သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ မြောက်ကိုရီးယားကြား နျူကင်းစင်ရေး သဘောတူလက်မှတ်ရေးထိုး


 အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သဘောတူလက်မှတ်ရေးထိုး
အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သဘောတူလက်မှတ်ရေးထိုး

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးရည်ရွယ်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သဘောတူလက်မှတ်ရေးထိုး လိုက်ပါတယ်။ သမိုင်းဝင် အခုလို သဘောတူညီချက်လက်မှတ်ရေးထိုးလိုက်နိုင်တာကြောင့် ကမ္ဘာကြီးအနေနဲ့ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ ထူးခြားမှုတွေကိုလည်း တွေ့ရလိမ့်မယ်လို့ အမေရိကန်သမ္မတကရော မြောက်ကိုရီးယားသမ္မတကပါ ပြောကြားပါတယ်။ မြောက်ကိုရီးခေါင်းဆောင်ကို အိမ်ဖြူတော်ကိုလာရောက်ဖို့ ဖိတ်ကြားမယ်လို့လည်း သမ္မတ Donald Trump က ပြောပါတယ်။ ဒီအကြောင်း ရိုက်တာနဲ့ အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်

စင်္ကာပူမှာကျင်းပတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားကင်းစင်ရေး အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ သဘောတူလက်မှတ်ရေးထိုးလိုက်ကြပါတယ်။ အခုလို သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်တာကြောင့် အမေရိကန်ဘက်က မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ လုံခြုံရေး အာမခံချက်ပေးရမှာပါ။ သမ္မတ Trump ကတော့ ကမ္ဘာကြီး အနေနဲ့ ထူးခြားမှုတွေကို တွေ့ရမှာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီကနေ့ သမိုင်းဝင် သဘောတူညီချက် လက်မှတ်ရေးထိုးရတာကြောင့် ကျနော်တို့ အလွန်ဂုဏ်ယူပါတယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး၊ နောက် ကိုရီးယားကျွန်းဆွယ်က အခြေအနေဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ထူးခြားလိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ ၂ ယောက်လုံးက အထူး ပူးပေါင်းဆောင်ရွက်မှုတခုကို အကောင်အထည်ဖေါ်နိုင်ခဲ့ကြတာကြောင့် လူတွေရဲ့ စိတ်ထဲမှာ အမှတ်ထင်ထင် ဖြစ်ကျန်ပြီး အာလးုံးလည်း ပျော်ရွှင်ပါလိမ့်မယ်။ ကမ္ဘာ့အတွက် အန္တရာယ်အတားအဆီးကြီး တခုကို ဖြေရှင်းလိုက်တာကြောင့်လည်း ဥက္ကဌ ကင်မ်ကို ကျေးဇူးတင်ပါတယ်။ "

ဇွန်လ ၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက်ထဲမှာ ပါတဲ့ အကြောင်းအရာ အသေးစိတ်တွေကိုတော့ မသိရသေးပေမယ့် ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားကင်းစင်ရေး လုပ်ငန်းစဉ်တွေ အမြန်ဆုံး စတင်ဖို့ မျှော်လင့်ကြောင်း ထရမ့်ကပြောပါတယ်။ အကြောင်းအရာအတော်များများ ဘက်စုံထောင့်စုံကပါဝင်တဲ့ သဘောတူညီချက်လို့လည်း သူက ရည်ညွှန်းပြောကြားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကလည်း သမိုင်းသစ် တခေတ်ဖွင့်လှစ်နိုင်ခဲ့ပြီးလို့ ဆိပါတယ်။

"ဒီကနေ့မှာ သမိုင်းဝင် ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ပြီး အတိတ်က အရိပ်ဆိုးတွေကို ထားခဲ့ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သမိုင်းဝင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးတဲ့အခါမှာတော့ ကြီးမားတဲ့ အလှည့်အပြောင်း တခုကို ကမ္ဘာကြီးအနေနဲ့ တွေ့မှာပါ။ အခုလို ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်အောင် ဆောင်ရွက်ခဲ့တဲ့ သမ္မတ ထရမ့်ကိုလည်း အလွန်ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။"

လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ တားမြစ်ချက်တွေကို ချိုးဖေါက်ပြီး မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ တာဝေးပစ် မစ်စိုင်းဒုံးကျည်တွေကို စမ်းသပ်ခဲ့တာကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာက မြောက်ကိုရီးယားအပေါ် ပိတ်ဆိုးဒဏ်ခတ်မှုတွေ တင်းတင်းကြပ်ကြပ် ချမှတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့လည်း နိုင်ငံတကာနဲ့အတူ ပူးပေါင်းပြီး မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်ဖို့ အမေရိကန်က တရုတ်ကို တိုက်တွန်းတောင်းဆိုခဲ့ပြီး လပိုင်းအကြာမှာပဲ စကာၤ့ပူမှာ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံနိုင်ကြတာပါ။ အခုအခါမှာတော့ မြောက်ကိုရီးယားဘက်က အပြုသဘော လိုက်နာဆောင်ရွက်မှုတွေ တွေ့လာတဲ့အကြောင်း ထရမ့်က ပြောပါတယ်။

"မြောက်ကိုရီးယားအနေနဲ့ အဓိကကျတဲ့ မစ်စိုင်းအင်ဂျင် စမ်းသပ်တဲ့ နေရာတွေကို ဖျက်ဆီးပစ်လိုပြီးပြီလို့ ဥက္ကဌ Kim က ပြောပါတယ်။ ဒါဟာ သဘောတူညီချက်ထဲမှာ မပါပါဘူး။ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးတော့မှ သူက အဲလိုပြောတာပါ။ ဒါဟာ တကယ့် ထူးခြားမှုပါ။ စမ်းသပ်နေတဲ့ မစ်စိုင်းဒုံးတွေ၊ စမ်းသပ်တဲ့နေရာတွေကို မကြာခင် ဖျက်ဆီးပစ်ပါလိမ့်မယ်။"

တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ် အဆုံးသတ်အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာလည်း သမ္မတထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို အမေရိကန်ခရီးစဉ်အတွက် ဖိတ်ကြားမှာဖြစ်ကြောင်း ပြောပါတယ်။

"ဥက္ကဌ Kim ကို သင့်တော်တဲ့အချိန်မှာ အိမ်ဖြူတော်ကို အလည်အပတ်လာဖို့ ဖိတ်ကြားသွားမှာပါ။ ဒါဟာ အလွန်အရေးကြီးတဲ့ကိစ္စရပ်လို့ထင်ပြီး သူကလည်း လက်ခံပါတယ်။ သင့်တော်တဲ့ အချိန်ကျလာတဲ့အခါမှာတော့ ရှေ့လျှောက်ပြီး ညှိနှိုင်းဆွေးသွားချင်ပါတယ်။"

တချိန်ချိန်ကျရင် မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ်သွားရောက်ဖို့လည်း လမ်းဖွင့်ထားကြောင်း ထရမ့်ကပြောပါတယ်။ စင်္ကာပူမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ အခုလိုတွေ့ဆုံကြတာဟာ သမိုင်းမှာ ပထမဆုံးလည်းဖြစ်ပါတယ်

XS
SM
MD
LG