သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Nam လုပ်ကြံခံရမှု မလေးရှားရဲ စုံစမ်း


မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူအမေကွဲ အကိုတော်စပ်သူ Kim Jong Nam ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ဖေဖော်ဝါရီ ၁၄ ရက် အင်္ဂါနေ့က လုပ်ကြံခံ အသတ်ခံခဲ့ရပါတယ်။ သူဘာကြောင့်သေဆုံးခဲ့သလဲဆိုတာ သိရဖို့ ရင်ခွဲစမ်းသပ်နေပြီး စုံစမ်းစစ်ဆေးမှုတွေကို စတင်နေပြီလို့ မလေးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ Kim Jong Nam သေဆုံးမှုနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ ခန့်မှန်းမှုမျိုးစုံ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်ကနေ တရုတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မကာအိုကို သွားမယ့် အသက် ၄၆ နှစ်အရွက် Kim Chol ဆိုတဲ့ နာမည်နဲ့ နိုင်ငံကူ Passport ကိုင်ဆောင်ထားသူတယောက် သေဆုံးခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က အင်္ဂါနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့အဖေတူ အမေကွဲ Kim Jong Nam ဟာ မူးဝေလာလို့ လေဆိပ်ကောင်တာတခုမှာ အကူအညီ တောင်းခံခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့တာဝန်ရှိသူ Fadzil Ahmat က Reuters သတင်းကို ပြောပြပါတယ်။

သူ့မျက်နှာကို အနောက်ကနေ တယောက်ယောက်က လှမ်းဆွဲလိုက်တာ ဒါမှမဟုတ် လှမ်းကိုင်လိုက်တယ်လို့ ခံစားရပြီးနောက်မှာ မူးနောက်နောက် ဖြစ်လာတဲ့အတွက် လေဆိပ်ဝန်ထမ်းတွေကို အကူအညီ တောင်းခဲ့တယ်လို့ ပြောပါတယ်။ ပထမမှာ သူ့ကို လေဆိပ်မှာရှိတဲ့ ဆေးခန်းမှာ ကုသပေးခဲ့ပေမဲ့ အခြေအနေ ကောင်းမလာတဲ့အတွက် Putrajaya ဆေးရုံကို ခေါ်အသွား ဆေးရုံကားပေါ်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Kim Jong Nam ကို မြောကိုရီးယားသူလျှိုလို့ ယုံကြည်ရသူ အမျိုးသမီး၂ ယောက်က အဆိပ်လူးအပ်နဲ့ ထိုးခဲ့တယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယားအစိုးရ အသိုင်းအဝိုင်းကို ကိုးကားပြီး တောင်ကိုရီးယားက TV Chosun က ထုတ်ပြန်ခဲ့ပါတယ်။ တချို့တောင်ကိုရီးယား သတင်းတွေမှာတော့ အမျိုးသမီး ၂ ယောက်က သူ့မျက်နှာကို အဝတ်နဲ့ အုပ်ခဲ့ပြီးနောက် ခုလို နေထိုင်မကောင်းဖြစ် သေဆုံးခဲ့တာလို့ ပြောကြပါတယ်။

ဓာတုဆေးရည် Spray နဲ့ ပက်ဖျန်းခံရတယ်လို့ ဆေးရုံကားပေါ်က ဆေးဝန်ထမ်းတွေကို မသေဆုံးခင်မှာ Kim Jong Nam က ပြောခဲ့တယ်လို့ မလေးရှားတာဝန်ရှိသူ တချို့ကလည်း ပြောကြောင်း AP သတင်းမှာ ဖော်ပြပါတယ်။

မလေးရှားရဲတက်ဖွဲ့ကတော့ Kim Jong Nam ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာကို အတိအကျ မပြောနိုင်သေးဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ရင်ခွဲစစ်ဆေးမှုလုပ်ပြီးမှသာ သိနိုင်မယ်လို့ မလေးရှားရဲတပ်ဖွဲ့တာဝန်ရှိသူ Fadzil Ahmat က ပြောခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်နေပြီး လောလောဆယ်မှာတော့ မသင်္ကာသူ မရှိသေးဘူးလို့လည်းဆိုပါတယ်။ Kim Jong Nam ဟာ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း Kim Jong Il နဲ့ နာမည်ကြီးရုပ်ရှင်မင်းသမီး Sung Hye Rim တို့ရဲ့ သားဖြစ်ပါတယ်။

သူဟာ နိုင်ငံကိုဦးဆောင်ဖို့ ဆန္ဒမရှိဘူးလို့ လူသိရှင်ကြား ပြောခဲ့သူဖြစ်သလို မြောက်ကိုရီးယားမှာ မိသားစု အစဉ်အဆက် အာဏာဆက်ခံတဲ့အပေါ်ကိုလည်း ဝေဖန်ခဲ့သူဖြစ်ပါတယ်။ သူ့အဖေရဲ့အာဏာကို ဆက်ခံမယ့် အဖေတူအမေကွဲညီ Kim Jung Un အနေနဲ့ မြောက်ကိုရီးယားပြည်သူတွေရဲ့ အကျိုးကို ရှေ့ရှုပြီးနိုင်ငံကို အကောင်းဆုံး ဦးဆောင်သွားမယ်လို့ မျှော်လင့်ကြောင်း ၂၀၁၀ ခုနှစ်တုန်းက ဂျပန်ရုပ်သံတခုနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

သူဟာ မကာအို၊ တရုတ်ပြည်မကြီး၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာ အခုနှစ်ပိုင်းတွေအတွင်းလှည့်လည်နေထိုင်နေသူဖြစ်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်တွေအပေါ် အာဏာလုမဲ့ ရန်မရှိဘူးလို့မြင်ရတဲ့ Kim Jong Nam ခုလို လုပ်ကြံသတ်ဖြတ်ခံရပုံရတာနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားအရေး လေ့လာနေသူတချို့က အံ့သြခဲ့ကြပါတယ်။ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ Aidan Foster-Carter က ဗြိတိန်က Sky News ရုပ်သံမေးမြန်းခန်းမှာ သူ့ရဲ့အမြင်ကို ခုလို ပြောခဲ့ပါတယ်။

“Kim Jong Nam ကပြည်ပမှာ နေနေတဲ့သူပါ။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက မိုက်မိုက်မဲမဲနဲ့ သူ့ညီနဲ့ပါတ်သက်လို့ရော အစဉ်အဆက် အာဏာဆက်ခံတဲ့ အစဉ်အလာနဲ့ပါတ်သက်လို့ပါ သူလူသိရှင်ကြားဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့အသံမကြားရတာ အတော်ကြာပါပြီ။ ခပ်သိုသိုသိပ်သိပ်ပဲ နေတယ်ထင်ပါတယ်။ ဘယ်သူ့အတွက်မှ အန္တရာယ်ရှိပုံရတယ်လို့ မမြင်ရပါဘူး။ ဒါပေမဲ့လည်း အခုလို ကျွန်တော်တို့ ပြောနေကြတာက ဘာအထောက်အထားမှ မသိရသေးခင် ကြိုပြောရသလိုဖြစ်နေပါတယ်။ သူ့အဖေတူ မအေကွဲညီကတော့ သူဟာ အန္တရာယ်ကင်းတယ်လို့ မြင်ချင်မှမြင်ပါလိမ့်မယ်။”

Georgetown တက္ကသိုလ်က ဧည့်ပါမောက္ခ Balbina Hwang ကတော့ Kim Jong Nam ဟာ မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်သင့်သူလု့ိ မြောက်ကိုရီးယားရဲ့ အနီးစပ်ဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက လိုလားပုံရတဲ့အတွက် ဒါဟာ လက်ရှိခေါင်းဆောင် Kim Jong Un အတွက် တိုက်ရိုက်အန္တရာယ်ဖြစ်တယ်လို့ သူ့ရဲ့အမြင်ကို ဗွီအိုအေကို ပြောခဲ့ပါတယ်။

သူဟာနိုင်ငံကိုခေါင်းဆောင်ဖို့ ဆန္ဒမရှိဘူးလို့ ပြောခဲ့ပေမဲ့ လက်ရှိခေါင်းဆောင်နေရာမှာ အစားထိုးမယ့်သူအဖြစ် သတင်းတွေထွက်ခဲ့ဖူးတဲ့အတွက် Kim Jong Un အပေါ်သစ္စာရှိသူတွေဘက်က Kim Jong Nam ကို ရှင်းပြစ်တာ ဖြစ်နိုင်တယ်လို့လည်း ကိုရီးယားအရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ရန်သူလို့ မြင်သူတွေကို နိုင်ငံခြားအထိလိုက်ပြီး သုတ်သင်တဲ့ သာဓကတွေရှိခဲ့ပါတယ်။ 1983 ခုနှစ်တုန်းက မြန်မာနိုင်ငံကို လာလည်တဲ့ တောင်ကိုရီးယားသမ္မတ Chun Doo-hwan ကိုလုပ်ကြံသတ်ဖို့ အာဇာနည်ဗိမ္မာန်ကို ဗုံးခွဲခဲ့တာကို မြောက်ကိုရီးယားရေးကျွမ်းကျင်သူ Aidan Foster-Carter ကဥပမာတခုအဖြစ်ပေးခဲ့ပါတယ်။

“လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်တုန်းက Burma လို့ ခေါ်ခဲ့တဲ့ မြန်မာနိုင်ငံကို သွားလည်တဲ့ တောင်ကိုရီးယားသမ္မတကို မြောက်ကိုရီးယားတွေက ဗုံးခွဲလုပ်ကြံဖို့ ကြိုးစားခဲ့ဖူးပါတယ်။ သူတို့ မအောင်မြင်ခဲ့ပါဘူး။ တခြားသူတွေအများကြီးသေကြေခဲ့ကြတယ်။ လုပ်ကြံဖို့ကြိုးစားသူတွေကိုလည်း မိခဲ့ပါတယ်။ မိတဲ့တယောက်ကပြောလို့ သူတို့ရဲ့ အစီအစဉ်တွေ သိခဲ့ရပါတယ်။ အခုကိစ္စမှာလည်း အချက်အလက်တွေ သိကောင်းသိလာရနိုင်ပါတယ်။ အရင်မြောက်ကိုရီးယား အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေတုန်းကလည်း လုပ်တဲ့သူတွေကိုမိခဲ့တယ်ဆိုတော့ အခုလည်း လက်သည်ကို မိမယ်လို့ မျှော်လင့်ပါတယ်။”

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ သြဇာညောင်းတဲ့ ဦးလေးဖြစ်သူ Jang Song Thaek ကို ၂၀၁၃ ခုနှစ်တုန်းက သတ်ဖြတ်သုတ်သင်ခဲ့တယ်လို့ နိုင်ငံထဲက ထွက်ပြေးလာကြသူ တော်တော်များများက ပြောကြပါတယ်။ အခုလည်း အဖေတူ အမေကွဲအကို Kim Jong Nam မလေးရှားလေဆိပ်မှာ လုပ်ကြံသတ်ခံရပုံရပါတယ်။ Kim Jong Nam ဟာ ၂၀၀၁ ခုနှစ်တုန်းက Passport အတုနဲ့ ဂျပန်နိုင်ငံကို အဝင်မှာ အဖမ်းခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက သူဟာ Disneyland ကစားကွင်းကြီးဆီကို သွားချင်လို့ ဂျပန်ကိုလာတာလို့ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG