သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ အစိုးရကိုယ်စားလှယ်များ နောက်လ ထပ်မံတွေ့ဆုံမည်


KIA စစ်သားများ လုံခြုံရေးယူနေစဉ်
KIA စစ်သားများ လုံခြုံရေးယူနေစဉ်

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ဖေဖော်ဝါရီလအတွင်းမှာ ထပ်မံတွေ့ဆွေးနွေးဖို့ ရှိနေပြီး KIO ဘက်ကတော့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ ဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။ ဒီ ၄ဖွဲ့ ပါဝင်မယ်ဆိုတာ ပြန်လည်ညှိနှိုင်းဖို့ ရှိနေပေမဲ့ အစိုးရနဲ့ KIO အကြား တရားဝင်ဆွေးနွေးပွဲကိုတော့ မြန်မာနိုင်ငံအတွင်းမှာ စတင်ဖွယ် ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ KIO အကြား ဒီလ ၂၁ရက်နေ့က တရုတ်နိုင်ငံကူမင်းမြို့မှာ အလွတ်သဘော ဆွေးနွေးပြီးတဲ့နောက် နောက်တကြိမ်မှာ တရားဝင် ထပ်မံတွေ့ဆုံကြဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးခဲ့တဲ့အချက်ကို KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ထပ်တွေ့မယ် ဆိုတာ အဓိက အဲဒါ ကြားပါတယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာ ဘယ်နေရာမှာ ပြန်တွေ့မယ်ဆိုတာ ဘာအကြောင်းအရာတွေ ဆွေးနွေးမယ်ဆိုတာတော့ ဘာမှ ပြောထားတာမရှိဘူး။ ထုတ်ပြန်တာလည်း မရှိဘူး။ နိုင်ငံရေးဆွေးနွေးပွဲကို ဦးတည်သွားမယ်ဆိုရင်တော့ အခုလိုမျိုး ခန ခန တွေ့ရမယ်။ ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့လည်း ခန ခနပြန်တွေ့ရင်တော့ ကောင်းမယ်ဆိုတဲ့ သဘောမျိုးနဲ့ နောက် ထပ်ပြန်တွေ့မယ်ဆိုတာတော့ အဲလို ပြောတာတော့ ရှိပါတယ်။ ”

ကူမင်း အလွတ်သဘောဆွေးနွေးပွဲမှာ KIO ဘက်က တအန်း(ပလောင်)၊ ကိုးကန့်နဲ့ ရခိုင်တပ်မတော် ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ပူးတွဲတွေ့ဆုံဖို့ တင်ပြထားကြောင်း သတင်း ရရှိခဲ့ပေမဲ့ ဗိုလ်မှုးကြီးနော်ဘူက ဒါကိုတော့ သေချာမသိကြောင်း၊ ဒီလိုပူးပေါင်းတွေ့ဆုံဖို့ KIO က အရင်ကတည်းက တောင်းဆိုထားတာ ရှိကြောင်းသာ ပြန်လည်ဖြေကြားပါတယ်။

“KIO ရဲ့ မူကတော့ ဘာပဲဖြစ်ဖြစ် ဆွေးနွေးမယ် ဆိုလို့ရှိရင်တော့ ဒီ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အားလုံးနဲ့ ဆွေးနွေးရမယ်ဆိုတဲ့ အဆိုကတော့ ရှိပါတယ်။ KIO က တောင်းဆိုထားတာရှိပါတယ်။ KIO တစ်ဖွဲ့တည်းနဲ့ ဆွေးနွေးတာနဲ့တော့ အောင်မြင်မှုကတော့ အပြည့်အ၀ ရနိုင်မှာ မဟုတ်ဘူးပေါ့။ အဲဒါကြောင့် တစ်ခြား ဒီ မြောက်ပိုင်း မဟာမိတ်ဖြစ်နေတဲ့ အဖွဲ့ ၃ဖွဲ့နဲ့လည်း ဆွေးနွေးရမယ်ဆိုတဲ့ တင်ပြထားတာတော့ ကျနော်လည်း ကြားသိရပါတယ်။”

NRPC နဲ့ KIO အကြား အလွတ်သဘောဆွေးနွေးရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့တဲ့ PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်အောင်က ဆွေးနွေးပွဲတွေကို နောက်လ ပထမပတ်ဒါမှ မဟုတ် ဒုတိယပတ်မှ စတင်ဖွယ်ရှိကြောင်း အခုလို ပြောပါတယ်။

“ဖေဖော်ဝါရီထဲမှာ ဖြစ်မှာပါ။ လဆန်းပိုင်းလား၊ လလည်ပိုင်းလားတော့ မပြောတတ်ဘူး။ နှစ်ဘက်ကို တစ်ဘက်ကလည်းဆွေးနွေးတဲ့အချိန် ဟိုဘက်ကို ဆွေးနွေးပြီးမှ၊ ကိုယ့်အဖွဲ့ထဲကိုယ်ဆွေးနွေးပြီးမှ အချိန်ကို ပြန်ရွေးပြီး နေရာရွေး၊ အချိန်ရွေးပြီးမှ အဲဒီထဲမှပြန်ဆွေးနွေးဖို့ ရှိတယ်။ ပြည်တွင်းတစ်နေရာလို့ ပြောလို့ရပါတယ်။ ဟုတ်ကဲ့ တရားဝင်ဆွေးနွေးပွဲပါ။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အားလုံး ပါဝင်ရေးနဲ့ပတ်သက်ပြီး ဦးအင်ရှန်ဆန်အောင်က

“ အဲလို ဆွေးနွေးချင်တယ်ဆိုတာတော့ သူက တင်ပြတာရှိတယ်။ ဒါပေမဲ့ အဲဒါ အကုန်ပါမလား၊ Observer အဖြစ်ပဲ ဖြစ်မလား ဆိုတာတော့ အခု မသိသေးဘူးခင်ဗျ၊ အဲဒါတော့။ ဘယ်လိုဖြစ်ဖြစ် ဆွေးနွေးပွဲကတော့ ဖြစ်မှာပါ။”

တပ်မတော်က ကချင်နဲ့ ရှမ်းပြည်နယ်အခြေစိုက် စစ်တိုင်းဌာနချုပ် နယ်မြေ ၅ခုမှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်ဆိုင်းကြောင်း ဒီဇင်ဘာလ ၂၁ရက်နေ့က ကြေညာပြီးတဲ့နောက် KIO အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေက အဖွဲ့ ၄ဖွဲ့လုံးနဲ့ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောထား ထုတ်ပြန်ထားပါတယ်။

နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံရေးနဲ့ပတ်သက်ပြီး NRPC ဘက်ကို မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့တာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG