မြန်မာအစိုးရတပ်နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့တွေကြား ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ပြည်ထောင်စုအဆင့် နှစ်ဦးနှစ်ဘက် သဘောတူညီချက်တွေကို အစိုးရတပ်ဘက်က အတိအကျ လိုက်နာမှုမရှိတာကြောင့် ခုလို တိုက်ပွဲ ဖြစ်လာ ရတာလို့ KNPP ခေါင်းဆောင်တဦးက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုံစမ်း တင်ပြပေးထားပါတယ်။
ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ရွာတောင်ဘက်နားက ကျေးရွာမှာ အစိုးရတပ် (၄၂၈) နဲ့ KNPP တပ်ဖွဲ့တွေကြား အောက်တိုဘာ ၂၀ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KNPP ဒုဥက္ကဋ္ဌ ခူဦးရယ်က VOA ကိုအတည်ပြုပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူက ခုလိုရှင်းပြပါတယ်။
ခူးဦးရယ် ။ ။ သတင်းအရကတော့ ဖားဆောင်းမြို့နယ် နန်းရှေ့နားတ၀ိုက်မှာဖြစ်တယ်လို့တော့ သတင်းရ ပါတယ်။ တပ်နဲ့ကျနော်တို့ကြားမှာတော့ အခြေခံအားဖြင့်တော့ bilateral agreement သဘောအရတော့ ကျနော်တို့ပြောကြတာကတော့ တပ်ရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ကတော့ ၂ ဘက်တပ်ဖွဲ့ သွားမယ်လာမယ် ဆိုရင် ၃ ရက်ကြိုတင်သတင်းပေး အကြောင်းကြားပြီးတော့ သွားလာတာမျိုးတွေ လုပ်ဖို့ပြုဖို့ဆိုတဲ့ ဟာမျိုးတွေ ကတော့ ၂၀၁၂ ကတည်းက ကျင့်သုံးလာတာပဲပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ တပ်မတော်ဘက်ကတော့ ဒီလို သွားတာလာတာနဲ့ ပတ်သက်ပြီး အမြဲသတင်းပေးပို့တာမျိုး၊ အကြောင်းကြားတာမျိုးတွေ၊ ညှိနှိုင်းဆောင်ရွက်တာ မျိုးတွေ အရမ်းနည်းပါလာပါတယ်။
ဉာဏ်ဝင်းအောင် ။ ။ မြန်မာအစိုးရတပ်ဘက်က လိုက်နာဆောင်ရွက်ခြင်း၊ သိပ်မရှိဘူးဆိုတဲ့ အဓိပ္ပါယ်လားခင်ဗျ။
ခူးဦးရယ် ။ ။ ဒီလိုသဘောပဲ ပြောရမှာပဲဖြစ်ပါတယ်။ ကျနော်တို့ကတော့ bilateral agreement ရှိထားတာ ပေါ့။ ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့်ဆိုပြီးတော့ပေါ့နော်။ ကျနော်တို့ ပြည်ထောင်စုအဆင့်မှာ သဘောတူညီချက် ၂ ကြိမ်လုပ်တာရှိပါတယ်။ NCA ကတော့ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်နေဆဲ ပေါ့နော်။ ကျနော်တို့ကလည်း အဲဒီလမ်းကြောင်းပဲသွားမယ်ဆိုပြီးတော့ ညှိနှိုင်းဆွေးနွေးနေဆဲပါ။ အထူးသဖြင့်ကတော့ bilateral agreement တွေကို ကျနော်တို့ အကောင်အထည်ဖော်တဲ့အခါ မှာတော့ လစ်ဟာချက်၊ အားနည်း ချက်လေးတွေရှိတာကိုတော့ ဘယ်လိုအကောင်အထည်ဖော်ကြမယ် ဆိုတာကတော့ ပိုအခရာကျတယ်လို့ ထင်တာပေါ့ နောက်တခုက ကျနော်တို့ ၂ ဘက်ကြားထဲမှာ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုက ပိုပြီးတော့ အရေးကြီးတယ်လို့ ကျနော်တို့ထင်တာပေါ့။ ဒီဟာတွေကို အသားကျအောင် ကျနော်တို့က ပထမဆောင်ရွက်လို တာပါ။
ဉာဏ်ဝင်းအောင် ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီတော့ ကျနော်တို့ ကယားပြည်နယ်ထဲမှာ အစိုးရတပ်တွေက အခုချိန်မှာ တိုးချနေတုန်းပဲလား၊ ဘယ်လိုအနေအထားတွေ တွေ့နေရသလဲ။
ခူးဦးရယ် ။ ။ ဟုတ်ကဲ့ ဒီတစ်ပတ် နှစ်ပတ်ထဲမှာတော့ ပိုပြီးတော့နည်းနည်းထူးထူးခြားခြားဖြစ်တာပေါ့နော်၊ ပုံမှန်အားဖြင့်တော့ ဒီမှာနေတဲ့ ဒေသခံတပ်တွေကတော့ သပ်သပ်ပေါ့နော်။ အဲဒါကတော့ ကျနော်တို့ ဒစခ လက်အောက်မှာရှိပါတယ်။ နောက်ပြီးတော့ တခါကျနော်တို့ ရှမ်းပြည်နယ်က ဧည့်သည်တပ်လို့ ကျနော်တို့ ပြောတဲ့ ၅၅ လက်အောက်ခံတပ်တွေကတော့ သူတို့ တပ်အပြောင်းအလဲတွေက ပုံမှန်လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတခေါက်ကတော့ တပ်အပြောင်းအလဲလုပ်တယ်လို့ ပြောနေသော်လည်း အဟောင်းတွေကတော့ ပြန်ထွက်သွားတာမျိုးတွေမရှိဘူး။ နောက်ပြီးတော့ အင်အားတွေ ဖြည့်တင်းပြီးတော့ တခြားဒေသကိုလည်း အင်အားဖြည့်နေတာမျိုးတွေ ကျနော်တို့တွေ့ရတယ်။ အထူးသဖြင့်ကတော့ ဖားဆောင်းမြို့နယ်ထဲက မော်ချီး ဒေသဘက်မှာ အင်အားဖြည့်နေတာမျိုးတွေ ကျနော်တို့တွေ့ရတယ်။ ကျန်တဲ့ ကယားဒေသထဲမှာပဲ ကျနော်တို့ အမှတ် ၁၄ တန်းမြှင့်စစ်သင်တန်းကျောင်းဆိုတာရှိပါတယ်။ အဲဒီစစ်သင်တန်းကျောင်းမှာလဲ တပ်မ ၅၅ အပါ အ၀င် တပ်မ ၈၈ လက်အောက်ခံတပ်တချို့တွေ လူအင်အား ၁ ထောင်ကျော် ၂ ထောင် ၀န်းကျင်လောက် အခြေခံစစ်သင်တန်းတွေ မွမ်းမံသင်တန်းတွေ တက်နေတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ရပါတယ်။ ဒါက လည်း လွန်ခဲ့တဲ့ အပတ်ကတည်းက စပြီးဖြစ်ပေါ်နေတာ ဒီနေ့အထိပေါ့။
ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်လို့ တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတွေကို မေးမြန်းဖို့ ဆက် သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။ ကယားပြည်နယ်တွင်း အခုလို တကြော့ပြန်တိုက်ပွဲတွေကြောင့် ဖရူဆို၊ ရှားတောနဲ့ သံလွင်မြစ် အရှေ့ဘက်ခြမ်းဒေသတွေမှာပါ တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို KNPP ဘက်က စိုးရိမ်နေပါတယ်။ KNPP ရဲ့ လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံကတော့ ဒီကနေ့ဖြစ်တဲ့ တိုက်ပွဲဟာ တပ်မတော် ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာက ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ တိုင်းရင်းသားမီဒီယာတခုကို ဖြေကြားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ (၁၅)ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်သားလက်နက်ကိုင် EAO အဖွဲ့တွေတက်ရောက်တဲ့ နေပြည်တော်က ငြိမ်းချမ်းရေးထိပ်သီး ဆွေးနွေးပွဲမှာ အဓိကအချက် ၅ ချက် သဘော တူညီချက်ရခဲ့ပေမယ့် ခွဲမထွက်ဘူးဆိုတဲ့ ကတိစကားမရပဲနဲ့ ပြည်နယ်ဆိုင်ရာ ဖွဲ့စည်းပုံကိစ္စနဲ့ ကိုယ်ပိုင်ပြဌာန်း မှုတွေကို အစိုးရတပ်ဘက်က လိုက်လျောဖို့ ဆန္ဒမရှိဘူးလို့ အဲဒီဆွေးနွေးပွဲတက်ခဲ့တဲ့ တိုင်းရင်သား ခေါင်းဆောင်တွေက ပြောပါတယ်။