သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်လှည့်စည်းရုံးရေးကိစ္စ KNPP နဲ့ ပြည်နယ်အစိုးရဆွေးနွေး


၂၀၁၄ ခုနှစ်ဆန်းပိုင်းက ကရင်ပြည်နယ်အတွင်း ကျင်းပခဲ့တဲ့ KNPP ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ အစည်းအဝေးမှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ-Lachid Kachin)
၂၀၁၄ ခုနှစ်ဆန်းပိုင်းက ကရင်ပြည်နယ်အတွင်း ကျင်းပခဲ့တဲ့ KNPP ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ အစည်းအဝေးမှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ-Lachid Kachin)

ကယားပြည်နယ်က အပစ်အခတ်ရပ်စဲရေးအဖွဲ့တခုဖြစ်တဲ့ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက လက်နက်ကိုင်ပြီးတော့ နယ်လှည့်စည်းရုံးရေး ဆင်းတဲ့အခြေအနေကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေဖြစ်ခဲ့ပြီးတော့ ဒီကိစ္စကို KNPP နဲ့ ကယားပြည်နယ်အစိုးရတို့ တွေ့ဆုံဖြေရှင်းနေကြပါတယ်။ KNPP ဘက်က ဒါဟာ သူတို့လုပ်ရိုးလုပ်စဉ် သွားလာတာဖြစ်ပေမယ့် အစိုးရဘက်ကတော့ လက်နက်ကိုင်သွားလာမှုကို ကန့်သတ်လိုတဲ့သဘောရှိပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် က သတင်းပို့ထားပါတယ်။

မြန်မာအစိုးရနဲ့အပစ်ခတ်ရပ်စဲထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့အနေနဲ့ ကယားပြည်နယ်၊ ရှားတော မြို့နယ်အတွင်း နယ်လှည့် စည်းရုံးရေးဆင်းဖို့ ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ဆွေးနွေးခဲ့ရာမှာ အောက်ခြေအပိုင်း ညှိနှိုင်းမှု သဘောတူအချက်တွေရရှိခဲ့ပေမဲ့လည်း ခရီးစဉ်ကိစ္စကိုတော့ ကကကြည်းကို တင်ပြသွားရမယ်လို့ ပြည်နယ်အစိုးရကပြောဆိုခဲ့ကြောင်း KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

“သူတို့ ပထမဦးက ကျနော်တို့ညှိတာက အဲဒီ State ….ဘက်ကတော့ သူတို့ သဘောတူလိုက်ပြီ။ အဲဒါ ကျတော့ သဘောတူလိုက်ပြီ။ နှစ်ချက်ပေါ့- စည်းရုံးရေးခရီးစဉ်ကျတော့ သူတို့က အပေါ်ကိုတင်အုံးမယ်ပေါ့။ တကယ်လို့ သူတို့က အမှန်အားဖြင့်- ဒီက စည်းရုံးရေးသွားမယ်ဆိုရင်လည်း သူတို့ရဲ့ရဲတွေ၊ နောက်ပြီးမှ သူတို့ရဲ့ဆေးဝန်ထမ်းတွေပေါ့- အဲဒါပါ လိုက်ပါချင်တယ်လို့ သူတို့ဘက်က ပြန်ပြီး propose လုပ်တယ်။ သွားခွင့်ရှိမရှိကတော့ သူတို့ ကကကြည်း - ကို သူတို့ပြန်ပြီးတော့ တင်ပြရအုံးမယ်ပေါ့။”

အထူးသဖြင့် KNPP တပ်ဖွဲ့ဝင်အင်အား၂ဝဝလောက်ဟာ လက်နက်အပြည့်အစုံနဲ့ ရှားတောမြို့နယ်အတွင်း လှည့်လည်စည်းရုံးရေးခရီးသွားရာမှာ အခက်ခဲဖြစ်နေတဲ့အခြေအနေကြောင့် အဖွဲ့ခွဲပြီးသွားနိုင်ဖို့ KNPP ဘက်က တောင်းဆိုခဲ့တယ်လို့လည်း ဦးအောင်ဆန်းမြင့်က အခုလိုပြောပါတယ်။

“KNPP ကတော့ အခုဟာ တောင်းဆိုထားတယ်လေ၊ တကယ်လို့ စစ်ကြောင်း အဲလိုမျိုး သွားလို့မရရင်တောင်မှ အုပ်စုနည်းနည်းခွဲပြီးသွားလိုက်မယ်ပေါ့။ သူတို့ အကြောင်းပြတာက လုံခြုံရေးအင်အားများတယ်ပေါ့။ စစ်ကြောင်းမှာ။ လုံခြုံရေးအင်အားများတယ်ဆိုတော့ KNPP က အဲဒါ လုံခြုံရေးအင်အားကို ခွဲပြီးမှ သွားတဲ့ပုံစံမျိုးပေါ့။ ၃ ခုလောက် သွားမယ်ပေါ့။”

မေလ (၉) ရက်နေ့တုန်းက KNPPကိုယ်စားလှယ်တွေနဲ့ ကယားပြည်နယ်အစိုးရအဖွဲ့တို့ကနေ လွိုင်ကော်မြို့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဆွေးနွေးတင်ပြချက်တွေကို နောက်သီတင်းပတ်မှ အဆုံးအဖြတ်ပေးနိုင်မယ်လို့ယူဆကြောင်း KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ KNPP ရဲ့နယ်လှည့်စည်းရုံးရေးခရီးစဉ်အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့တချို့နဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုပါ တပါတည်း ထည့်သွားပေးဖို့သဘောတူခဲ့ပေမဲ့ ခရီးစဉ်ကိစ္စကိုတော့ တပ်မတော် ကကကြည်းကနေ ခွင့်ပြုချက်ရမှ အကောင်အထည်ဖေါ်နိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလဆန်းတုန်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPဘက်က အင်အား၂၀၀ လောက်ဟာ လက်နက်ကိုင်ဆောင်ပြီး ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း နယ်လှည့်စည်းရုံးရေးဆောင်ရွက်ဖို့ သံလွင်မြစ် အနောက်ဘက်ကမ်းကို ဖြတ်ကူးလာခဲ့တဲ့အပေါ်မှာ ကယားပြည်နယ်အစိုးရ အဖွဲ့နဲ့ ဒေသခံမြန်မာစစ်တပ်ကနေ ခွင့်မပြုကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စစ်အင်အားနဲ့ စည်းရုံးရေးလုပ်ငန်းစဉ်လုပ်ဆောင်ရာမှာ စစ်ပွဲများထပ်မံ ဖြစ်ပွား လာမှာကို ဒေသခံပြည်သူတွေက စိုးရိမ်နေကြတယ်လို့လည်း မေလ (၆) ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

အစိုးရရဲ့ထုတ်ပြန်ချက်အပေါ် KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က အခုလိုပြောပါတယ်။

“အဲဒါကတော့ သူတို့တမင်တကာပြောတာဗျ။ ဘာလို့လဲဆိုလို့ရှိရင် အဲဒီ နယ်မြေတွေက KNPP က သွားနေကျနယ်မြေတွေပဲလေဗျာ။ ဒါပေမယ့် အခုက KNPP သွားတဲ့နေရာကို သူတို့က ကပ်လာတာလေ။ သူတို့ကပ်လာတာကို အဲဒါကို ရွာသားတွေက စိုးရိမ်တာ။ KNPP ကြောင့်မဟုတ်ဘူး။ သူတို့ကပ်လာလို့ စိုးရိမ် တာလေ။ ပြောင်းပြန်ဖြစ်နေတယ် propaganda က၊ နော၊”

ကယားပြည်နယ် ဒေသခံတွေအနေနဲ့ကတော့ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့အကြား စစ်ရေးတင်းမာမှု ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံ ကိုသဲရယ်ကပြောပါတယ်။

“KNPP တွေက သူတို့ရဲ့တပ်အနေနဲ့ ခရီးထွက်ပြီးတော့မှ ပြင်ဆင်တယ်ဆိုတဲ့ ဟာတွေကျ တနှစ်တကြိမ် သွားလေ့သွားထရှိတယ်လို့တော့ အဲလိုပြောပါ တယ်။ ဒီလို အစိုးရလည်း သူတို့လည်း လွန်ခဲ့တဲ့ဆယ်ရက်လောက်က တင်းမာနေတဲ့ အနေအထားမှာရှိနေတဲ့အခါကျတော့ ကျနော်က အစပေါ့နော်၊ ဒေသခံလူထုတွေ အတော်များများက အတော် စိုးရိမ်ကြတယ်။ ဒီလို ပြန်ပြီးတော့မှ တင်းမာနေမယ် ဆိုလို့ရှိရင်၊ ပြန်ပြီးတော့ ပစ်ခတ်ကြမယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုအနေနဲ့ အများကြီး ထိခိုက်နစ်နာမှု ရှိလာနိုင်တယ်ပေါ့နော်။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာ ၂၀၁၂ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် KNPP က တာဝန်ရှိသူတွေဟာ ကယားပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို နယ်လှည့်ရှင်းလင်းရာမှာတော့ လွတ်လပ်စွာသွားလာခွင့်ရှိနေရာကနေ အခုလို တားမြစ်ပိတ်ပင်ခြင်း ခံခဲ့ ရတာလည်းဖြစ်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPဟာ တိုင်းရင်းသားတပ်ပေါင်းစုဖြစ်တဲ့ UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

XS
SM
MD
LG