သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ မြန်မာခေါင်းဆောင်တွေ မကြာမီ တွေ့ကြမည်


KIO နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာတို့ အပစ်ရပ်သဘောတူညီချက်ရရေးဆွေးနွေးပွဲမြင်ကွင်း။ (အောက်တိုဘာ ၇၊ ၂၀၁၃)
KIO နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာတို့ အပစ်ရပ်သဘောတူညီချက်ရရေးဆွေးနွေးပွဲမြင်ကွင်း။ (အောက်တိုဘာ ၇၊ ၂၀၁၃)

ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရနဲ့ တပ်မတော် အကြီးအကဲတွေအကြား မကြာခင်မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ စီစဉ်နေတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။ ရန်ကုန်မြို့ MPC ငြိမ်းချမ်းရေး စင်တာမှာ မတ်လ ၁၆ ရက်နေ့ စတင်မယ့် UPWC - ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မီတီနဲ့ NCCT - တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့ရဲ့ ဆွေးနွေးပွဲအပြီး နေပြည်တော်မှာ တွေ့ဆုံနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ KIO ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ အကြား တွေ့ဆုံ ဆွေးနွေးရေး အပါအဝင် လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေတွေကို ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ ဗိုလ်ချုပ် ဂွမ်မော်က အခုလို စဖြေပါတယ်။

ဗိုလ်ချုပ် ဂွမ်မော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့က UPWC နဲ့ NCCT ရဲ့ (၇) ကြိမ်မြောက်အစည်းအဝေးမှာ ကျနော်တို့ KIO ကိုယ်စားလှယ်တချို့ တက် ရောက်ဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီကိုယ်စားလှယ်တွေက ရန်ကုန်ကိုဆင်းရင်းနဲ့ တကယ်လို့အဆင်ပြေမယ်ဆိုရင် တပ်မတော်ဘက်ကရော၊ အစိုးရ ဘက်ကရော လူကြီးများနဲ့တွေ့ဖို့အစီအစဉ် ကျနော်တို့လုပ်ထားတာပါ။ အဲဒီ အစည်းအဝေးမှာ ကျနော်တို့ KIO အဖွဲ့ရဲ့ ရှင်းလင်းရေး ကိုယ်စားလှယ် အဖွဲ့တွေနဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာတို့လည်း observer အနေနဲ့တက်ရောက်ပြီး နားထောင်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအဖွဲ့တွေရဲ့ သွားရေးလာရေးကိစ္စကို အခုအချိန်အထိ သေချာပြီးပြတ်…ဟို …ခွင့်ပြုချက်တွေ ဆွေးနွေးနေတုန်းပါပဲ။ မနက်ဖြန်ညနေလောက်မှ ကျနော်တို့အဖွဲ့တွေရဲ့ သွားရေးလာရေးတွေက အတည်ပြုလို့ရမှာဖြစ်ပါတယ်။ အဲဒါရရင်တော့ ကျနော်တို့ KIO ရဲ့ခေါင်းဆောင်တော်တော်များများ၊ ဗဟိုကော်မတီဝင် (၈) ဦး ပါဝင်တဲ့အဖွဲ့တွေက တကြိမ်၊ ဆွေးနွေးပွဲမှာပါဝင်ပြီးတော့ Observer အနေနဲ့ တက်ရောက်ဖို့ ဖြစ်ပါတယ်။ တွေ့ကြမယ်ဆိုတဲ့ အတိအကျ ပုံစံမျိုး မရှိသေးပါဘူး။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့၊ လက်ရှိအနေအထားအရကတော့ နိုင်ငံရေးအရပဲကြည့်ကြည့်၊ စစ်ရေးအရပဲကြည့်ကြည့် KIO အနေနဲ့ကြည့်မယ်ဆိုရင် တွေ့ဆုံဖို့က တကယ့်ကို (Imminent) မဖြစ်မနေ လိုအပ်တဲ့ပုံစံမျိုး ဖြစ်နေသလားလို့ပါ။

ဗိုလ်ချုပ် ဂွမ်မော်။ ။ ကျနော်တို့ KIO အတွက်ရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ တွေ့ဆုံရေးကတော့ တနိုင်ငံလုံးအတွက် အရေးကြီးတယ်ဆိုတဲ့ ရည်မှန်းချက်ကတော့ အမြဲတမ်းလက်ကိုင်ပြုပါတယ်။ ဒါကြောင့်မို့လို့ (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ statement မှာလည်း အဲဒါကို ဖော်ညွှန်းတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီတကြိမ်အစည်းအဝေးမှာက ကျနော်တို့ ညှိနှိုင်းစရာကိစ္စတွေ တော်တော်များပါတယ်။ ပြီးတော့ နှစ်ဘက်ကလည်း ပိုပြီး ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ ကျနော်တို့ဘက်က KIO ကိုယ်စားလှယ်အဖွဲ့တွေကလည်း တတ်နိုင်သလောက် အစည်းအဝေးမှာ ပါဝင်ဆွေးနွေးတာမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့ NCCT က ဘယ်လိုဆွေးနွေးနေသလဲဆိုတဲ့အပိုင်းမှာ ပိုပြီး လေ့လာနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သွားကြတာဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့၊ မြန်မာအစိုးရနဲ့ KIO နဲ့ ဘယ်အချိန်က နောက်ဆုံး ဆွေးနွေးခဲ့ပါသလဲ။ နောက်တော့ ဘယ်အဆင့်မှာ ဆွေးနွေးပွဲတွေ ရပ်သွားခဲ့ပါသလဲခင်ဗျ။

ဗိုလ်ချုပ် ဂွမ်မော်။ ။ KIO ကိုယ်စားလှယ်နဲ့ အစိုးရကိုယ်စားလှယ်တွေ ဆွေးနွေးတာကတော့ ၂၀၁၃ အကုန်ပိုင်းပေါ့နော်၊ အောက်တိုဘာလမှာ နောက်ဆုံးလို့ ပြောလို့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့တွေအနေနဲ့ပဲ အဓိကထားပြီး ဆွေးနွေးတယ်။ လိုအပ်လို့ရှိရင် technical team တွေ တွေ့ကြတာရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ KIO အနေနဲ့ကတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့လမ်းကြောင်းပေါ်မှာ Single text အဆင့်တောင် ရောက်နေပြီ။ အဲဒီမှာ ကျနော်တို့ KIO က ကိုယ်စားလှယ်တွေလည်း ပါတယ်ဆိုတော့ NCCT နဲ့ UPWC ရဲ့ဆွေးနွေးပွဲတွေကို အဓိက အားပြုတဲ့အတွက်ကြောင့်မို့လို့ KIO ကိုယ်စားလှယ်အဖွဲ့အနေနဲ့ သီးသန့်ဆွေးနွေးပွဲတွေကို ခပ်စိတ်စိတ်လေး မလုပ်တာဖြစ်ပါတယ်။ ဒီ ငြိမ်းချမ်းရေး process အပေါ်မှာ အဓိက-ကတော့ တနိုင်ငံလုံးလွှမ်းခြုံတဲ့အနေအထားမျိုးကို ကျနော်တို့က ပိုပြီးမျှော်လင့်တာဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဒါပေမယ့် အခု ဆွေးနွေးခဲ့ကြတာကလည်း အကြိမ်ကြိမ်လည်း ရှိခဲ့ပြီ။ တဆင့်ခံဆွေးနွေးတာတွေရော၊ ဆိုတော့…ဒီလိုမျိုး အဆင့်ဆင့် ဆွေးနွေးခဲ့ကြတဲ့ကာလတွေလည်းများပြီ၊ အဆင့်တွေလည်း အများကြီးကျော်ခဲ့ပြီပေါ့နော်၊ ဆိုတော့ ကျန်နေသေးတဲ့ဥစ္စာကို အပြီးသတ်ဆွေးနွေးဖို့က ဘာကြောင့်များ ဒီလောက်အထိ အဆင်မပြေဘူးဖြစ်နေတာလဲခင်ဗျ။

ဗိုလ်ချုပ် ဂွမ်မော်။ ။ အဓိက-ကတော့ ကျနော်တို့ သြဂတ်စ်လအထိ ဆွေးနွေးပွဲတွေမှာတော့ တော်တော်လေးကောင်းမွန်တယ်လို့ ကျနော်တို့ နှစ်ဘက်က ယူဆတယ်။ သို့သော်လည်းပဲ စက်တင်ဘာလအစည်းအဝေးတွေမှာ အဓိက-ကတော့ ကျနော်တို့ လမ်းပြမြေပုံကိစ္စ ဆွေးနွေးတဲ့အခါမှာ အခက်အခဲဖြစ်ပါတယ်။ အခုလည်း လမ်းပြမြေပုံကိစ္စနဲ့ တချို့ တပ်ပိုင်းဆိုင်ရာကိစ္စတွေက ဆွေးနွေးဖို့ကျန်ပါသေးတယ်။ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာ ကိစ္စက ကျနော်တို့ UPWC နဲ့ ဆွေးနွေးသော်လည်း တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနဲ့ အသေးစိတ်ဆွေးနွေးတာမရှိသေးပါဘူး။ အဲဒီတော့ ဒါတွေ ကျန်နေတုန်းပါပဲ။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ခင်ဗျ။ အခုဆိုလို့ရှိရင် KIA နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေတဲ့ကြားမှာပဲ ကိုးကန့်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ KIA နဲ့ကလည်း ကြို့ကြားကြို့ကြား မကြာခနဖြစ်နေတယ်။ အခု ကိုးကန့်ဘက်မှာဖြစ်နေလို့သာ KIA ဘက်မှာ တိုက်ပွဲတွေ နည်းနည်းစဲသွားသလို ပုံစံမျိုးတောင်ဖြစ်နေသလားလို့ပါ။ ..ဆိုတော့ အခု တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အနှောင့်အယှက်များ ဖြစ်မနေဘူးလား။ အခု ကိုးကန့်နဲ့ဖြစ်နေတာဆိုလည်း MNDAA ဆိုတာကလည်း တိုင်းရင်းသားမဟာမိတ် တပ်ပေါင်းစုထဲမှာ ပါနေတဲ့အဖွဲ့အစည်းတခုဖြစ်နေတော့ အရင်တုန်းကလည်း လိုင်ဇာဆွေးနွေးပွဲမှာလည်း တိုင်းရင်းသားခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ကြတာက တဖွဲ့ကို တိုက်လို့ရှိရင် ကျန်တဲ့မဟာမိတ်တွေအားလုံးကို တိုက်တာနဲ့အတူတူပဲလို့ လက်ခံယူဆတယ်။ အဲဒါကြောင့် အားလုံးတညီတညွတ်တည်း သွားကြမယ်ဆိုတဲ့ မူဘောင်ကို ချမှတ်ခဲ့ကြတာပဲမဟုတ်လား။ …ဆိုတော့ အခုလိုမျိုးဖြစ်နေတဲ့ကိစ္စမှာရော…

ဗိုလ်ချုပ် ဂွမ်မော်။ ။ ဟုတ်တယ်၊ တိုက်ပွဲတွေကတော့ ဆွေးနွေးရေးကို အနှောင့်အယှက်ပေးတာ အမှန်ပါပဲ။ အဲဒီတော့ ကျနော်တို့က တိုက်ပွဲတွေ လျှော့ချရေးလို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမယ့် အခုထက်ထိ မအောင်မြင်သေးဘူးပေါ့လေ၊ ဒါကတော့ နှစ်ဘက်စလုံးမှာ အားနည်းချက်တွေ ရှိပါတယ်။ နောက်တခု ကိုးကန့်ကိစ္စကတော့ ကျနော်တို့အခု တိုက်ပွဲတွေဖြစ်လာမှ ပြောနေတာတော့ မဟုတ်ပါဘူး။ ၂၀၁၃ ကျနော်တို့ KIO ကိုယ်စားလှယ်အဖွဲ့နဲ့ UPWC တို့ရဲ့ဆွေးနွေးပွဲတွေမှာလည်း ကျနော်တို့ တင်ပြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ NCCT member တဦးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆွေးနွေးရေးလမ်းကြောင်းပေါ်မှာ သူတို့ကိုလည်း တရားဝင် ဆွေးနွေးပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။ အခုကတော့ တိုက်ပွဲတွေကိစ္စမှာ အဟန့်အတားတွေတော့ ရှိတယ်။ သို့သော်လည်းပဲ ကျနော်တို့အမြင်ကတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ အခု ရင်ဆိုင်နေရတဲ့အခက်အခဲတွေအကုန်လုံးကို ဆွေးနွေးရေးဆိုတဲ့လမ်းကြောင်းပေါ်ကနေပဲ သွားသင့်တယ်လို့ ကျနော်တို့က မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ အခု ကိုးကန့်တိုက်ပွဲမှာလည်း တခြား ကိုးကန့်ရဲ့မဟာမိတ်တပ်ဖွဲ့တွေက ဝင်တိုက်နေတယ်၊ KIA လည်း ဝင်ပြီးတော့ တိုက်ပေးနေတယ် ဆိုပြီး မြန်မာအစိုးရဘက်က ပြောနေတာတွေ ရှိပါတယ်။ အဲဒါကော ဟုတ်ပါသလားခင်ဗျ။ လက်နက်အရကူညီတာတို့၊ လူအင်အားနဲ့ အအကူအညီ ပေးတာတို့ KIA ဘက်ကလုပ်နေတယ်ဆိုတာကော ဟုတ်ပါသလား။

ဗိုလ်ချုပ် ဂွမ်မော်။ ။ အစိုးရကပြောနေတာသည် ကိုးကန့်တိုက်ပွဲတွေမှာ ကျနော်တို့ KIA က ပါဝင်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ အဲဒါ သူတို့ကလည်း အလောတကြီး ဘယ်လိုအထောက်အထားတွေနဲ့သုံးသပ်သလဲဆိုတာ ကျနော်တို့ သေချာ မသိရပါဘူး။

KIA ကချင်လွတ်မြောက်ရေးအဖွဲ့က ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မောက်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG