သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နည်းပညာအကြံပေးရုံးဖွင့်ဖို့ KIO အဖွဲ့ မြစ်ကြီးနားရောက်


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ မြစ်ကြီးနားကို ရောက်ရှိလာစဉ် (၁၈ မေ ၂၀၁၃)
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ မြစ်ကြီးနားကို ရောက်ရှိလာစဉ် (၁၈ မေ ၂၀၁၃)
ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ်တွေ ပိုမိုချောမွေ့ အဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ Technical Team ခေါ် နည်းပညာအကြံပေးအဖွဲ့ဝင် ၄ ဦးဟာ မြစ်ကြီးနားကို ရောက်ရှိလာပြီး ဒီလ ၂၀ ရက်နေ့မှာ လုပ်ငန်းတွေ စတင် အကောင်အထည်ဖော်မယ်လို့ နည်းပညာ အကြံပေးအဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ နည်းပညာအကြံပေးအဖွဲ့အတွင်းမှာ အရပ်သား အသိပညာရှင်၊ အတတ်ပညာရှင်တွေကို ပါဝင်ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

KIOအဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ မေလကုန်ပိုင်းက မြစ်ကြီးနားမှာ တွေ့ဆုံစဉ် KIO ကိုယ်စားလှယ်တွေပါဝင်တဲ့ Technical Team ခေါ် နည်းပညာအကြံပေးအဖွဲ့ကို ဖွဲ့စည်းပြီး မြစ်ကြီးနားမှာ ထားရှိဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ နည်းပညာအကြံပေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ KIO ကိုယ်စားလှယ် ၄ ဦးပါဝင်တဲ့အဖွဲ့ဟာ မနေ့ညနေပိုင်းက မြစ်ကြီးနားမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

အဖွဲ့ရုံးကိုတော့ ၂၀ ရက်နေ့မှာ ဖွင့်နိုင်ဖို့ ရည်ရွယ်ထားပြီး လောလောဆယ်မှာ အရပ်သား အသိပညာရှင်၊ အတတ်ပညာရှင်တွေကို ပါဝင်ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာ ဒေါင်ခါး က ပြောပါတယ်။

“တကယ်တမ်း ရုံးဖွင့်နိုင်ဖို့ လျာထားတာက ဒီလ ၂၀ ရက်နေ့ပေါ့ အဲ့လို လျာထားပါတယ်။ ဒီကြားထဲမှာက ဒီ office setting ပေ့ါ ရုံးနဲ့ပတ်သက်တဲ့ဟာ တခြားညှိနှိုင်းမယ့်ဟာတွေ ဒါတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့ ကြိုတင်ရောက်လာခြင်း ဖြစ်တယ်။ Technical Team လို့ ဖြစ်ပေမဲ့ ဒါက KIO ဘက်ကနေပဲ သီးသန့်ဖွဲ့ထားတဲ့ဟာ ဖြစ်သေးတယ်။ အခု အရပ်ဘက်က အဖွဲ့အစည်းတွေပါတဲ့ နည်းနည်း စင်းလုံးချောဖြစ်တဲ့ Technical Team ပေ့ါနော် ဒီကြားထဲမှာ လုပ်ဖို့ဖြစ်တယ်။”

နည်းပညာ အကြံပေးအဖွဲ့မှာ ပါဝင်တဲ့ KIO ကိုယ်စားလှယ်တွေကတော့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဂေါ်လူလအောင်၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဗိုလ်မှူးကြီး ဆင်ဝါး နဲ့ ဆရာ ဒေါင်ခါး တို့ ဖြစ်ပါတယ်။ အရပ်သား အသိပညာရှင် အတတ်ပညာရှင်တွေထဲကတော့ ဘယ်သူတွေ ပါဝင်တယ်။ ဘယ်နှစ်ယောက် ရွေးချယ်မယ်ဆိုတာတော့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။

အရပ်သား ပညာရှင်တွေ ပါဝင်ဖွဲ့စည်းပြီးတဲ့နောက် နည်းပညာ အကြံပေးအဖွဲ့က ဆက်လက် ဆောင်ရွက်သွားမှာတွေကိုတော့ ဆရာ ဒေါင်ခါး က အခုလို ဆက်ပြောပါတယ်။

“အစိုးရနဲ့ သဘောတူညီထားတဲ့ ၇ ချက်အပေါ်မှာ အကောင်အထည် ဖော်နိုင်ဖို့အတွက် KIO ဘက်ကနေ ပြင်ဆင်မယ့်ဟာတွေကို ကျနော်တို့ ကြိုတင်ပြင်ဆင်နိုင်ဖို့ရယ်၊ အစိုးရဘက်ကနေ ဖွဲ့စည်းထားတဲ့ Technical Team ပေါ့ ဒါမှမဟုတ် ဒီဘက် ညှိနှိုင်းရေးအဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းနိုင်ဖို့ရယ် အောက်ခြေအဆင့် အချက်အလက် ညှိနှိုင်းနိုင်ဖို့အတွက်ပေါ့ ဒါကို ပိုပြီးတော့ အဓိကထားသွားမှာပါ။”

မေလဆွေးနွေးပွဲမှာ KIO နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက် ဆောင်ရွက်ဖို့၊ တိုက်ခိုက်တာတွေ လျှော့ချပြီး တိုက်ပွဲတွေ ဆက်မဖြစ်စေဖို့၊ နှစ်ဘက် ကိုယ်စားလှယ်တွေပါတဲ့ စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့၊ စစ်ပြေးဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့နဲ့ တပ်နေရာ ချထားရေးကို ညှိနှိုင်းဆောင်ရွက်ဖို့ ဆိုတဲ့အချက်တွေ သဘောတူ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

KIO ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းတဲ့ Technical team ခေါ် နည်းပညာ အကြံပေးအဖွဲ့ဟာ အစိုးရရဲ့ ကိုယ်စားလှယ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ပါဝင်တဲ့ အကြံပေးအဖွဲ့နဲ့ လုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ KIO ကိုယ်စားလှယ်တွေ ပါဝင်တဲ့ နည်းပညာ အကြံပေးအဖွဲ့ရုံးကို မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်က အရင် KIO ဆက်ဆံရေးရုံးမှာပဲ ဆက်လက် ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

KIO နဲ့ အစိုးရတပ်တွေအကြား ပြန်လည် ဖြစ်ပွားခဲ့တဲ့ နှစ်နှစ်ကျော်ကြာ စစ်ပွဲကာလအတွင်းမှာ ဒုက္ခသည် ၁ သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ပြီးခဲ့တဲ့ မေလက နှစ်ဘက် ဆွေးနွေးပွဲပြီးတဲ့နောက် ဇွန်လလယ်မှာတော့ ကုလသမဂ္ဂ က တရုတ်-မြန်မာနယ်စပ်က မိုင်ဂျာယန်စခန်းကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ခဲ့ပါတယ်။
XS
SM
MD
LG