ပါဘူး။