သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ ဇနီး တရုတ်နိုင်ငံကိုရောက်ကြောင်း အတည်ပြု


မြောက်ကိုရီးယားခေါင်းဆောင် Kim နှင့် သမ္မတ Xi (Xinhua/Ju Peng)
မြောက်ကိုရီးယားခေါင်းဆောင် Kim နှင့် သမ္မတ Xi (Xinhua/Ju Peng)

တရုတ်သမ္မတ လည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှုးလည်း ဖြစ်တဲ့ Xi Jinping ရဲ့ ဖိတ်ကြားချက်အရမြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ တရုတ်နိုင်ငံကို မတ်လ ၂၅ ရက် တနင်္ဂနွေနေ့ကနေ မတ်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့အထိ ရောက်ရှိနေကြောင်း တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းက အတည်ပြုပါတယ်။ ဒါဟာ မြောက်ကိုရီးယား ခေါင်းဆောင် ၂၀၁၁ ခုနှစ်မှာ အာဏာရခဲ့ချိန်ကစပြီး ပထမဆုံးသွားရောက်တဲ့ နိုင်ငံခြားခရီးစဉ် လည်းဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ၂ နိုင်ငံခေါင်းဆောင် ၂ ဦးတို့ဟာ ဘေဂျင်းရှိ ပြည်သူ့ခန်းမမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းလည်း ဖေါ်ပြထားပါတယ်။ တရုတ်သမ္မတ Xi နဲ့ တရုတ်သမ္မတ ကတော် Peng Liyuan တို့ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ ဇနီး Ri Sol Ju တို့ကို ညစာနဲ့ တည်ခင်းဧည့်ခံခဲ့ပြီး ဖျော်ဖြေပွဲလည်း အတူတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲအခန်းအနားတွေကို တရုတ်ဝန်ကြီးချုပ် Li Keqiang အပါအဝင် တရုတ်ကွန်မြူနစ်ပါတီ အကြီးတန်း ဗဟိုကော်မတီဝင်တွေအပြင် တရုတ် ဒုသမ္မတ Wang Qishan တို့ပါ တက်ရောက်ခဲ့ကြတာပါ။ တွေ့ဆုံဆွေးနွေးမှုတွေ အတွင်း Xi က Kim ကို အခုလို တရုတ်နိုင်ငံကို ပထမဆုံး လာရောက်ခဲ့တာအတွက် ကွန်မြူနစ်ဗဟိုကော်မတီက နွေးထွေးစွာ ကြိုဆိုကြောင်း ပြောခဲ့ပါတယ်။

တရုတ်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်လို့ သမ္မတ Xi က အဆိုပြုချက် ၄ ရပ် တင်သွင်းခဲ့ရာမှာ အဆင့်မြင့်ဆွေးနွေးမှု တွေမှာ တရုတ်က လမ်းကြောင်းပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်ရေး၊ မဟာဗျူဟာကျတဲ့ ဆက်ဆံရေး အလေ့အကျင့်တွေကို အပြည့်အဝ အသုံးချနိုင်ရေး၊ ငြိမ်းချမ်းရေး တိုးတက်ဖေါ်ဆောင်မှုမှာ တတပ်တအား ပါဝင်ရေးနဲ့ တရုတ်နဲ့ မြောက်ကိုရီးယား ချစ်ကြည်ရေး အုတ်မြစ် ခိုင်မာအောင် ဆောင်ရွက်ရေး ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ဟာ တရုတ်နိုင်ငံကို လာရောက်တာမို့ ၂ နိုင်ငံဆက်ဆံရေး တန်ဖိုးထားမှုကို သက်သေပြရာ ရောက်တယ်လို့ ဖေါ်ပြထားပါတယ်။ တရုတ်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ကြား ကမ္ဘာ့ရေးရာတွေနဲ့ ကိုရီးယားကျွန်းဆွယ်နဲ့ပါတ်သက်တဲ့ ကိစ္စတွေကို ထဲထဲဝင်ဝင် အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ဆင်ဟွာသတင်းမှာရေးပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ အပြုသဘောတိုးတက်မှုတွေ အခုနှစ်ထဲမှာ ရှိလာပြီး မြောက်ကိုရီးယားရဲ့ အရေးကြီးတဲ့ အားထုတ်မှုတွေကို တရုတ်က အသိအမှတ်ပြုကြောင်း၊ ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်ပပျောက်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ပြဿနာကို ဆွေးနွေးတိုင်ပင်မှုနဲ့ အဖြေရှာရေးတို့ကို တရုတ်နိုင်ငံက အခိုင်အမာကိုင်စွဲထားတယ်လို့လည်း သမ္မတ Xi က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကိုပြောကြားခဲ့တာပါ။

တင်းမာမှုတွေလျော့စေဖို့ အစပြုဆောင်ရွက်မှုတွေကို မြောက်ကိုရီးယားကလုပ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဆိုပြုထားတဲ့ အတွက် ကိုရီးယားကျွန်းဆွယ်က အခြေအနေတွေ စတင်ကောင်းမွန်လာနေပြီလို့ Kim Jong Un ကပြောကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ကွယ်လွန်သွားတဲ့ သမ္မတကြီး Kim Il Sung နဲ့ အတွင်းရေးမှူးချုပ် Kim Jong Il တို့ရဲ့ ဆန္ဒအတိုင်း ကိုရီးယား ကျွန်းဆွယ်မှာ Nuclear ကင်းစင်ပပျောက်ရေးအတွက် သဓိဌာန်ချထားတယ်လို့ Kim ကပြောတာကိုလည်း ကိုးကားဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးဖို့ လိုလားသလို ၂ နိုင်ငံ ထိပ်သီးစည်းဝေးပွဲကျင်းပဖို့လည်း လိုလားတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ အားထုတ်မှုတွေကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့က စိတ်စေတနာကောင်းနဲ့ တုံ့ပြန်မယ်၊ ငြိမ်းချမ်းရေး ကို ရှေ့ရှုပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ အခြေအနေကို ဖန်တီးမယ်ဆိုရင် ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်ပပျောက်ရေးကို အဖြေရှာ နိုင်မှာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က တရုတ်သမ္မတ Xi Jinping ကိုပြောကြားခဲ့တယ်လို့လည်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG