သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ KIO နယ်မြေမှာ ပြုလုပ်မည်


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်ထဲမှာ တွေ့ဆုံကြဖို့ စီစဉ်နေတဲ့အကြောင်း နှစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးအတွက် အစောပိုင်း ဆွေးနွေးပွဲတွေ တရုတ်နိုင်ငံမှာ နှစ်ကြိမ်လုပ်ခဲ့ပြီးတဲ့နောက် အခုတခါမှာတော့ KIO ထိန်းချုပ်ရာ နယ်မြေမှာ ဆွေးနွေးဖို့ ပြင်ဆင်နေကြတာပါ။ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဆွေးနွေးပွဲ အလားအလာတွေကိုတော့ မဆုမွန်က တင်ပြပေးထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား တတိယအကြိမ်အဖြစ် ဒီလထဲ တွေ့ဆုံရာမှာတော့ KIO ထိန်းချုပ်နယ်မြေမှာ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

တွေ့ဆုံဖို့အတွက် နေ့ရက် အတိအကျ နောက်ဆုံး မသတ်မှတ်ရသေးပေမဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့အတွက်ကိုတော့ သဘောတူထားကြတဲ့ အကြောင်း မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။

“ဆွေးနွေးပွဲကတော့ နှစ်ဘက်စလုံးကတော့ hour and hour ညှိနှိုင်းနေဆဲပါ။ အခုတော့ စောပြီးဖြစ်မယ့်အနေအထားတော့ ရှိပါတယ်ခင်ဗျ။ ဒါပေမဲ့ တရားဝင်စာ ကို စောင့်နေပါတယ်။ ကျနော် သိသလောက်ကတော့ ဝန်ကြီး ဦးအောင်မင်းက ဒီ KIO အဖွဲ့အစည်းကို ဒီတကြိမ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မြစ်ကြီးနား (သို့မဟုတ်) KIO ဘက်က သဘောတူတဲ့နေရာ ပြည်တွင်းမှာ လုပ်ဖို့ သူ့အနေနဲ့ အရင်ဆုံး အဆိုပြုထားတယ်ခင်ဗျ။ ကျနော်တို့လည်း သူတို့ရဲ့ official reply letter ကို ဝန်ကြီး ဦးအောင်မင်း က စောင့်နေပါတယ်ခင်ဗျ။”

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက် တွေ့ဆုံ ဆွေးနွေးမှုတွေကို တရုတ်နိုင်ငံက ကြားဝင် ကမကထ လုပ်ပေးခဲ့ပြီးတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ကြတာပါ။

အစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ ကတော့ အစောပိုင်းတုန်းက လုံခြုံရေး အခြေအနေတွေကြောင့် တတိယနိုင်ငံ တခုမှာ တွေ့ဆုံခဲ့ရတာ ဖြစ်ပေမဲ့ အခုတကြိမ်မှာတော့ အခြေအနေတွေဟာ တိုးတက်လာတာနဲ့အမျှ ပြည်တွင်းမှာ
တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ပြောပါတယ်။

“ဆွေးနွေးပွဲတိုင်းမှာတော့ ဝန်ကြီး ဦးအောင်မင်းအနေနဲ့ ပြည်တွင်းမှာ ဆွေးနွေးဖို့ အဆိုပြုခဲ့တာချည်းပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာတော့ ယုံကြည်မှု စပြီး တည်ဆောက်ပြီး လုပ်ရတာဖြစ်တဲ့အတွက် တဘက်အဖွဲ့အစည်းဘက်ကနေ ကျနော်တို့ ပြည်တွင်းကို လာဖို့ အခက်အခဲရှိတဲ့ အခြေအနေမှာတော့ တဘက်အဖွဲ့အစည်းဘက်က ချိန်းဆိုတဲ့နေရာတွေကို သွားတယ်။ အခုကတော့ တစုံတခုအထိ ယုံကြည်မှု နှစ်ဘက်ကြားထဲမှာ တဖြေးဖြေး စပြီးတော့ တည်ဆောက်လာနိုင်တယ်လို့ ကျနော်တို့အနေနဲ့လည်း မှတ်ယူတယ်။ ဝန်ကြီးအနေနဲ့လည်း မြစ်ကြီးနား သို့မဟုတ် ဒါ KIO ဘက်က ညှိနှိုင်းလို့ရတဲ့ နေရာမှာ ဆွေးနွေးပွဲ တည်ဆောက်လိုပါတယ် ဆိုတာကို လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ဝန်ကြီးအနေနဲ့ ပို့ထားတယ်လို့ ရှင်းပြပါတယ်။”

နောက်ဆုံးအကြိမ်အဖြစ် ရွှေလီမြို့က တွေ့ဆုံပွဲ အတွင်းမှာတော့ မြန်မာအစိုးရဘက်က ကာကွယ်ရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တွေပါ ပါဝင်ခဲ့ကြတာပါ။

ငြိမ်းချမ်းရေးအတွက် ခိုင်ခိုင်မာမာ သဘောတူညီချက် မရခဲ့ပေမဲ့လည်း ဆက်လက်
ဆွေးနွေး ညှိနှိုင်းသွားဖို့လည်း သဘောတူခဲ့ကြပါတယ်။ နောက်ဆုံး အကြိမ် တွေ့ဆုံမှု အတွင်းမှာတော့ တရုတ်အစိုးရဘက်က စွက်ဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့သလို အခုအခါမှာ ဒီလိုအခြေအနေတွေကို နှစ်ဘက် စလုံးက ရှောင်ရှားလိုတဲ့ သဘောထားတွေ ရှိနေတယ်လို့လည်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့က ကိုစားဂျီးက ပြောပါတယ်။

“အထူးသဖြင့် တရုတ်ပြည်က ဖိအားကြောင့်က နှစ်ဘက်စလုံးက အမြန်ဆုံး အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဖိအားပေးတဲ့ဟာ များတဲ့အတွက်ကြောင့် တခြားတနေရာ စဉ်းစားတဲ့ဘက်လည်း ရှိရင် ရှိမှာပေါ့နော့်။ အပေါ်ယံအားဖြင့်တော့
မြစ်ကြီးနားမှာလို့ ပြောတယ်။ အဓိကအားဖြင့် တရုတ်ပြည်ရဲ့ ဖိအားတော့ နှစ်ဘက် စလုံးမှာ နည်းနည်းများထင်တယ်။ တရုတ်ပြည်မှာ ဆွေးနွေးဖို့လည်း ဒီအခြေအနေတွေ ရှိနေတယ်။”

ဒီလိုမျိုး ကချင်နဲ့ မြန်မာအစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လုပ်ဆောင်နေချိန်မှာပဲ ကချင်ပြည်နယ်တွင်းမှာ စစ်ရေးတည်ငြိမ်နေသလို အနေအထားမှာ ထင်ရပေမဲ့ တပ်အင်အားတွေ ဖြည့်တင်းထားတဲ့ မြန်မာတပ်တွေဘက်က ကချင်တပ်တွေ အနီးအထိ ပေါ်ပေါ်ထင်ထင် သွားလာနေတာမျိုးတွေရှိလို့ အချိန်မရွေး ပြန်ပြီးတော့ စစ်ဖြစ်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့လည်း ကချင်ဒေသခံ ကိုစားဂျီးက သုံးသပ်ပါတယ်။

ဒါကြောင့် ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံစဉ်မှာတော့ အောက်ခြေတပ်တွေအနေနဲ့ စစ်အင်အား တိုးချဲ့ပြီးတော့ ချတာ၊ နယ်မြေအတွင်း စစ်ပြင်ဆင်တဲ့ ပုံစံမျိုးနဲ့ စစ်ရေးပြတာမျိုးတွေ မလုပ်သင့်ဘူးလို့လည်း သူကပြောပါတယ်။

အခုလို နှစ်ဘက်တွေ့ဆုံမှုတွေ လုပ်ပြီး ဆွေးနွေးနေချိန်မှာပဲ ပြီးခဲ့တဲ့ မတ်လလယ် ပိုင်းတုန်းက ကချင်တပ်တွေနဲ့ အစိုးရတပ်တွေကြား ကချင်ပြည်နယ် ပန်ဝါဒေသနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပါသေးတယ်။
XS
SM
MD
LG