သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားသုံးဆူ KNU မိုင်းလုပ်ကွက်တွေရှိရာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် 


ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ဂိတ်။ (ဓာတ်ပုံ-CJ)
ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ဂိတ်။ (ဓာတ်ပုံ-CJ)

[[Zawgyi/Unicode]]

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားဆူမြို့ KNU တပ်မဟာ ၆ နယ်မြေထိန်းချုပ်ထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများရှိရာ မိုင်းလုပ်ကွက်တွေကို မြန်မာစစ်ကောင်စီက နိုဝင်ဘာလ ၂၁ ရက် မနေ့ည ၁၂ နာရီကျော်ကနေ ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက် မနက်အစောကြီးအချိန်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်သေဆုံးမှု အခြေအနေတော့ သေချာမသိရသေးဘဲ တိုက်ခိုက်မှုတွေကြောင့် နေ့ရောညပါ ကျောက်လှိုင်ဂူတွေထဲမှာ ပုန်းခိုနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသက ကေအန်ယူရဲ့သတ္တုတူးဖော်ရေး လုပ်ငန်းများရှိရာ နေရာကို ဒုတိယအကြိမ် စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ အခုလေကြောင်းကနေတိုက်ခိုက်ခဲ့တာကတော့ ဇီးပင်တောင်ထိပ် သဗြုမိုင်းလုပ်ကွက် (၂) ဘက်မှာဖြစ်ကြောင်း ဒေသခံအလုပ်သမားတွေဟာ နေ့ဘက်မှာလည်း သတိထားနေထိုင်နေသလို ညဘက်မှာတော့ ကျောက်လှိုင်ဂူတွေထဲမှာ ပုန်းအောင်းအိပ်စက်နေထိုင်နေရတယ်လို့ ဒေသခံတဦးကပြောပြပါတယ်။

“ဗုံးကြဲတာတော့သေချာတယ်။ ည ၁၂ နာရီကျော်အချိန်မှာ ကြဲတာပါ။ မိုင်းကိုကြဲတာပါ။ အမှတ် (၂) မိုင်းကွင်းကိုကြဲတာပါ။ နည်းနည်းလှမ်းတော့ အဆက်အသွယ်လည်း မရသေးဘူး။ အခုဟာက မယ့်ကသာကလူတွေက ဘုရားသုံးဆူကိုရှောင်ကြတယ်။ ဘုရားသုံးဆူကလူတွေက ရှမ်းကုန်းကိုရှောင်ကြတယ်။ အဲဒီ မယ့်ကသာကလူတွေအကုန်လုံးက ဂူထဲမှာပဲပုန်းနေကြရတယ်။ အဲဒီ မယ့်ကသာမှာက ဂူတွေအများကြီးရှိတယ်။ များသောအားဖြင့်ကတော့ ကျောက်ဂူမှာပဲနေကြတယ်။ နေ့ကော ညကော နေကြတယ်။ ဟင်းချက်စားတာကော ကျောက်ဂူမှာပဲနေကြတယ်။ သူတို့တက်လို့ရှိရင် ဘုရားသုံးဆူနဲ့ဆို အရှေ့တောင်တိုင်းစစ်ဌာချုပ်က မိနစ် ၂၀ လောက်မောင်းရင်ရပြီ။”

ဒီနေ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့တော့ အသေအဆုံး အထိအခိုက်စာရင်းကို အတည်ပြုလို့မရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကတော့ မိုင်းကွင်းအမှတ် (၆) ထဲကို လေကြောင်းကနေ မနက်အစောကြီးတိုက်ခိုက်တာကြောင့် သတ္တုတူးဖော်ရေးလုပ်ငန်းမှာရှိနေတဲ့ တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့သလို မြန်မာအလုပ်သမား ၄ ဦးလောက်လည်း ဒဏ်ရာတွေပြင်းထန်ပြီး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ အခုဆိုရင် အဲဒီဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်းပြောပြပါတယ်။

“အခုကတိုက်ပွဲကအရမ်းစိတ်နေတယ်။ ရှမ်းရွာဘက်မှာဖြစ်တာက စစ်ကောင်စီနဲ့ KNLA PDF တွေ တိုက်ပွဲတွေ အရမ်းဖြစ်ကြတယ်။ တနေ့လုံးဖြစ်ကြတယ်။ လေယာဉ်တွေနဲ့ကြဲချတာတွေလည်း လုပ်တယ်။ တော်တော်ဖြစ်ကြတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၆) ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကိုတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီသတ္တုမိုင်းကို လုံခြုံရေးအရ တိုက်ခိုက်ခဲ့တာဆိုပြီး ပြောပါတယ်။ ဒီနေ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]









XS
SM
MD
LG