သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအန်ယူ ပထမဦးဆုံး ဆက်ဆံရေးရုံး ကျောက်ကြီးမှာ ဖွင့်


ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နှင့် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန် (ညာ) ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ စကားပြောနေပုံ
ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နှင့် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန် (ညာ) ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ စကားပြောနေပုံ

ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ဒီကနေ့ဘဲ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု ရပြီး နောက်ပိုင်း ပထမဆုံး ဖွင့်တဲ့ ဆက်ဆံရေးရုံး ဖြစ်ပါတယ်။ ဒီရုံးကနေ စစ်ရေး ပဋိပက္ခတွေ ဖြေရှင်းဖို့ နောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ရွာပုန်းရွာရှောင် ကရင်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင် မယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။

မြန်မာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ရန်ကုန်ကို ရောက်ရှိလာတဲ့ ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ပဲခူးတိုင်း ညောင်လေးပင် ခရိုင် အတွင်းက ကျောက်ကြီး မြို့နယ်မှာ ပထမဆုံး ဆက်ဆံရေးရုံးကို တနလာၤနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် သွားရောက်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆက်ဆံရေးရုံးကို ကေအန်ယူ တပ်မဟာ ၃ က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ နော်မေဦး ကပြောပါတယ်။

“ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ ဆက်ဆံရေး ရုံးပေါ့နော်။ ကေအန်ယူ နဲ့ မြန်မာ အစိုးရ ဆက်ဆံရေး ရုံးကို ကျမတို့ သွားပြီး ဖွင့်လှစ်တာ ဖြစ်ပါတယ်။ နောက် ခရီးစဉ် တစ်ခုကတော့ ပြည်တွင်း ဌာနေမဲ့ ပြည်သူ လူထုများ နေရပ်ဒေသ ကို သွားဖို့ပေါ့လေ။ ဒီကျောက်ကြီး သုံးနာရီ အကွာအဝေး မူပယ် ဆိုတဲ့ နေရာ ကို သွားဖို့ ကျမတို့ အစီအစဉ် ရှိပါတယ်။ ပြည်တွင်း ဌာနေမဲ့ ပြည်သူ လူထုတွေ ရဲ့ အခြေအနေနဲ့ အဲဒီမှာ လူမှုရေး ရုံးတစ်ရုံး ဖွင့်ဖို့ အတွက် ဖြစ်ပါတယ်။”

ဧပြီလ ၇ရက်နေ့က မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု နောက်ပိုင်း ဖွင့်လှစ်တဲ့ ဒီဆက်ဆံရေးရုံး တွေကနေ ကနေ ပဲခူးတိုင်းအတွင်း စစ်ရှောင်နေရတဲ့ ရွာပုန်းရွာရှောင် ကရင် ပြည်သူတွေ ထဲက လူဦးရေ ၂ ထောင်လောက်ကို အစဦး လုပ်ငန်းအနေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ မြန်မာ အစိုးရနဲ့ ကေအန်ယူ တပ်စခန်းတွေ ရှိနေတဲ့ ပဲခူးတိုင်း အတွင်းက ဒေသခံတွေ လူမှုဘ၀ လုံခြုံရေး အတွက် မိုင်းတွေ ရှင်းဖို့ ၊ စားနပ်ရိက္ခာလုံလောက်ဖို့ စတာတွေကို စမ်းသပ် လုပ်ဆောင် သွားမယ် လို့လည်း ဆိုပါတယ်။

“စစ်ရေးရာ နဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခတွေ တတ်နိုင်သမျှ မရှိအောင်လို့လေ မဖြစ်အောင်လို့ ပေါ့လေ၊ မဖြစ်အောင်လို့၊ စစ်ရေးရာဖက်မှာ အဲဒီ ကိစ္စတွေကို ကိုင်တွယ်ဖို့ အောက်ခြေ တပ်သားတွေ အထိ နားလည်မှု ပေးနိုင်အောင် လို့ ဆက်သွယ်ရေးတွေ ကောင်းမွန်လာအောင်လို့ ကျမတို့ လုပ်ဖို့ ရှိတယ်။ နောက်တစ်ခုက ကျတော့ ညောင်လေးပင် ခရိုင်၊ ကျောက်ကြီး ဒေသဘက်မှာ ကျတော့ ပြည်တွင်း ဌာနေမဲ့ ပြည်သူလူထု တွေ အများကြီးဘဲ ရှိတယ်။ အဲဒီ အနီးနား ပတ်ဝန်းကျင်တွေမှာ။ အဲဒီ လူထုတွေ အတွက်ကို လူထု၊ လူမှု ရေး အကူအညီတွေ ပေးနိုင်တဲ့ လုပ်ငန်းမျိုး တွေ လုပ်နိုင်ဖို့ အတွက်၊ ဒါ စစ်ဘေး စစ်ဒဏ် ခံနေရတဲ့ ပြည်သူလူထု တွေ ဖြစ်တယ်။ သူတို့ တွေကို ပြန်ပြီးတော့ သူတို့ ဘဝ ပြန်လည် ထူထောင် နိုင်ဖို့ လုပ်ငန်းတွေ ကို လုပ်နိုင်ဖို့ အတွက် ကို ဒီ ဆက်ဆံရေး ရုံးက နေပြီးတော့ ပူးတွဲ တာဝန် ယူသွားမှာ ဖြစ်ပါတယ်။”

မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် အရ ကေအန်ယူက ဆက်ဆံရေးရုံးတွေ ဆက်ပြီး ဖွင့်လှစ်သွားဖို့လည်း ရှိနေတာပါ။ ဒီလုပ်ငန်းစဉ်တွေက အပစ်အခတ် ရပ်ဆဲရေးသဘောတူညီချက် ဘယ်လောက် ထိရောက် အောင်မြင်သလဲ ဆိုတာကိုလည်း စမ်းသပ်လုပ်ဆောင်ကြည့်တာ ဖြစ်တယ်လို့လည်း နော်မေဦးက ပြောပါတယ်။

“အပစ်အခတ် ရပ်စဲရေး ကာလမှာ အပစ်အခတ် ရပ်စဲရေး ဘယ်လောက် အထိ အနှစ်သာရ ဟာ ဘယ်လောက် အထိ ဘယ်လောက် အထိ အကောင်အထည် ဖော်နိုင်သလဲ။ ပြည်သူအတွက် ဘယ်လောက် အထိ အနှစ်သာရ ရှိတဲ့ အပစ်အခတ် ရပ်စဲရေးမျိုး ဘယ်လောက် အထိ ဖြစ်သလဲ ဆိုတာကို ကျမတို့ စမ်းသပ်တဲ့ လုပ်ငန်း တစ်ခု ဘဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ ကျမ တို့ လုပ်စရာတွေ အများကြီး ရှိနေတာက မိုင်းရှင်း ဖို့ အတွက်၊ ပြည်သူလူထု ရဲ့ ဘဝ လုံခြုံမှု ရှိဖို့ အတွက်၊ စားနပ်ရိက္ခာ လုံခြုံမှု ရှိဖို့ အတွက် ဆိုတာက ဒီ အပစ်အခတ် ရပ်စဲရေးဟာ အပစ်အခတ် ရပ်စဲရေး ဟာ ဘယ်လောက် အထိ အာမခံ သလဲ ဆိုတာ စမ်းသပ်ဖို့ အတွက် လုပ်တဲ့ လုပ်ငန်းမျိုး ဖြစ်ပါတယ်။ လူဦးရေး နှစ်ထောင်လောက် ကိုဘဲ လောလောဆယ် မှာ ပထမဦး ဆုံး ပရောဂျက် (Project) အနေနဲ့ လုပ်ငန်း တစ်ခု အနေနဲ့ ကျမတို့ လျာထားတာ ဖြစ်ပါတယ်။”

မနက်ဖြန် အင်္ဂါနေ့မှာတော့ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ဟာ ပဲခူးတိုင်းဒေသကြီး အစိုးရနဲ့ ဆက်ဆံရေး ရုံးတွေ ကိစ္စ ဆွေးနွေးဖို့လည်း ရှိနေပါတယ်။

ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ အစိုးရရဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက်ကို ဧပြီလ ၇ ရက်နေ့က ရန်ကုန်မှာ ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံပြီး ကေအန်ယူကို မတရား အသင်းကြေညာထားတာကို ပြန်ရုပ်သိမ်းဖို့ ကေအန်ယူဘက်က တိုက်တွန်းခဲ့ပါတယ်။ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG