သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာနန်ကော်မရှင်အကြံပြုချက်အပေါ် ဦးဦးလှစောအမြင်


အာနန်ကော်မရှင်အကြံပြုချက် သတင်းစာရှင်းလင်းပွဲ
အာနန်ကော်မရှင်အကြံပြုချက် သတင်းစာရှင်းလင်းပွဲ

နှစ်ပေါင်းများစွာ မပြေမလည် ဖြစ်နေတဲ့ ရခိုင်အရေး ဖြေရှင်းဖို့ ဖြစ်နိုင်ခြေတွေကို ရခိုင် အကြံပေး ကော်မရှင်က ဒီကနေ့ အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်ပြီး မြန်မာနဲ့ နိုင်ငံတကာ အဖွဲ့ဝင်တွေ ပါဝင်တဲ့ ရခိုင်အရေး အကြံပေး ကော်မရှင်က မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးသင့်တဲ့ အချက် ၁၂ ချက်ကို အကြံပြုထားပါတယ်။ နိုင်ငံသားဖြစ်ခွင့်၊ ဒေသတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး အပါအဝင် အမုန်းစကားဖြန့်ဖြူးသူတွေကို အရေးယူဖို့ အကြံပြုချက်တွေ အပါအဝင် ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေ အပေါ် သဘောထားကို ရခိုင်အမျိုးသားပါတီက လွှတ်တော် အမတ် ဦးဦးလှစောကို မသိင်္ဂ ီထိုက်က ဆက်သွယ်မေးမြန်းတာမှာ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး သူက အခုလို စပြောပါတယ်။

ဦးဦးလှစော။ ။လောလောဆယ်မှာတော့ ကျနော်တို့ မြန်မာပြည်မှာ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီးတော့ ၁၉၈၂ ဥပဒေရှိပါတယ်။ ဥပဒေအောက်မှာပဲ ဒီဥပဒေ တိတိကျကျ ကျနော်တို့ ဘာမှ ကျော်လို့မရဘူး ၊ တရားဥပဒေဆိုတာ နိုင်ငံတော်အချုပ်အခြာရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ ဒီဥပဒေမှာ အားနည်းချက်ရှိကောင်းရှာမယ်၊ ကျနော်တို့ကတော့ ဥပဒေသမားမဟုတ်လို့တော့ မသိဘူး။ ဒါပေမယ့် လောလောဆယ်က ဒီဥပဒေက အခိုင်အမာရှိနေတဲ့ ဥပဒေပဲ။ ဥပဒေအောက်မှာပဲ ကျနော်တို့ နိုင်ငံသားဖြစ်မှုဆိုတာကို သွားရပါလိမ့်မယ် ဒါကတော့ သူတို့အနေနဲ့ အကြံပေးတာပဲ ဖြစ်ပါလိမ့်မယ်။

မသိင်္ဂ ီထိုက်။ ။ရဲတွေကို ဒေသခံလူမျိုးအချိုးအဆ အလိုက်ဖွဲ့စည်းသွားဖို့ ဆိုပြီးတော့ တိုက်တွန်းထားပါတယ် ဆိုတော့ လက်ရှိအနေအထားအရ သူတို့အဆိုပြုချက်က အလုပ်ဖြစ်လာနိုင်ပါသလားဆရာ။

ဦးဦးလှစော။ ။ဒေသခံလူမျိုးဆိုတာက ကျနော်တို့ပြောသလို ရခိုင်မှာ ရဲတွေက ရခိုင်ဖြစ်သင့်တယ် မျိုးနွယ်စုတွေဖြစ်သင့်တယ်။ တကယ်လို့ ဒီအထဲမှာ လူမျိုးအနေနဲ့ ဘင်္ဂလီတွေပါမယ်ဆိုရင်လည်း ကျနော်တို့ ကန့်ကွက်စရာမရှိဘူး။ ဒါပေမယ့် ဘင်္ဂလီတွေက ကျနော်တို့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကို လိုက်နာတဲ့ နိုင်ငံသားဖြစ်တဲ့ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအပေါ်မှာ သစ္စာရှိတဲ့ တကယ့်နိုင်ငံသားတွေ မည်သည့်လူမျိုးမဆို နိုင်ငံသားတွေကတော့ ဖြစ်သင့်ပါတယ်။

မသိင်္ဂ ီထိုက်။ ။အမုန်းစကားပွားတဲ့သူတွေကို အရေးယူဖို့ အစိုးရဘက်က ကျပ်ကျပ်မတ်မတ်လုပ်ဖို့၊ လူမှုရေးပိုင်းမှာ ပြေလည်စေဖို့အတွက်အရေးပါတယ်ဆိုပြီးတော့ တိုက်တွန်းသွားပါတယ်။ အမုန်းစကားပွားတဲ့သူတွေကို အရေးယူဖို့ဆိုတဲ့ ကိစ္စကရော အစိုးရဘက်က လိုက်လုပ်နိုင်ပါ့မလား၊ သူတို့ Recommendation က လက်တွေ့ကျနိုင်ပါသလား။

ဦးဦးလှစော။ ။အဲဒါက ကျနော်တို့ လုံးဝလက်ခံတယ်။ ကျနော်တို့ကတော့ အမုန်းစကားပွားတဲ့သူတွေကို လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒါဒေသရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေတယ် ၊ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးကို အများကြီးထိခိုက်တယ်လို့ မြင်တယ်။ တနည်းပြောလို့ရှိရင် အမုန်းစကားပွားတဲ့သူတွေကို Black Hands တွေရဲ့ အေးဂျင့်လုပ်တာပဲ ။ ဒီလူတွေကို ပြတ်ပြတ်သားသားဖော်ထုတ်အရေးယူရမယ်ဆိုတာ လက်ရှိ အစိုးရတာဝန်ပဲ အဲဒါကိုတော့ ကျနော် လက်ခံတယ်။ ဒီလူတွေဟာ ဥပဒေနဲ့ ဘယ်လိုမှကို နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၊ မည်သည့်ဘာသာ လူမျိုးဖြစ်စေ အဲလို အမုန်းစကားပွားတယ်ဆိုတာဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ Democratic transition ကို ဖျက်ဆီး လူပဲ။ ပြတ်ပြတ်သားသားအရေးယူရမယ် ဒါကိုတော့ အစိုးရတာဝန်ပဲ ကျနော်လက်ခံတယ်။

မသိင်္ဂ ီထိုက်။ ။ပြည်နည်အတွင်းမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအပေါ်မှာ အဖြေရှာဖို့အပေါ်မှာ ဆရာတို့ ဘယ်လောက်လိုလားချက်ရှိပါသလဲ။

ဦးဦးလှစော။ ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ရခိုင်ပြည်သူတွေနဲ့ ဟိုအရင်တုန်းကလည်း နေခဲ့ကြတယ်။ ဒါပေမယ့် လောလောဆယ်ဘာဖြစ်သလဲဆိုတော့ စိုးရိမ်မှုတွေ များနေတယ် အကြောက်တရားတွေများနေတဲ့ကာလတခုမှာငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ စကားလုံးကိုတော့ ကျနော်တို့က အဓိပ္ပါယ်ဖွင့်တဲ့အခါမှာ အမျိုးမျိုးနားလည်မှု လွဲနေတဲ့အပိုင်းရှိတယ်။

အဲဒီတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတာ ဘယ်လိုဟာလဲဆိုတာကို အစိုးရအနေနဲ့သော်လည်းကောင်း၊ ရခိုင်အဖွဲ့အစည်းတွေနဲ့ သော်လည်းကောင်း အရပ်ဘက် တခြား Interfaith တွေကသော်လည်းကောင်း ဒါကို လူထုသိအောင် awarenessလုပ်ပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတာကို ကြောက်တဲ့အတွက်ကြောင့် အတူတူမနေနိုင်ဘူးလို့ ပြောတဲ့လူတွေအများကြီးပဲ။ အတူမနေနိုင်ဘူးပြောရင် ရန်ဖြစ်ကြမလား ၊ တယောက်နဲ့ တယောက် အသေသတ်ကြမလားဆိုတာလည်းမဟုတ်ပြန်ဘူး။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ စကားလုံးကို လူထုသိအောင် awarenessလုပ်ပေးဖို့ဆိုတာမှာ ကျနော်တို့ လောလောဆယ် အစိုးရအနေနဲ့ အင်မတန် အားနည်းနေတယ်လို့ မြင်တယ် ။ ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေရော ၊ တခြား Moderate ဖြစ်တဲ့လူတွေရော ဒီဟာကို awarenessလုပ်ပေးဖို့လိုတယ်။ အဲလိုမလုပ်ပေးဘူးဆိုရင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ စကားလုံးကို တိတိကျကျ အဓိပါ္ပယ်မဖွင့်နိုင်ဘူးဆိုရင် ကျနော်တို့ ရှေ့ပိုင်းကဆွေးနွေးခဲ့တဲ့ Hate Speech တွေပေါ့ အမုန်းစကားပြောတာတွေနဲ့ ရောထွေးပြီးတော့ ပြဿနာ ပိုကြီးသွားတယ် အဲလိုမြင်ပါတယ်။ နောက်တခု အဓိက ကျနော်ပြဿနာ မြင်တာက မွတ်စလင်အသိုင်းအဝိုင်းက Stakeholders တွေက ဘယ်သူတွေလည်း ဒါကိုရော ဘယ်လို တုံ့ပြန်မလဲဆိုတာ အရေးကြီးပါတယ်။”

ရခိုင်အမျိုးသားပါတီ လွှတ်တော် အမတ် ဦးဦးလှစောကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG