သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ KIO မြစ်ကြီးနားမှာ ထပ်မံတွေ့ဆုံ


KIO ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲကျင်းပမယ့် အစည်းအဝေးခန်းမမြင်ကွင်း။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့် facebook မှ ကူးယူဖော်ပြပါသည်။)
KIO ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲကျင်းပမယ့် အစည်းအဝေးခန်းမမြင်ကွင်း။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့် facebook မှ ကူးယူဖော်ပြပါသည်။)
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေဟာ ဒီကနေ့ မြစ်ကြီးနားမြို့ ကို ရောက်ရှိလာပြီး မြန်မာအစိုးရတာဝန်ရှိသူတွေ အပါအဝင် ဆွေးနွေးပွဲအတွက် ရောက်လာသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ KIO နဲ့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ရဲ့ မနက်ဖြန်မှာ စတင်တဲ့ဆွေးနွေးမှုတွေကတော့ နိုင်ငံရေး၊ ဒုက္ခသည်အရေး စတဲ့ အရေးကိစ္စတွေအပါအဝင် အချက် ၅ ချက် အပေါ်မှာ အခြေခံပြီး အဓိကဆွေးနွေးဖို့ ရှိနေပါတယ်။ KIO နဲ့ မြန်မာအစိုးရတို့ရဲ့ အခုနောက်ဆုံးဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခု ကြားလိုက်ရတဲ့အသံတွေက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်လာတဲ့ KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ဒေသခံ ကချင် ပြည်သူတွေက ကြိုဆိုနေကြတဲ့အသံတွေဖြစ်ပါတယ်။ ဒီကြိုဆိုပွဲကိုလာရောက်သူတွေဟာ သောင်းနဲ့ချီပြီး ရှိနိုင်မယ်လို့လည်း ခန့်မှန်းကြ ပါတယ်။

“ထောင်ကတော့ကျော်တယ်။ သောင်းဂဏန်းရှိမလား မသိဘူး။ လူအင်အားက အဲလောက်ရှိတယ်။ အခုနကပဲ ကျနော်နဲ့ သူငယ်ချင်း တယောက် အံ့သြတဲ့အကြောင်း ပြောနေတယ်။ ဘယ်သူမှလည်း စည်းရုံးလှုံ့ဆော်ထားခြင်းမရှိဘဲနဲ့ ပြည်သူလူထုက သူတို့ရဲ့အသိစိတ် ဓာတ်နဲ့ သူတို့ရဲ့ KIA အပေါ်မှာ ထောက်ခံတဲ့အနေနဲ့လေ-ပေါ့နော- လာပြီးတော့ ကြိုဆိုကြတဲ့သဘောကို တွေ့ရလို့ အရမ်း အံ့သြမိပါတယ်။ ”

ဒီကြိုဆိုပွဲကို တက်ရောက်လာတဲ့ ဒေသခံလူငယ်တယောက် ပြောပြတာပါ။ KIO ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့ကို ညနေ ၃ နာရီကျော်လောက်က ဆိုက်ရောက်လာတာဖြစ်ပါတယ်။ KIO လုပ်ငန်းညှိနှိုင်းအဖွဲ့ရဲ့ ပြောခွင့်ရသူဦးဒေါင်ခါးက ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွန်လွတ်ဂမ် ဦးဆောင်လာရောက်တာဖြစ်တယ်လို့ ပြောပါတယ်။

“ဦးဆွန်လွတ်ဂမ်ဦးဆောင်တာပေါ့။ ကျနော်တို့ KIO ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ပဲလေ။ တပ်ပိုင်းဆိုင်ရာက ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်ပြီးတော့ ပါလာတယ်။ ကိုယ်စားလှယ်အဖွဲ့က ၈ ယောက်ပါ။”

မနက်ဖြန် ကျင်းပမယ့်ဆွေးနွေးပွဲမှာ မေလဆွေးနွေးပွဲနောက်ပိုင်း တိုးတက်ဖြစ်ထွန်းမှုတွေအပါအဝင် စစ်ရှောင်ဒုက္ခသည်များအရေး၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးနဲ့ အထွေထွေကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီကနေ့ညမှာတော့ ဆွေးနွေးမယ့် ခေါင်းစဉ်အချို့ကို ထပ်မံညှိနှိုင်းအတည်ပြုဖို့ ရှိနေပါတယ်။

မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်ပြီး ဝန်ကြီး ဦးအုံးမြင့်၊ ဝန်ကြီးဦးခင်မောင်စိုး၊ ဝန်ကြီးဦးဝင်းထွန်းအပါအဝင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊မြောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ အရှေ့မြောက်တိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး ၊ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါတယ်။

KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကုလသမဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ နမ်ဘီးယား၊ တရုတ် နိုင်ငံက သံတမန်နှစ်ဦး၊ နိုင်ငံရေးပါတီ (၇) ပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၀) ဖွဲ့နဲ့ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ကိုယ်စားလှယ်တွေလည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အစောပိုင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ မနက်ဖြန်ဆွေးနွေးပွဲမှာတော့ မပါဝင်နိုင်ကြောင်း ဒီကနေ့ထုတ်သတင်းစာတချို့မှာ ဖော်ပြပါတယ်။

လောလောဆယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

“ဟုတ်တယ်ဗျ။ အခု လေးနာရီခွဲမှာ Observer အနေနဲ့ဖိတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးဦးအောင်မင်းနဲ့ နန်းသီတာဟိုတယ်လ်မှာ တွေ့ဖို့တော့ ပြင်ဆင်နေတယ်ဗျ။ ဒါကတော့ Nationwide ceasefire နဲ့ National Dialogue ကို ဦးအောင်မင်းက ရှင်းပြဖို့ သွားနေပါတယ်။”

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ သောကြာနဲ့ စနေနေ့တွေက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ ဦးသိန်းဇော်ခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ပန်ဆန်းမြို့မှာ ဆွေးနွေးခဲ့ပါတယ်။
UWSPရဲ့ သဘောထားကိုတော့ ပါတီရဲ့ပြောခွင့်ရသူ ဦးအောင်မြင့်က အခုလို ပြောပါတယ်။

“ကျနော်တို့ကို တရားဝင်ဖိတ်လို့ရှိရင် ကျနော်တို့သွားရောက်တက်ပါမယ်။ နိုင်ငံတော်က ဆွေးနွေးမယ့်အကြောင်းအရာ၊ လက်မှတ်ထိုးမယ့် အချက်အလက်တွေ ပီပီပြင်ပြင်ဖြစ်အောင် အားလုံးကို ကြိုတင်ပြီးတော့ တဖွဲ့ချင်းစီ ပေးပို့ပြီးတော့ ညှိနှိုင်းဆွေးနွေး သဘောတူညီမှု အစည်းအဝေးပြင်ပကနေပြီးတော့ အရင် ညှိနှိုင်းယူဖို့ ကျနော်တို့လည်း အမြင်သဘောထားလေးတွေ ပြန်ဆွေးနွေးထားတာ ရှိပါတယ်။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကလည်း တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ အချက် ၆ ချက်ထုတ်ပြန်ထားပါတယ်။ ဒီအချက်တွေမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အတွက် ခိုင်မာသော ကတိကဝတ်များ ထားရှိဖို့၊ အပစ်ရပ်ရေး လက်မှတ်ရေးထိုးရာမှာ တပ်မတော် အကြီးအကဲများ ပါဝင်လက်မှတ်ထိုးဖို့နဲ့ လက်မှတ် ရေးထိုးကြရာမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရှေ့မှာ လက်မှတ်ရေးထိုးဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ဒီလကုန်ပိုင်းလောက်မှာ လက်မှတ်ရေးထိုးပြီး နောက်နှစ်ဆန်းပိုင်းမှာ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ကြိုးစားနေပါတယ်။
XS
SM
MD
LG