သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင်ရဲ့ ရခိုင်ခရီးစဉ်အဆုံးသတ်


ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ Kofi Annan
ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ Kofi Annan

ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌအဖြစ် ရခိုင်ပြည်ကို ဒုတိယအကြိမ်ရောက်ရှိနေတဲ့ မစ္စတာကိုဖီအာနန်ဟာ ပဋိပက္ခဖြစ်ပွားရာ မောင်တောနဲ့ ဘူးသီးတောင် အပါအဝင် တခြား မြီု့တွေကို လေ့လာပြီးတဲ့နောက် ဒီကနေ့မှာပဲ သူ့ရဲ့ ရခိုင်ပြည် ခရီးစဉ် အဆုံး သတ်လိုက်ပါပြီ။ ၃ ရက်တာ သွားရောက်ခဲ့တဲ့ ရခိုင်ပြည်ခရီးစဉ်အတွင်း နိုင်ငံတကာ လုူ့အခွင့်အဖွဲ့တွေ ထောက်ပြနေကြသလို နှစ်ဖက် အသိုင်းအဝိုင်းကြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မတွေ့ခဲ့ရပါဘူးလို့ ကော်မရှင် အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေး ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ မြောက်ဦးနဲ့ မြေပုံမြို့တွေကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒီတစ်ခေါက် ရခိုင်ပြည်နယ် ခရီးစဉ်မှာတော့ စစ်တွေမြို့နဲ့ ပဋိပက္ခဖြစ်ပွားရာ ဘူးသီးတောင်နဲ့ မောင်တောတို့ကိုပါ သွားရောက်လေ့လာခဲ့တာပါ။ ဒီကနေ့မှာတော့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ပတ်သတ်လို့ မြေပုံမြို့မှာ အဓိက ဆွေးနွေးခဲ့သလို နှစ်ဖက် အသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံဖြစ်တယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီကနေ့ ကော်မရှင်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ ပတ်သတ်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်စောခင်တင့်က အခုလို ပြောပါတယ်။

“အခုအန်တီတို့ ခရီးစဉ်ကတော့ မြောက်ဦးနဲ့ မြေပုံရယ်ပေါ့နော်၊ မြောက်ဦးနဲ့ မြေပုံကိုသွားပါတယ်။ အဲဒီမှာလည်း တွေ့သင့်တဲ့လူတွေကိုတွေ့တယ်။ အထူးသဖြင့် မြေပုံမှာတော့ပေါ့နော် ၁၉၈၂ citizenship law နဲ့ ပတ်သက်ပြီးတော့ မြေပုံက တာဝန်ရှိ ပုဂ္ဂိုလ်တွေကို အစအဆုံး အကုန်လုံးသေသေချာချာရှင်းပြလိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီအပေါ်မှာလည်း ကော်မရှင်လုပ်တဲ့အပေါ်မှာလည်း အများကြီးအထောက်အကူပြုပါတယ်။သွားရတဲ့အခါမှာ အန်တီတို့ ကော်မရှင်ကလည်း အလေးအနက်ထားပြီးတော့ အကုန်လုံးလုပ်သွားမှာပါ။ ”

ကုသလမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်အဖွဲ့ဟာ ၃ ရက်တာ ရခိုင်ပြည်နယ်တွင်း လေ့လာမှုတွေ ပြီးတဲ့နောက် ဒီကနေ့ ညနေပိုင်းမှာပဲ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ကော တခြား အစိုးရ ထိပ်သိးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဒေါ်စောခင်တင့်က ပြောပါတယ်။

“နေပြည်တော်က တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ ၁ ခု ၂ ခု နဲ့တွေ့စရာရှိပါတယ် ဟိုရောက်ရင်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော ဘယ်ရက်လောက်တွေ့ဖို့ ရှိပါသလဲခင်ဗျ။

ဖြေ။ ။ တွေ့ဖို့ လည်း ပါပါတယ်ရှင့်။ ဒီနေ့မဟုတ်ရင် မနက်ဖြန်တွေ့မှာပေါ့နော်။”

ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းနဲ့ နိုဝင်ဘာလ နှောင်းပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး ကုသလမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အသိုင်းအဝိုင်းက ဝေဖန်နေကြတာပါ။ ဒါပေမဲ့လို့ ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်စောခင်တင့်ကတော့ သူတို့သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း နှစ်ဖက်အသိုင်းအဝိုင်းကြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်တာ မကြုံခဲ့ရဘူးလို့ ဆိုပါတယ်။

“အန်တီတို့က ၂ ဘက်စလုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေမတွေ့ခဲ့ပါဘူး။ ဒါတွေအကုန်လုံးလည်း မေးမြန်းစုံစမ်းလာပါပြီ။”

ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ အာနန်ကတော့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သတ်လို့ အားလုံး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ သောကြာနေ့က စစ်တွေမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံတော် အတိုင်ပင်ခံဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေနဲ့ ပတ်သတ်လို့ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုတွေဟာ ပြဿနာ ပိုမိုကြီးထွားစေတယ်လို့ စင်္ကာပူနိုင်ငံမှာ Channel News Asia နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG